Memorial of Beheading of John the Baptist, martyr.
2 Thess 3:6-18; Ps 128:1-5; 1 John 2:5; Matt 23:27-32
သက်သာလောနိတ်သြဝါဒစာဒုတိယစောင် အခန်းကြီး ၃ (2 Thess 3:6-18);
၆ တနည်းကား၊ ညီအစ်ကိုတို့၊ ငါတို့ထံ၌ ခံသော နည်းဥပဒေသအတိုင်း မကျင့်ဘဲ၊ မတရားစွာပြုသော ညီအစ်ကို ရှိသမျှတို့ကို ရှောင်ကြလော့ဟု ငါတို့သခင် ယေရှုခရစ်၏ နာမတော်အားဖြင့် ငါတို့သည် ပညတ်ထား ကြ၏။
၇ အကြောင်းမူကား၊ ငါတို့ပေးသောပုံသက်သေကိုလိုက်၍ သင်တို့သည် အဘယ်သို့ကျင့်ရမည်ဟု သင်တို့ ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့တွင် မတရားစွာပြုကြသည်မဟုတ်။
၈ အဘယ်သူ၏အစာကိုမျှ အလိုအလျောက်မစား။ သင်တို့တွင် တယောက်ကိုမျှ မနှောင့်ရှက်ခြင်းငှါ၊ ပင်ပန်းစွာ ကြိုးစားအားထုတ်၍ နေ့ညဉ့် မပြတ်လုပ်ဆောင်ကြ၏။
၉ ထိုသို့ပြုသော်လည်း၊ မခံမယူပိုင်သောကြောင့် ပြုသည်မဟုတ်။ သင်တို့လိုက်စရာဘို့ ပုံသက်သေဖြစ်စေခြင်းငှါ ပြုကြ၏။
၁၀ အဘယ်သို့နည်းဟူမူကား၊ သင်တို့နှင့်အတူ ရှိစဉ်အခါ၊ အလုပ်မလုပ်ချင်သော သူမည်သည်ကား၊ အစာကိုလည်း မစားစေနှင့်ဟု ပညတ်ထားကြပြီ။
၁၁ မတရားစွာပြု၍ အဘယ်အလုပ်ကိုမျှ မလုပ်ဘဲ၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူအချို့တို့သည် သင်တို့တွင်ရှိကြောင်းကို ငါတို့ကြားရကြ၏။
၁၂ ထိုသို့ သောသူတို့သည် ငြိမ်ဝပ်စွာလုပ်ဆောင်၍၊ ကိုယ်အစာကို စားမည်အကြောင်း၊ ငါတို့သခင် ယေရှုခရစ် အားဖြင့် ငါတို့သည် ပညတ်ထား၍၊ တိုက်တွန်းသွေးဆောင်ကြ၏။
၁၃ ညီအစ်ကိုတို့၊ အားလျော့စိတ်ပျက်ခြင်းမရှိဘဲ ကောင်းသောအကျင့်ကို ကျင့်ကြလော့။
၁၄ ဤစာ၌ ငါတို့ရေးထားသော ပညတ်စကားကို တစုံတယောက်သောသူသည် နားမထောင်ဘဲနေလျှင်၊ ထိုသူကိုမှတ်ကြလော့။ ရှက်ကြောက်စေခြင်းငှါ အပေါင်းအဘော်မလုပ်ကြနှင့်။
၁၅ သို့သော်လည်း၊ ရန်သူကဲ့သို့မမှတ်၊ ညီအစ်ကိုကဲ့သို့မှတ်၍ သတိပေးကြလော့။
၁၆ ငြိမ်သက်ခြင်း၏သခင်သည် ကိုယ်တော်တိုင် သင်တို့၌အစဉ်မပြတ် ခပ်သိမ်းသော အမှုအရာအားဖြင့် ငြိမ်သက်ခြင်းကို ပေးသနားတော်မူပါစေသော။ သခင်ဘုရားသည် သင်တို့အပေါင်း နှင့်အတူ ရှိတော်မူပါစေသော။
၁၇ ငါပေါလုသည် သင်တို့ကိုနှုတ်ဆက်ခြင်းအချက်ကို ကိုယ်လက်နှင့်ရေးထား၏။ ဤသို့ရေးထားလေ့ရှိ၍၊ ငါရေးသမျှသော သြဝါဒစာ၏ လက္ခဏာဖြစ်၏။
၁၈ ငါတို့သခင် ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။
ဆာလံကျမ်း အခန်းကြီး ၁၂၈ (Ps 128:1-5);
၁ ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းခရီးတော်သို့ လိုက်သွားသမျှသော သူတို့သည် မင်္ဂလာရှိကြ၏။
၂ ထိုသို့ပြုလျှင် သင်သည် မိမိလက်နှင့် လုပ်ဆောင်၍ရသော အစာကိုစားရလိမ့်မည်။ မင်္ဂလာရှိ၍ ကောင်းစား ရလိမ့်မည်။
၃ သင်၏မယားသည် သင့်အိမ်နားမှာ များစွာအသီးသီးသော စပျစ်နွယ်ပင်ကဲ့သို့၎င်း၊ သားသမီးတို့သည် သင့်စားပွဲ ပတ်လည်၌ စိုက်ပျိုးသော သံလွင်ပင်များ ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။
၄ ထာဝရဘုရားကို ကြောက်ရွံ့သော သူသည် ထိုသို့သော မင်္ဂလာရှိရလိမ့်မည်။
၅ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က ကောင်းကြီးပေးတော်မူ၍၊ ယေရုရှလင်မြို့ ခံရသော ကောင်းကျိုးကို တသက်လုံးမြင် ရလိမ့်မည်။
ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၂ (1 John 2:5);
၅ ထိုသခင်၏စကားတော်ကို နားထောင်သောသူမည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ ငါတို့သည် ထိုသခင်ရှိ ကြောင်းကို ထိုသို့အားဖြင့် သိရကြ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၃ (Matt 23:27-32);
၂၇ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အ မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူသုတ်သော သင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။
၂၈ ထိုအတူ သင်တို့သည် အပြင်၌လူတို့ရှေ့မှာ ဖြောင့်မတ်ဟန်ရှိ၏။ အတွင်း၌ကား လျှို့ဝှက်ခြင်း၊ မတရားသဖြင့်ကျင့်ခြင်းနှင့် ပြည့်လျက်ရှိ၏။
၂၉ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အ မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပရောဖက် မှစ၍ ဖြောင့်မတ်သောသူတို့၏ သင်္ချိုင်းတွင်းနှင့် အရိုးအိုးတို့ကို တည်လုပ်၍ တန်ဆာဆင်သဖြင့်၊
၃၀ ငါတို့သည် ဘိုးဘေးတို့လက်ထက်၌ရှိလျှင်၊ ပရောဖက်တို့ကို သတ်သည်အမှုကို လက်မခံပြီဟု ဆိုကြ၏။
၃၁ ထိုသို့ဆိုသော်၊ သင်တို့သည် ပရောဖက်တို့ကို သတ်သောသူတို့၏အမျိုးအနွှယ်ဖြစ်သည်ကို ကိုယ်အဘို့ကိုယ် သက်သေခံကြ၏။
၃၂ သို့ဖြစ်၍ ဘိုးဘေးတို့၏အကျင့်ပမာဏကို မှီအောင်ကျင့်ကြလော့။