Feast of Bartholomew, apostle.
Ezek 37:1-14; Ps 107:1-9; Ps 25:4-5; Matt 22:34-40
ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၃၇ (Ezek 37:1-14);
၁ တဖန် ထာဝရဘုရား၏ လက်တော်သည် ငါ့အပေါ်မှာရှိ၍ ဝိညာဉ်တော်အားဖြင့် ငါ့ကိုပြင်သို့ဆောင်သွား လျက်၊ အရိုးတို့နှင့် ပြည့်သောချိုင့်အလယ်၌ထားပြီးလျှင်၊
၂ ထိုအရိုးတို့ ပတ်လည်၌ ရှောက်သွားစေတော်မူ၏၊၊ ထိုချိုင့် မျက်နှာပြင်၌ များစွာသော အရိုးတို့သည်ရှိ၍ အလွန်သွေ့ခြောက်ကြ၏၊၊
၃ ထာဝရဘုရားကလည်း၊ အချင်းလူသား၊ဤအရိုးတို့သည် အသက်ရှင်နိုင်သလောဟု မေးတော်မူလျှင်၊ ငါက အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သိတော်မူ သည်ဟု လျှောက်လေ၏၊
၄ ထာဝရဘုရားကလည်း၊ ဤအရိုးတို့အပေါ်မှာ ပရောဖက်ပြု၍ ဟောပြောရမည်မှာ၊ အိုသွေ့ ခြောက်သော အရိုးတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။
၅ ဤသွေ့ခြောက်သော အရိုးတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်တို့အထဲသို့ အသက်သွင်း၍ သင်တို့သည် အသက်ရှင်ရကြမည်။
၆ သင်တို့အပေါ်မှာ အကြောတို့ကို ငါတင်၍ အသားကို တင်စေမည်။ အရေနှင့် ဖုံးလွှမ်း၍၊အသက်ကို သွင်းသဖြင့် သင်တို့သည် အသက်ရှင်၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု၊
၇ မှာထားတော်မူသည်အတိုင်း ငါသည် ပရောဖက်ပြု၏။ ပရောဖက်ပြုစဉ်တွင် အသံမြည်၏။ လှုပ်ရှားခြင်းလည်း ရှိ၏။ အရိုးတို့သည် တခုအနီးသို့ တခု ချဉ်းကြ၏၊၊
၈ ငါကြည့်ရှုစဉ်တွင် အကြောတို့သည်ပေါ်၍ အသားလည်း တတ်လာ၏။ အရေလည်း ဖုံးလွှမ်း၏။ သို့ရာတွင် အသက်မရှိသေး။
၉ ထာဝရဘုရားကလည်း၊ အချင်းလူသား။ လေအားပရောဖက် ပြုလော့။ အရှင်ထာဝရ ဘုရားအမိန့်တော် လေအား ဆင့်ဆိုရမည်မှာ၊ အိုလေ၊ အရပ်လေးမျက်နှာတို့မှလာ၍၊ ဤအသေကောင်တို့သည် အသက်ရှင်မည်အကြောင်း သူတို့အပေါ်မှာ မှုတ်လော့ဟု၊
၁၀ မှာထားတော်မူသည် အတိုင်းငါသည် ပရောဖက်ပြု၍ လေသည် သူတို့အထဲသို့ဝင်သဖြင့် သူတို့သည် အသက်ရှင်၍၊ အလွန်များသော ဗိုလ်ခြေဖြစ်လျက် မတ်တပ်နေကြ၏။
၁၁ ထာဝရဘုရားကလည်း၊ အချင်းလူသား ဤအရိုးတို့သည် ဣသရေလအမျိုးအပေါင်း ဖြစ်ကြ၏။ ငါတို့အရိုးများသည် သွေ့ခြောက်ကြ၏။ မြော်လင့်စရာမရှိ။ ငါတို့သည် ဆုံးရှုံးကြပြီဟု သူတို့ဆိုတတ်ကြ၏။
၁၂ သို့ဖြစ်၍၊ ပရောဖက်ပြုလျှင် အရှင်ထာဝရဘုရား၏ အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ အချင်းငါ၏လူတို့ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့်၍ သင့်တို့ကို ထုတ်ပြီးလျှင် ဣသရေလပြည်သို့ ပို့ဆောင်မည်။
၁၃ အချင်းငါ၏လူတို့၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့်၍ သင်တို့ကို ထုတ်ပြီးလျှင်၊
၁၄ အသက်ရှင်စေခြင်းငှါ ငါသည်ကိုယ် အသက်ကို သွင်းပေး၍၊ သင်တို့ကို နေရင်းပြည်၌ နေရာချသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။ ငါထာဝရဘုရား ပြောသည်အတိုင်း ပြည့်စုံကြောင်းကိုလည်း သိရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
ဆာလံကျမ်း အခန်းကြီး ၁၀၇ (Ps 107:1-9);
၁ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော်အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်း ကြလော့။
၂ ရန်သူ၏လက်မှ ထာဝရဘုရားနှုတ်၍ အရှေ့အနောက်တောင် မြောက် အရပ်ရပ်ထဲက စုသိမ်းသော သူတည်းဟူသော
၃ ရွေးတော်မူသောသူတို့သည် ဝန်ခံကြစေ။
၄ သူတို့သည် တောတွင် လူဆိတ်ညံရာ အရပ်၌လည်၍၊ နေစရာမြို့ သို့ရောက်သောလမ်းကို မတွေ့ကြ။
၅ ဆာငတ်မွတ်သိပ်၍ စိတ်ပျက်ကြ၏။
၆ ဆင်းရဲခံရသော အခါ ထာဝရဘုရားကို အော်ဟစ် ၍၊ ဆင်းရဲဒုက္ခထဲက ဆယ်နှုတ်တော်မူပါ။
၇ သူတို့နေစရာမြို့သို့ ရောက်စေခြင်းငှာ၊ ဖြောင့်သောလမ်းဖြင့် ပို့ဆောင်တော်မူ၏။
၈ လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သောအမှုတော်တို့ကို ထောက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။
၉ အကြောင်းမူကား၊ တောင့်တသောဝိညာဉ်ကို ရောင့်ရဲစေ၍၊ မွတ်သိပ်သောဝိညာဉ်ကိုလည်း၊ကောင်း သောအရာနှင့် ဝစေတော်မူ၏။
ဆာလံကျမ်း အခန်းကြီး ၂၅ (Ps 25:4-5);
၄ အိုထာဝရဘုရား၊ ကိုယ်တော်၏ လမ်းတို့ကို အကျွနု်ပ်အားပြညွှန်၍၊ ခရီးတော်တို့ကို သွန်သင်တော်မူပါ။
၅ ကိုယ်တော်၏ သမ္မာ တရားကိုပြ၍၊ အကျွနု်ပ်ကိုသွန်သင်တော်မူပါ၊၊ အကြောင်းမူကားကိုယ်တော်သည် အကျွနု်ပ်ကို ကယ်တင်သော ဘုရားသခင် ဖြစ်တော်မူ၏၊၊ ကိုယ်တော်ကို အစဉ်မြော်လင့်လျက်နေပါ၏၊၊
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၂ (Matt 22:34-40);
၃၄ ဇဒ္ဒုကဲတို့၏ စကားကိုချေတော်မူကြောင်းကိုဖာရိရှဲတို့သည် ကြားလျှင်စုဝေးကြ၍၊
၃၅ သူတို့အဝင် အပါ ဖြစ်သော ကျမ်းတတ်တယောက်သည် ကိုယ်တော်ကိုစုံစမ်း နှောင့်ရှက်ခြင်းငှါ၊
၃၆ အရှင်ဘုရား၊ ပညတ္တိကျမ်း၌ အဘယ်မည်သော ပညတ်သည်သာ၍ ကြီးသနည်းဟုမေးလျှောက်သော်၊
၃၇ ယေရှုက၊ သင်၏ ဘုရားသခင်ထာဝရ ဘုရားကိုစိတ်နှလုံး အကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့် ချစ်လော့၊
၃၈ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်သည်လည်း ဖြစ်၏။
၃၉ ထိုမှတပါးကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ဒုတိယပညတ်သည် ပဌမပညတ်နှင့် သဘောတူ၏။
၄၀ ဤပညတ်နှစ်ပါး တို့ကားပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်းဟု မိန့်တော်မူ၏။