Sun the 23rd: Psalter I, Ordinary Time Week 21.
(Optional memorial of Rose of Lima, virgin.)
Josh 24:1-18; Ps 34:1-21; Eph 5:21-32; John 6:60-69
ယောရှုမှတ်စာ အခန်းကြီး ၂၄(Josh 24:1-18);
၁ တဖန်ယောရှုသည် ဣသရေလအမျိုးအပေါင်းတို့ကို ရှေခင်မြို့၌ စည်းဝေး၍ ၊ ဣသရေလအမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသော သူတို့ကို ခေါ်သဖြင့်၊ သူတို့သည် ဘုရားသခင် ရှေ့တော်သို့ ချဉ်းကပ်ကြ၏။
၂ ထိုအခါ ယောရှုသည် လူအပေါင်းတို့အား ဟောပြောလေသည်မှာ၊ ဣသရေလ အမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အာဗြဟံနှင့် နာခေါ်တို့၏ အဘတေရ မှစ၍ သင်တို့ ဘိုးဘေးတို့သည် ရှေးကာလ၌ မြစ်ကြီးတဘက်မှာ နေ၍ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုကြ၏။
၃ သင်တို့အဘ အာဗြဟံကို မြစ်ကြီးတဘက်မှ ငါခေါ်ပြီးလျှင်၊ ခါနာန်ပြည်အရပ်ရပ်သို့ ပို့ဆောင်၍ သူ၏ အမျိုးအနွှယ်ကို များပြားစေ လျက်၊ ဣဇာက်ကို ပေး၏။
၄ ဣဇာက်အားလည်း၊ ယာကုပ်နှင့် ဧသောကို ငါပေး၍၊ ဧသောအားလည်း စိရ တောင်ကို အပိုင်ပေး၏။ ယာကုပ်နှင့် သူ၏သားတို့သည် အဲဂုတ္တုပြည်သို့သွားကြ၏။
၅ မောရှေနှင့်အာရုန်ကို ငါစေလွှတ်၍ အဲဂုတ္တုလူတို့၌ ပြုသည်အတိုင်း၊ အဲဂုတ္တုပြည်ကို ဆုံးမသောနောက်၊ သင်တို့ကို နှုတ်ဆောင်လေ၏။
၆ သူတို့သည် ဧဒုံပင်လယ်သို့ ရောက်၍၊ အဲဂုတ္တုလူတို့သည် ရထားနှင့်မြင်းစီးသူရဲပါလျက် ထိုပင်လယ်တိုင်အောင် လိုက်ကြ၏။
၇ ထာဝရဘုရားကို အော်ဟစ်သောအခါ၊ သင်တို့နှင့် အဲဂုတ္တုလူတို့စပ်ကြားမှာ မှောင်မိုက်ကို ငါထား၍ သူတို့ကို ပင်လယ်ရေလွှမ်းမိုးစေ၏။ အဲဂုတ္တုပြည်၌ ငါပြုသော အမှုကိုသင်တို့သည် ကိုယ်တိုင်မြင်ကြပြီ။ တော၌လည်း ကာလကြာမြင့်စွာ နေရကြ၏။
၈ နောက်တဖန် ယော်ဒန်မြစ်အရှေ့ဘက်၌ နေသော အာမောရိလူတို့ပြည်သို့ သင်တို့ကို ငါပို့ဆောင်၍၊ သူတို့သည် စစ်တိုက်သောအခါ သူတို့ကို သင်တို့လက်၌ ငါအပ်၍ သူတို့မြေကို သင်တို့သည် သိမ်းယူ ကြ၏။ သူတို့ကို သင်တို့ရှေ့မှ ငါသုတ်သင်ပယ်ရှင်းလေ၏။
၉ မောဘရှင်ဘုရင် ဇိဖေါ်၏ သားဗာလက်သည်ထ၍ ဣသရေလအမျိုးကို စစ်တိုက်သဖြင့်၊ သင်တို့ကို ကျိန်ဆဲစေခြင်းငှာ၊ ဗောရ၏ သားဗာလမ်ကို ခေါ်သောအခါ၊
၁၀ ဗာလမ်၏ စကားကို ငါနားမထောင်သောကြောင့်၊ သူသည် အထပ်ထပ်ကောင်းကြီးပေး၍ သူ့လက်မှ သင်တို့ကို ငါကယ်လွှတ်လေ၏။
၁၁ တဖန်သင်တို့သည် ယော်ဒန်မြစ်ကို ကူး၍ ယေရိခေါမြို့သို့ ရောက်ကြသောအခါ၊ ယေရိခေါလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ခါနိလူ၊ ဟိတ္တိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့သည် သင်တို့ကို စစ်တိုက် ၍ သူတို့ကို သင်တို့လက်၌ ငါအပ်လေ၏။
၁၂ သင်တို့၌ ထားနှင့်လေးမပါဘဲ၊ သင်တို့ရှေ့မှာ ပျားတူကို ငါစေလွှတ်၍၊ အာမောရိမင်းကြီးနှစ်ပါးကို သင်တို့ရှေ့မှ ငါနှင်ထုတ်လေ၏။
၁၃ သင်တို့ မလုပ်သောမြေ၊ မတည်သောမြို့တို့ကို ငါပေး၍ သင်တို့သည် နေရကြ၏။ ကိုယ်တိုင်မစိုက်သော စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်၊ တို့ကိုစားရကြသည်ဟု ထာဝရဘုရား အမိန့်တော်ရှိ၏။
၁၄ ယခုမှာ ထာဝရဘုရားကို ကြောက်ရွံ့၍ ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့်တကွ ဝတ်ပြုုကြလော့။ မြစ်ကြီး တဘက်၌င်း၊ အဲဂုတ္တုပြည်၌င်း၊ ဘိုးဘေးတို့ဝတ်ပြုသော ဘုရားများကိုပယ်၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြလော့။
၁၅ သို့မဟုတ်ထာဝရဘုရားအား ဝတ်မပြုကောင်းဟု သင်တို့ထင်လျှင်၊ မြစ်ကြီးတဘက်၌ ဘိုးဘေးတို့ဝတ်ပြုသော ဘုရား၊ သင်တို့နေရာ အာမောရိပြည်သားတို့၏ ဘုရားများတွင်၊ အဘယ်မည်သော ဘုရားတို့အား ဝတ်ပြုမည်အရာ ကို ယနေ့ရွေးကြလော့။ ငါနှင့်ငါ့အိမ်သား ဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်ဟု ဆိုလေသော်၊
၁၆ လူများတို့က အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုခြင်းငှာ ထာဝရဘုရားကို စွန့်သောအမှုသည် အကျွနု်ပ်တို့နှင့် ဝေးပါစေသော။
၁၇ ငါတို့ဘုရားသခင်ထာဝရဘုရားသည်၊ ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ အဘတို့နှင့် ငါတို့ကို နှုတ်ဆောင်၍ ကြီးစွာသော နိမိတ်လက္ခဏာတို့ကို ငါတို့မျက်မှောက်၌ ပြတော်မူပြီ။ ငါတို့သွားလေရာရာအရပ်၊ ရှောက်လေရာရာ လူမျိုးုတို့တွင် စောင့်တော်မူပြီ။
၁၈ ထာဝရဘုရားသည်လည်း၊ ဤပြည်၌ နေသောသူ အာမောရိလူအပေါင်းတို့ကို ငါတို့ရှေ့မှ နှင်ထုတ်တော်မူပြီ။ ထာဝရဘုရားအား ဝတ်ပြုပါမည်။ ထာဝရဘုရားသည် ငါတို့ဘုရားသခင်ဖြစ်တော်မူသည်ဟု ပြန်ပြောကြ၏။
ဆာလံကျမ်း အခန်းကြီး ၃၄ (Ps 34:1-21);
၁ ဒါဝိဒ်သည်အဘိမလက်မင်း ရှေ့မှာထူခြားသော အခြင်းအရာကို ပြုသဖြင့်နှင်ထုတ် ခြင်းကိုခံရ၍ထွက်သွားသောအခါ စပ်ဆိုသောဆာလံ၊၊ ငါသည် ခပ်သိမ်းသော ကာလတို့၌ ထာဝရ ဘုရားကို ကောင်းချီးပေးမည်။ ဂုဏ်ကျေးဇူးတော်ကို အစဉ် မပြက် မြွက်ဆိုမည်။
၂ ငါ့ဝိညာဉ် သည် ထာဝရဘုရားကို အမှီပြု၍ ဝါကြွားခြင်းကို ပြုမည်။ နှိမ့်ချလျက်ရှိသော သူတို့သည် ကြားသိ၍ ဝမ်းမြောက်ကြပါစေသော။
၃ ငါ့နှင့်အတူ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို တညီတညွတ်တည်းချီး မြှောက်ကြကုန်အံ့။
၄ ငါသည် ထာဝရဘုရားကို ရှာသောအခါ နားထောင်တော်မူ၏။ ကြောက် မက်ဖွယ်သော အကြောင်းအလုံးစုံတို့ အထဲက ငါ့ကို ကယ်နှုတ်တော်မူ၏။
၅ ထာဝရဘုရားကို မျှော်ကြည့်ကြလော့။ အလင်းကို ရကြလိမ့်မည်။ မျက်နှာ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။
၆ ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်း အသံကို ထာဝရဘုရားသည် နားထောင်၍၊ ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွတ်တော်မူ၏။
၇ ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏။
၈ ထာဝရ ဘုရားသည် ကောင်းမြတ်တော်မူသည် အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့။ ကိုယ်တော်ကို ခိုလှုံသော သူသည် မင်္ဂလာရှိ၏။
၉ ထာဝရဘုရား၏ သန့်ရှင်းသူတို့၊ ထာဝရဘုရားကို ကြောက်ရွံ့ကြလော့။ ကြောက်ရွံ့သော သူတို့၌ ဆင်းရဲခြင်းမရှိရာ။
၁၀ ခြင်္သေ့တို့သည် ဆင်းရဲ၍ ငတ်မွတ်ခြင်းကိုခံရသော်လည်း၊ ထာဝရဘုရားကို ရှာသောသူ တို့၌ ကောင်းသောအရာ တစ်စုံတစ်ခုမျှ မလိုရာ။
၁၁ အချင်းသူငယ်တို့ လာကြလော့။ ငါ့စကားကို နားထောင်ကြလော့။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်း တရားကို သင်တို့အားငါသွန်သင်မည်။
၁၂ ကောင်းမွန်သောအရာကို တွေ့မြင်မည်အကြောင်း၊ အသက်ရှင်ခြင်းနှင့် တကွ နေ့ရက်ကာလကို တောင့်တလိုချင်သောသူမည်ကား၊
၁၃ ကိုယ်လျှာကို မကောင်းသောအရာနှင့် ကင်းစေလော့။ နှုတ်ခမ်းလည်း မုသာစကားကို မပြောစေနှင့်။
၁၄ ဒုစရိုက်ကို လွှဲရှောင်၍ သုစရိုက်ကိုပြုလော့။ သူတပါးနှင့်အသင့် အတင့်နေခြင်းကို ရှာ၍ မှီအောင်လိုက်လော့။
၁၅ ထာဝရဘုရားသည် ဖြောင့်မတ်သော သူတို့ ကိုကြည့်ရှု တော်မူ၏။ သူတို့ အော်ဟစ်သံကိုလည်း နားထောင်တော်မူ၏။
၁၆ ဒုစရိုက်ကို ပြုသော သူတို့ကား၊ မြေကြီးပေါ်မှာ အောက်မေ့စရာ အမှတ်မျှ မရှိစေခြင်းငှာပယ်ရှင်းမည်အကြောင်း၊ ထာဝရဘုရားသည် မျက်နှာထား တော်မူ၏။
၁၇ ဖြောင့်မတ် သောသူတို့သည် အော်ဟစ်သောအခါ၊ ထာဝရဘုရားသည် နားထောင်၍၊ သူတို့ကို ခပ်သိမ်းသော ဆင်းရဲ ထဲကကယ်လွတ်တော်မူ၏။
၁၈ ထာဝရဘုရားသည် ကျိုးပဲ့သော စိတ်ရှိသောတို့နှင့် နှလုံးကြေကွဲ သော သူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသော သူတို့ကိုလည်း ကယ်တင်တော်မူ၏။
၁၉ ဖြောင့်မတ်သော သူသည် များစွာသော ဒုက္ခဆင်းရဲကို ခံရသော်လည်း၊ ထာဝရဘုရားသည် ခပ်သိမ်းသော ဒုက္ခဆင်းရဲထဲက ကယ်လွှတ် တော်မူ၏
၂၀ သူ၏ အရိုးရှိသမျှတို့ကို စောင့်ရှောက်တော်မူသည်ဖြစ်၍၊ တစ်ချောင်းမျှ မကျိုးမပဲ့ရ။
၂၁ မတရားသော သူမူကား၊ ဘေးဖြင့် အသက်ဆုံးခြင်းသို့ ရောက်ရမည်။ ဖြောင့်မတ်သောသူကို မုန်းသောသူတို့သည် အပြစ်စီရင်ခြင်းကို ခံရကြမည်။
ဧဖက်သြဝါဒစာ အခန်းကြီး ၅ (Eph 5:21-32);
၂၁ ခရစ်တော်ကို ခန့်ညားသောအားဖြင့်၊ အချင်းချင်း တယောက်အောက်တယောက် ကိုယ်ကိုနှိမ့်ချလျက် နေကြလော့။
၂၂ အချင်းမိန်းမတို့၊ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။
၂၃ အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့၊ ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။ ခရစ်တော်သည်လည်း မိမိကိုယ်ကိုကယ်တင်သောသူ ဖြစ်တော်မူ၏။
၂၄ အသင်းတော်သည် ခရစ်တော်၏အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို အရာရာ၌ ဝန်ခံရကြမည်။
၂၅ အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။
၂၆-၂၇ ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက် ရှိသည်ဖြစ်၍၊ အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက်ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှါ၊ နှုတ်ကပတ်တော်ရေ၌ ဆေးကြောခြင်း အားဖြင့် စင်ကြယ်သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်းတော်အဘို့ အလိုငှါ ကိုယ်ကိုကိုယ်စွန့်တော်မူ၏။၂၈ ထိုနည်းတူ၊ ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကို ချစ်ရကြမည်။ ခင်ပွန်းကိုချစ်သောသူသည် ကိုယ်ကိုချစ်သောသူ ဖြစ်၏။
၂၉ ကိုယ်အသားကိုမုန်းသောသူ တယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော်မူသကဲ့သို့၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏။
၃၀ အကယ်စင်စစ် ငါတို့သည် သခင်ဘုရား၏သားတော်၊ အရိုးတော်တို့အဝင်ဖြစ်၍၊ ကိုယ်တော်မြတ်၏ အင်္ဂါဖြစ်ကြ၏။
၃၁ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တသား တကိုယ်တည်း ဖြစ်ရလိမ့်မည်။
၃၂ ဤအရာသည် အလွန်နက်နဲသောအရာ ဖြစ်ပေ၏။ ထိုသို့ငါဆိုသော်၊ ခရစ်တော် နှင့် အသင်းတော်ကို ရည်မှတ်၍ဆိုသတည်း။ ၃၃ သို့ရာတွင် သင်တို့သည် အသီးအသီး ကိုယ်ကိုကိုယ်ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ မိန်းမသည်လည်းကိုယ်ခင်ပွန်းကို ရိုသေခြင်းရှိစေလာ့။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၆ (John 6:60-69);
၆၀ တပည့်တော်အများတို့သည် ကြားလျှင်၊ ထိုစကားသည် အလွန်ခက်လှ၏။ အဘယ်သူနား ခံနိုင်မည်နည်း ဟုဆိုကြ၏။
၆၁ ထိုသို့တပည့်တော်တို့ကဲ့ရဲ့အပြစ်တင်သည်ကို ယေရှုသည် အလိုအ လျောက်သိတော်မူလျှင်၊ ဤတရားစကားကြောင့်သင်တို့သည် စိတ်ပျက်ကြသလော။
၆၂ လူသားသည် အရင်နေရာ အရပ်သို့တဖန် ကြွတတ်သည်ကိုမြင်ရလျှင် အဘယ်သို့ထင်မှတ်ကြမည်နည်း။
၆၃ ိဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ကိုယ်ကာယသည် အလျှင်းမတတ်နိုင်။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက် လည်းဖြစ်၏။
၆၄ သို့သော်လည်း သင်တို့တွင်မယုံကြည်သောသူအချို့ရှိ၏။
၆၅ ထိုကြောင့်ငါ၏ ခမည်းတော်သည် အခွင့်ပေးတော်မမူလျှင်၊ အဘယ်သူမျှငါ့ထံသို့မလာနိုင်ဟု အထက်ကငါဆိုခဲ့ပြီဟု မိန့်တော်မူ၏။ ထိုသို့မိန့် တော်မူသည် အကြောင်း ဟူမူကား၊ အဘယ်သူမယုံကြည်သည်ကို၎င်း၊ အဘယ်သူသည် ကိုယ်တော်ကိုအပ် နံှမည်ကို၎င်း၊ ယေရှုသည်အစအဦး၌ သိတော်မူ၏။
၆၆ ထိုအခါမှစ၍ တပည့်တော်အများတို့သည်ကိုယ်တော်နှင့် မပေါင်းဘော်ဘဲဆုတ်သွားကြ၏။
၆၇ ထိုကြောင့် ယေရှုသည် တကျိပ်နှစ်ပါးသောသူတို့အား၊ သင်တို့သည်လည်းထွက်သွားခြင်းငှါအလိုရှိကြ သလောဟု မေးတော်မူလျှင်၊
၆၈ ရှိမုန်ပေတရုက၊ သခင်၊ အကျွနု်ပ်တို့သည် အဘယ်သူထံသို့သွား ရပါမည်နည်း။ ထာဝရအသက်နှင့်ယှဉ်သော စကားသည် ကိုယ်တော်၌ တည်ပါ၏။
၆၉ ကိုယ်တော်သည် ခရစ်တော်တည်းဟူသောအသက်ရှင် တော်မူသောဘုရား သခင်၏ သားတော်ဖြစ်တော်မူသည်ကို အကျွန်ုပ် တို့ယုံကြည်သိမှတ် ကြပါသည်ဟု လျှောက်လေ၏။