Mon the 29th: Feast of Michael, Gabriel and Raphael, Archangels.
Job 1:6-22; Ps 17:1-7; Mark 10:45; Luke 9:46-50
ယောဘဝတ္တု အခန်းကြီး ၁(Job 1:6-22);
၁ ယောဘအမည်ရှိသော သူတယောက်သည် ဥဇပြည်၌ နေ၏၊၊ ထိုသူသည်စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသော အကျင့်ကိုရှောင်သောသူဖြစ်၏၊၊
၂ သားခုနစ်ယောက်နှင့် သမီးသုံး ယောက်ရှိ၏၊၊
၃ သူ၏ဥစ္စာကား၊ သိုးခုနစ်ထောင်၊ ကုလားအုပ်သုံးထောင်၊ နွားယှဉ်ငါးရာ၊ မြည်းမငါးရာ၊ ငယ်သားအတိုင်း မသိများသည်ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ ကြီးသောသူဖြစ်၏၊၊
၎ ယောဘ၏သားတို့သည် နှစ်စဉ်အတိုင်း အသီးအသီးဘွားသော နေ့ရောက်လျှင်၊ မိမိတို့အိမ်၌ ပွဲခံသဖြင့်၊ နှမ သုံးယောက်ကိုလည်းခေါ်၍ အတူစားသောက်လေ့ရှိကြ၏၊၊
၅ ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည် သူတို့ ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကို ပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပယ်ကြပြီလောဟု ယောဘ အောက်မေ့၏၊ ထိုသို့ယောဘသည် အစဉ်ပြုမြဲရှိ၏၊၊
၆ ဘုရားသခင်၏ သားတို့သည် ထာဝရဘုရားထံတော်၌ ခစားခြင်းငှါ လာရသော နေ့ရက်အချိန် ရောက်လျှင် စာတန်သည်လည်း သူတို့နှင့်ရောနှော၍ လာ၏၊၊
၇ ထာဝရဘုရားကလည်း၊ သင်သည် အဘယ်အရပ်ကလာသနည်းဟု စာတန်ကိုမေးတော်မူလျှင်၊ စာတန်က မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏၊၊
၈ ထာဝရဘုရားကလည်း ငါ့ကျွန် ယောဘကို ဆင်ခြင်ပြီလော၊၊ မြေကြီးပေါ်မှာ သူနှင့်တူသောသူ တယောက်မျှမရှိ၊၊ စုံလင်ဖြောင့်မတ်ပေ၏၊၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသော အကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏၊၊
၉ စာတန်ကလည်း၊ ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကိုပြုသလော၊၊
၁၀ ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာရှိသမျှပတ်လည်၌ စောင်ရန်းကာ တော်မူသည်မဟုတ်လော၊၊ သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ၊၊ သူ့သိုးနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ၊၊
၁၁ ယခုမူကား၊ လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏၊၊
၁၂ ထာဝရဘုရား ကလည်း သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏၊၊ သူ့ကိုယ်တခုကိုသာမထိမခိုက်နှင့်ဟု မိန့်တော်မူလျှင်၊ စာတန်သည် ထာဝရဘုရားထံတော်မှထွက်သွားလေ၏၊၊
၁၃ တနေ့သ၌ ယောဘ၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်တွင်စား၍ စပျစ်ရည်ကို သောက်လျက် နေကြစဉ်၊
၁၄ ယောဘထံသို့ တမန်တယောက်လာ၍၊ နွားတို့သည် လယ်ထွန်လျက်၊ သူတို့အနားမှာ မြည်းမတို့သည် ကျက်စားလျက်ရှိကြသောအခါ၊
၁၅ ရှေဘအမျိုးသားတို့သည် တိုက်ယူသွား ကြပါပြီ၊၊ လူစောင့်တို့ကိုလည်း ထားနှင့် သတ်၍ ကျွန်တော်တယောက်တည်းကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
၁၆ ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည် လာ၍ ဘုရားသခင်၏ မီးသည် မိုဃ်းကောင်းကင်မှ ကျသဖြင့်၊ သိုးများနှင့် လူစောင့်များတို့ကို လောင်၍သူတို့သည် ကျွမ်းကုန်ကြပါပြီ၊၊ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏၊၊
၁၇ ထိုသို့လျှောက်စဉ်တွင် အခြားသော သူတယောက်သည် လာ၍ ခါလဒဲအမျိုးသား တပ်သုံးတပ်တို့သည်ချီ၍ ကုလားအုပ်တို့ကို တိုက်ယူသွားကြပါပြီ၊၊ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော်တယောက်တည်းကျန်ရစ်လျက်ကိုယ်တော် အားသိတင်း ကြားပြောရပါသည်ဟု လျှောက်လေ၏။
၁၈ ထိုသို့ လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ကိုယ်တော်၏ သားသမီးတို့သည် အစ်ကိုအကြီးအိမ်၌ စား၍ စပျစ်ရည်ကို သောက်လျက်နေကြသောအခါ
၁၉ တောမှ လေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့်၊ အိမ်သည်ထိုလုလင်တို့အပေါ်၌ ပြိုလဲပါ၏၊၊ သူတို့သည်သေ၍ ကျွန်တော်တယောက်တည်းကျန်ရစ်လျက်၊ ကိုယ်တော် အား သိတင်းကြားပြောရပါသည် ဟု လျှောက်လေ၏။
၂၀ ထိုအခါယောဘသည်ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏၊၊ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက်ကိုးကွယ်ပြီးလျှင်၊ ငါသည်အဝတ်မပါဘဲ အမိဝမ်းထဲက ထွက်လာ၏၊၊
၂၁ အဝတ် မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်၊၊ ထာဝရဘုရား ပေးတော်မူ၏၊၊ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏၊၊ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်း ဟုဆိုလေ၏၊၊
၂၂ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံ သော်လည်း မမှားယွင်း၊၊ ထာဝရဘုရားကိုလည်း အပြစ်မတင် ဘဲနေ၏၊၊
ဆာလံကျမ်း အခန်းကြီး ၁၇ (Ps 17:1-7);
၁ အို ထာဝရဘုရား၊ တရားသောဘက်မှနေ၍ အကျွန်ုပ်အော်ဟစ်ခြင်းကို မှတ်တော်မူပါ၊၊ မလှည့်စားတတ် သော နှုတ်နှင့် ဆုတောင်းသော ပဌနာစကားကို နားထောင်တော်မူပါ၊၊
၂ ကိုယ်တော်တိုင် အကျွန်ုပ်ကို စီရင်၍ ဖြောင့် မတ်သော အရာကိုထောက်ရှုတော်မူပါ၊၊
၃ အကျွန်ုပ်နှလုံးကို စစ်ဆေးတော်မူပါ၊၊ ညဥ့်အခါ အကျွန်ုပ်ကို အကြည့်အရှု ကြွလာတော်မူပါ၊၊ အကျွန်ုပ်ကိုစစ်ကြောသောအခါ အဘယ်အပြစ်ကိုမျှ တွေ့တော်မမူရာ၊၊ အကျွန်ုပ်အကြံအစည်သည် အကျွန်ုပ်စကားနှင့် မခြားမနားပါ၊၊
၎ လူပြုတတ်သော အမှုများမှာ ဖျက်ဆီးတတ်သောသူ၏ လမ်းတို့ကို နှုတ်ကပတ် တော်အားဖြင့် အကျွန်ုပ်ရှောင်ပါပြီ၊၊
၅ လမ်းခရီးတော်၌ အကျွန်ုပ်သွားစဉ်တွင် ခြေမချော်စေခြင်းငှါ ထောက်မတော်မူပါ၊
၆ အိုဘုရားသခင်၊ ကိုယ်တော်သည် နားထောင်တော်မူတတ်သောကြောင့် အကျွန်ုပ်သည် တောင်းလျှောက်ပါ၏၊ နားတော်ကိုလှည့်၍ အကျွန်ုပ်စကားကို နာယူတော်မူပါ၊၊
၇ ကိုယ်တော်ကို ခိုလှုံသော သူတို့ကို သူပုန်တို့လက်မှ လက်ျာလက်တော်အားဖြင့် ကယ်နှုတ်တော်မူသော ဘုရား၊ ထူးဆန်းသော မေတ္တာကျေးဇူးတော်ကို ပြတော်မူပါ၊၊
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၀ (Mark 10:45);
၄၅ အကြောင်းမူကား၊ လူသားသည် သူတပါးကိုစေစားခြင်းငှါ မလာ၊ သူတပါးအစေကိုခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၎င်း၊ ကြွလာသတည်းဟု မိန့်တော်မူ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၉ (Luke 9:46-50);
၄၆ ထိုအခါ အဘယ်သူသည်သာ၍ ကြီးမြတ်အံ့နည်းဟု တပည့်တော်တို့သည် အချင်းချင်းငြင်းခုံကြ၏။
၄၇ ယေရှုသည် သူတို့အကြံအစည်ကို သိမြင်လျှင်၊ သူငယ်တယောက်ကိုယူ၍ မိမိအနား၌ထားပြီးမှ၊
၄၈ အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤသူငယ်ကိုလက်ခံ၏၊ ထိုသူသည်ငါ့ကိုပင်လက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်လည်း ငါ့ကိုစေလွှတ်တော်မူသောသူကိုပင် လက်ခံ၏။ သင်တို့တွင် အငယ်ဆုံးသော သူသည် သာ၍ကြီးမြတ်သောသူ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
၄၉ ယောဟန်ကလည်း၊ သခင်၊ ကိုယ်တော်၏နာမကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ် သောသူတယောက်ကိုအကျွန်ုပ်တို့တွေ့ပါ၏။ သူသည် အကျွန်ုပ်တို့နှင့်အတူမလိုက်သောကြောင့် အကျွန်ုပ်တို့ မြစ်တားကြပါ၏ဟုလျှောက်သော်၊
၅၀ ယေရှုက၊ ထိုသူကိုမမြစ်တားကြနှင့်။ သင်တို့ရန်သူဘက်၌မရှိသောသူသည် သင်တို့ဘက်၌ ရှိသည်ဟုမိန့်တော်မူ၏။