Thu the 2nd: Gen 22:1-19; Ps 115:1-9; 2 Cor 5:19; Matt 9:1-8
ကမ္ဘာဦးကျမ်း အခန်းကြီး ၂၂(Gen 22:1-19);
၁ ထိုနောက်မှ ဘုရားသခင်သည်၊ အာဗြဟံကိုစုံစမ်းခြင်းငှါ၊ အာဗြဟံဟုခေါ်တော်မူ၍၊ အာဗြဟံက၊ အကျွန်ုပ် ရှိပါ၏ဟု လျှောက်လျှင်၊
၂ သင်သည်အလွန်ချစ်သော တယောက်တည်းသော သားဣဇာက်ကိုယူ၍၊ မောရိပြည်သို့ သွားလော့။ ငါပြလတံ့သောတောင်ပေါ်မှာ၊ သူ့ကိုမီးရှို့ရာ ယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ၏။
၃ အာဗြဟံသည် နံနက်စောစောထ၍၊ မြည်းကိုကုန်းနှီးတင်ပြီးလျှင်၊ မိမိသားဣဇာက်နှင့် ငယ်သားနှစ်ယောက် ကိုခေါ်၍၊ ယဇ်ရှို့စရာထင်းကို ခွဲပြီးမှ၊ ဘုရားသခင်မိန့်တော်မူသောအရပ်သို့ ထသွား လေ၏။
၎ သုံးရက်မြောက်သော နေ့၌ မြော်ကြည့်၍၊ ထိုအရပ်ကိုအဝေးက မြင်လျှင်၊
၅ ငယ်သားနှစ်ယောက် တို့အား၊ သင်တို့သည်ဤအရပ်၌ မြည်းနှင့်အတူ နေရစ်ကြလေလာ့။ ငါသည်သားနှင့်အတူ ထိုအရပ်သို့ သွား၍၊ ကိုးကွယ်ခြင်းကိုပြုအံ့။ ထိုအမှုပြီးမှ၊ သင်တို့ဆီသို့ ပြန်လာဦးမည်ဟု ဆိုလေ၏။
၆ ထိုအခါ ယဇ်ရှို့စရာထင်းကိုယူ၍၊ သားဣဇာက်အပေါ်မှာ တင်ပြီးလျှင်၊ မီးနှင့်ထားကို မိမိလက်၌ ကိုင်လျက်၊ နှစ်ယောက်အတူသွားကြ၏။
၇ သွားကြစဉ်တွင်၊ ဣဇာက်သည် အဘအာဗြဟံကိုအဘဟု ခေါ်လျှင်၊ ငါ့သား၊ ငါရှိ၏ဟု အာဗြဟံထူးလေ၏။ ဣဇာက်ကလည်း၊ မီးပါ၏။ ထင်းလည်းပါ၏။ ယဇ်ရှို့စရာဘို့ သိုးသငယ်သည် အဘယ်မှာရှိသနည်းဟု မေးလျှင်၊
၈ အာဗြဟံက၊ ငါ့သား၊ ယဇ်ရှို့စရာဘို့ သိုးသငယ်ကိုဘုရားသခင် သည် မိမိအဘို့ပြင်ဆင်တော်မူလိမ့်မည်ဟုဆိုလေ၏။
၉ ထိုသို့နှစ်ယောက် အတူသွား၍၊ ဘုရားသခင်မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ၊ အာဗြဟံသည် ယဇ်ပလ္လင်ကိုတည်၍၊ ထင်းကိုခင်းပြီးလျှင်၊ သားဣဇက်ကို ချည်နှောင်၍၊ ယဇ်ပလ္လင်၌ ထင်းပေါ်မှာတင်ထား၏။
၁၀ မိမိလက် ကိုဆန့်၍၊ သားကိုသတ်ခြင်းငှါ၊ ထားကို ကိုင်ယူလေ၏။
၁၁ ထိုအခါ၊ ထာဝရဘုရား၏ ကောင်းကင်တမန်က၊ အာဗြဟံ၊ အာဗြဟံဟု ကောင်းကင်ပေါ်က ခေါ်လေ၏။ အာဗြဟံက၊ အကျွန်ုပ်ရှိပါ၏ဟု လျှောက်လျှင်၊
၁၂ ထိုလုလင်ကို မထိမခိုက်နှင့်။ အလျှင်းမပြုနှင့်။ သင်သည် ဘုရားသခင် ကိုကြောက်ရွံ့သည်ဟု ယခုငါသိ၏။ အကြောင်းမူကား၊ သင်၏သား၊ သင်၌ တယောက်တည်းသောသားကို ငါတောင်း၍၊ သင်သည်ငါ့ကိုမငြင်းဟု မိန့်တော်မူ၏။
၁၃ ထိုအခါ အာဗြဟံသည် မြော်ကြည့်၍၊ မိမိနောက်မှာ ချုံဖုတ်၌ချိုညိလျက်ရှိသော သိုးကိုမြင်လေ၏။ ထိုသိုး ကိုသွား၍ယူပြီးလျှင်၊ မိမိသားကိုယ်စားမီးရှို့ရာယဇ်ပြု၍ ပူဇော်လေ၏။
၁၄ ထိုအရပ်ကို ယေဟောဝါယိရေဟု အာဗြဟံသမုတ်လေ၏။ ထိုသို့နှင့်အညီ၊ တောင်ပေါ်မှာထာဝရ ဘုရား ပြင်ဆင်တော်မူမည်ဟု ယနေ့တိုင်အောင်ဆိုလေ့ရှိသတည်း။
၁၅ တဖန်ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကောင်းကင်ပေါ်က အာဗြဟံကိုခေါ်လျက်၊
၁၆ သင်သည် ဤအမှုကိုပြု၍၊ သင်၏သားသင်၌ တယောက်တည်းသောသားကို၊ ငါ့အားမငြင်းသောကြောင့်၊
၁၇ ငါသည်သင့်အား အစဉ်အမြဲကောင်းကြီးပေးမည်။ သင်၏အမျိုးအနွှယ်ကိုလည်း၊ ကောင်းကင်ကြယ် ကဲ့သို့၎င်း၊ သမုဒ္ဒရာသဲလုံးကဲ့သို့၎င်း၊ အစဉ်အမြဲပွါးများစေမည်။ သင်၏ အမျိုးအနွှယ်သည် ရန်သူတို့၏ မြို့တံခါးများကို အစိုးရလိမ့်မည်။
၁၈ သင်၏အမျိုး အနွှယ်အားဖြင့်၊ လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ၏စကားကို သင်နားထောင် သောကြောင့်၊ ငါသည်ကိုယ်ကိုကိုယ်တိုင်တည်၍ ကျိန်ဆို၏ဟု ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလေ၏။
၁၉ ထိုအခါ အာဗြဟံသည် ငယ်သားတို့ ရှိရာသို့ပြန်၍၊ သူတို့သည် ထပြီးလျှင်၊ ဗေရရှေဘ အရပ်သို့လိုက်သွားကြ၏။ ထိုအရပ်၌ အာဗြဟံနေလေ၏။
ဆာလံကျမ်း အခန်းကြီး ၁၁၅ (Ps 115:1-9);
၁ အကျွန်ုပ်တို့ကို ဘုန်းမရှိစေဘဲ၊ အိုထာဝရဘုရား အကျွန်ုပ်တို့ကို ဘုန်းမရှိစေဘဲ ကိုယ်တော်၏ နာမ၌ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် ဘုန်းရှိပါစေသတည်း၊၊
၂ သူတို့၏ ဘုရားသခင်သည် အဘယ်မှာ ရှိသနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြမည်နည်း၊၊
၃ ငါတို့၏ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော် မူ၏၊၊ အလိုတော်ရှိသမျှအတိုင်း ပြုတော်မူ၏၊၊
၎ သူတို့၏ ရုပ်တုများမူကား ငွေလည်းဖြစ်၏၊၊ ရွှေလည်းဖြစ်၏၊၊ လူလက်ဖြင့် လုပ်သော အရာပေတည်း၊၊
၅ ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကား မပြောတတ်၊၊ မျက်စိရှိ၍ မမြင်တတ်၊၊
၆ နားရှိ၍ မကြားတတ်၊၊ နှာခေါင်းရှိ၍ မနမ်းတတ်၊၊
၇ လက်ရှိ၍ မကိုင်တတ်၊၊ ခြေရှိ၍ မသွားတတ်၊၊ သူတို့ လည်ချောင်းဖြင့် အသံမပြုတတ်ပါတကား၊၊
၈ လုပ်သောသူတို့လည်း အတူတူ၊ ကိုးစားသောသူအပေါင်းတို့လည်း အတူတူပါတကား။
၉ အိုဣသရေလအမျိုး၊ ထာဝရဘုရားကို ကိုးစားလော၊၊ ထာဝရဘုရားသည် ဣသရေလအမျိုးကို မစသောသူ ကွယ်ကာသော သူဖြစ်တော်မူ၏၊၊
ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၅ (2 Cor 5:19);
၁၉ ထိုတရားဟူမူကား၊ ဘုရား သခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များကိုမှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကိုလည်း ငါတို့၌အပ်ပေးတော်မူ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၉(Matt 9:1-8);
၁ ထိုအခါ ကိုယ်တော်သည် လှေစီး၍ကူးပြန်သဖြင့်၊ မိမိမြို့သို့ရောက်တော်မူ၏။
၂ လက်ခြေသေ၍ အိပ်ရာ ပေါ်မှာတုံးလုံးနေသောသူတယောက်ကို အထံတော်သို့ဆောင်ခဲ့ကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်လျှင် လက်ခြေသေသောသူအား၊ ငါ့သား မစိုးရိမ်နှင့်။ သင်၏အပြစ်ကိုလွတ်စေပြီဟု မိန့်တော်မူ၏။
၃ ကျမ်းပြု ဆရာအချို့တို့က၊ ဤသူသည်ဘုရားကိုလွန်ကျူး၍ပြောသည်ဟုထင်ကြ၏။
၎ ယေရှုသည် ထိုသူတို့၏စိတ်ကိုသိမြင် တော်မူလျှင်၊ သင်တို့သည် အဘယ်ကြောင့်ငြူစူသော စိတ်ရှိကြသနည်း။
၅ အဘယ်စကားကိုသာ၍ပြောလွယ်သနည်း။ သင်၏အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော။ သင်ထ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။
၆ လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကိုသင်တို့သိစေခြင်းငှါထလော့။ ကိုယ်အိပ်ရာကိုဆောင်၍ ကိုယ်အိမ်သို့သွား လော့ဟု လက်ခြေသေသောသူအားမိန့်တော်မူ၏။
၇ ထိုသူသည်လည်း ထ၍မိမိအိမ်သို့သွားလေ၏။
၈ လူအစုအဝေး တို့သည်မြင်လျှင် အံ့သြခြင်းရှိ၍၊ လူတို့အားဤသို့သောအခွင့်ကိုအပ်ပေးတော်မူသော ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။