Friday, 10 July 2015

10-JULY-2015-(READING)

Fri the 10th:    Gen 46:1-30; Ps 37:3-40; John 16:13; 14:26; Matt 10:16-23

ကမ္ဘာဦးကျမ်း အခန်းကြီး ၄၆ (Gen 46:1-30);

၁ ထိုအခါ ဣသရေလသည် မိမိဥစ္စာရှိသမျှနှင့်တကွ ခရီးသွား၍ ဗေရရှေဘအရပ်သို့ ရောက်လျှင်၊ မိမိအဘ ဣဇာက်၏ ဘုရားသခင်အား ယဇ်ပူဇော်ခြင်းကိုပြုလေ၏။
၂ ညဥ့်အခါ ဗျာဒိတ်တော်အားဖြင့် ဘုရားသခင်က၊ ယာကုပ်၊ ယာကုပ်ဟု ခေါ်တော်မူလျှင်၊ ယာကုပ်က အကျွန်ုပ်ရှိပါ၏ဟု လျှောက်လေ၏။
၃ ထာဝရဘုရားကလည်း၊ ငါသည် ဘုရားသခင်ဖြစ်၏။ သင့်အဘ၏ ဘုရားသခင်ဖြစ်၏။ အဲဂုတ္တုပြည်သို့ သွားမည်အခွင့်ကို မစိုးရိမ်နှင့်။ ငါသည် ထိုပြည်၌ သင့်ကိုလူမျိုးကြီး ဖြစ်စေမည်။
၎ အဲဂုတ္တုပြည်သို့ သင်နှင့်အတူ ငါသွားမည်။ တဖန် ငါဆောင်ခဲ့ဦးမည်။ ယောသပ် သည် မိမိလက်ကို သင်၏မျက်စိပေါ်မှာ တင်ရလိမ့်မည်ဟု မိန့်တော်မူ၏။
၅ တဖန် ယာကုပ်သည်၊ ဗေရရှေဘအရပ်မှထွက်၍၊ သူစီးစရာဘို့ ဖာရောမင်းပေးလိုက်သော လှည်းတို့ဖြင့် ဣသရေလ၏ သားတို့သည် အဘမှစ၍ မိန်းမများနှင့် သူငယ်များတို့ကို ဆောင်လျက်၊
၆ ခါနာန်ပြည်၌ရသော တိရစ္ဆာန်များနှင့် ဥစ္စာများကိုလည်းယူ၍ အဲဂုတ္တုပြည်သို့ သွားကြ၏။
၇ ယာကုပ်သည် ကိုယ်တိုင်မှစ၍ သားသမီး မြေးတည်းဟူသော အမျိုးအနွှယ်အပေါင်းတို့ကို အဲဂုတ္တုပြည်သို့ ဆောင်သွားလေ၏။
၈ အဲဂုတ္တုပြည်သို့ရောက်သော ဣသရေလသားတို့၏ အမည်ကား၊ ယာကုပ်နှင့် သူ၏သားများ။ သားဦး ရုဗင်။
၉ ရုဗင်သား။ ဟာနုတ်၊ ဖါလု၊ ဟေဇရုံ၊ ကာမိ။
၁၀ ရှိမောင်သား။ ယေမွေလ၊ ယာမိန်၊ သြဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန်အမျိုးမိန်းမ၏သား ရှောလ၊
၁၁ လေဝိသား။ ဂေရရှုံ၊ ကောဟတ်၊ မေရာရိ။
၁၂ ယုဒသား။ ဧရ၊ သြနန်၊ ရှေလ၊ ဖါရက်၊ ဇာရ။ ထိုသူတို့တွင် ဧရနှင့်သြနန်သည် ခါနာန်ပြည်၌ သေသတည်း။ ဖါရက်သား၊ ဟေဇရုံနှင့် ဟာမုလ။
၁၃ ဣသခါသား။ တောလ၊ ဖုဝါ၊ ယောဘ၊ ရှိမရုန်။
၁၄ ဇာဗုလုန်သား။ သရက်၊ ဧလုန်၊ ယာလေလ။
၁၅ ဤသူတို့ကား၊ ယာကုပ်မယား လေအာသည် ပါဒနာရံအရပ်၌ဘွားသော သားတည်း။ သမီးဒိနနှင့်တကွ၊ သားသမီးပေါင်း သုံးဆယ်သုံး။
၁၆ ဂဒ်သား။ ဇိဖျန်၊ ဟဂ္ဂိ၊ ရှုနိ၊ ဧဇဗုန်၊ ဧရိ၊ အရောဒိ၊ အရေလိ။
၁၇ အာရှသား။ ယိမန၊ ဣရွှာ၊ ဣရွှီ၊ ဗေရိယ၊ နှမစေရတည်း။ ဗေရိယသား၊ ဟေဗာနှင့် မာလချေလ။
၁၈ ဤသူတို့ကား၊ လာဗန်သည် သမီးလေလအား၊ လက်ဖွဲ့ သော ယာကုပ်မယား ဇိလပဘွားသောသားတည်း။ ပေါင်းတဆယ်ခြောက်။
၁၉ ယာကုပ်မယာား ရာခေလသား။ ယောသပ်နှင့် ဗင်္ယာမိန်။
၂၀ အဲဂုတ္တုပြည်၌ သြနမြို့၏ ယဇ်ပုရောဟိတ် ပေါတိဖေရသမီး အာသနတ်တွင် ယောသပ်နှင့်ရသောသား၊ မနာရှေနှင့် ဧဖရိမ်။
၂၁ ဗင်္ယာမိန်သား။ ဗေလ၊ ဗခါ၊ အာရှဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ။
၂၂ ဤသူတို့ကား၊ ယာကုပ်မယား ရာခေလဘွားသော သားတည်း။ ပေါင်းတဆယ်လေး။
၂၃ ဒန်သား။ ဟုရှိမ်။
၂၄ နဿာလိသား ယာဇေလ၊ ဂုနိ၊ ယေဇာ၊ ရှိလင်။
၂၅ ဤသူတို့ကား လာဗန်သည် သမီးယာခေလအား လက်ဖွဲ့သော ယာကုပ်မယား ဗိလဟာဘွားသော သားတည်း။ ပေါင်းခုနစ်။
၂၆ ယာကုပ်ချွေးမ များကို မဆိုဘဲ၊ ယာကုပ်မှဆင်းသက်၍၊ သူနှင့်အတူ အဲဂုတ္တုပြည်သို့ သွားသော လူပေါင်းကား၊ ခြောက်ဆယ်ခြောက် ယောက်တည်း။
၂၇ အဲဂုတ္တုပြည်၌ ယောသပ်ရနှင့်သော သားနှစ်ယောက် ရှိ၏။ သို့ဖြစ်၍ အဲဂုတ္တုပြည်သို့ရောက်သော ယာကုပ်၏ အမျိုးသားအပေါင်းကား ခုနစ်ဆယ်တည်း။
၂၈ ယောသပ်ထံသို့ ဂေါရှင်ပြည်ကို သွားစေခြင်းငှါ ယုဒကို အရင်စေလွှတ်ပြီးမှ ဂေါရှင်ပြည်သို့ ရောက်ကြ၏။
၂၉ ယောသပ်သည် ရထားကိုပြင်၍ အဘဣသရေလကို ခရီးဦးကြိုပြုခြင်းငှါ ဂေါရှင်ပြည်သို့ သွား၍ အဘရှေသို့ ရောက်သော် အဘ၏လည်ပင်းကိုဘက်လျက် ကြာကြာငိုလေ၏။
၃၀ ဣသရေလကလည်း၊ ယခုငါသေပါစေသော။ သင်၏မျက်နှာကို ငါမြင်ရပြီ။ သင်သည် အသက်ရှင်သေး၏ဟု ယောသပ်အား ဆိုလေ၏။

ဆာလံကျမ်း အခန်းကြီး ၃၇ (Ps 37:3-40);

၃ ထာ ဝရဘုရားကို ခိုလှုံ၍ ကောင်းသောအကျင့်ကိုကျင့်လော့၊၊ ပြည်တော်၌ နေ၍ သစ္စာတရားကိ ကျက်စားလော့၊၊
၎ ထာဝရဘုရား၌ မွေ့လျော်ခြင်း ရှိလော့၊၊ သို့ပြုလျှင် စိတ်နှလုံးအလို ပြည့်စုံရသော အခွင့်ကို ပေးတော်မူမည်၊၊
၅ ကိုယ်အမှု အရာကို ထာဝရဘုရား၌ အပ်လော့၊၊ ကိုယ်တော်ကို ကိုးစားလော့၊၊
၆ သို့ပြုလျှင်စီရင်တော်မူမည်၊၊  သင်၏ ဖြောင့်မတ်ခြင်းအကြောင်းကို အလင်းကဲ့သို့၎င်း၊ တရားသဖြင့် ပြုခြင်းအရာကို မွန်းတည့် ရောင်ခြည်ကဲ့သို့၎င်း၊ ဘော်ပြ တော်မူမည်၊၊
၇ ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာ နေ၍ ကိုယ်တော်ကို ငံ့လင့်လော့၊၊ မိမိအမှု၌ အောင်တတ်သော သူ၊ မကောင်းသော အကြံအစည်တို့ကို ပြီးစီးစေသောသူ၏ အကြောင်းကြောင့် စိတ်မပူနှင့်၊၊
၈ အမျက်မထွက်စေနှင့်။  ဒေါသစိတ်ကို စွန့်ပယ်လော့၊၊ ပြစ်မှားစေခြင်းငှါ တိုက်တွန်းတတ်သော စိတ်မရှိစေနှင့်၊၊
၉ ပြစ်မှားသော သူတို့သည် ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်၊၊ ထာဝရဘုရားကို မြော်လင့်သော သူတို့မူကား ၊ ပြည်တော်ကို အမွေခံရကြလိမ့်မည်။
၁၀ ခဏကြာပြီးမှ မတရားသောသူသည် မရှိရ၊၊ သူ၏ နေရာကို စေ့စေ့ရှာ၍ မတွေ့ရ၊၊
၁၁ စိတ်နှိမ့်ချသော သူတို့မူကား၊ ပြည်တော်ကို အမွေခံ၍ များပြားသော ငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်၊၊
၁၂ မတရားသောသူသည် ဖြောင့်မတ် သော သူတဘက်၌ ကြံစည်၍ အံ့သွားခဲကြိတ်တတ်၏၊၊
၁၃ သို့သော်လည်း သူ၏နေ့ရက်အချိန်ရောက်မည်ကို ဘုရားရှင် သိမြင်၍သူ့ကို ပြုံးရယ်တော်မူ၏၊
၁၄ မတရားသောသူတို့သည် ဆင်းရဲငတ်မွတ်သော သူတို့ကို လှဲချခြင်းငှါ၎င်း ဖြောင့်မတ် စွာကျင့်သော သူတို့ကို သတ်ခြင်းငှါ၎င်း၊ ထားကိုထုတ်လျက် လေးကိုတင်လျက် နေတတ်ကြ၏၊၊
၁၅ သို့သော်လည်း သူတို့ထားသည် သူတို့နှလုံးထဲသို့ ဝင်လိမ့်မည်၊၊ သူတို့လေးတို့သည်လည်း ကျိုးကြလိမ့်မည်၊၊
၁၆ ဖြောင့်မတ်သောသူ၌ နည်းသောဥစ္စာသည် မတရားသောသူကြီးတို့၌ ကြွယ်ဝသော ဥစ္စာထက်သာ၍ ကျေးဇူးရှိ၏၊၊
၁၇ အကြောင်းမူကား ၊ မတရားသောသူ၏ လက်ရုံးသည် ကျိုးရလိမ့်မည်၊၊ ဖြောင့်မတ်သောသူကိုကား ထာဝရဘုရားမစတော်မူ၏၊၊
၁၈ ဖြောင့်မတ်သော သူတို့၏ နေ့ရက်ကာလကို ထာဝရဘုရား သိမှတ်တော်မူ၍ သူတို့၏ အမွေဥစ္စာသည် အစဉ်အမြဲတည်လိမ့်မည်၊၊
၁၉ သူတို့သည် ခဲယဉ်းသော ကာလ၌ မျက်နှာမပျက်၊ အစာခေါင်းပါးသည် ကာလ၌ ဝစွာစားရကြ၏၊
၂၀ မတရားသော သူတို့မူကား ပျက်စီးခြင်းသို့ ရောက်ရကြလိမ့်မည်၊၊ ထာဝရဘုရား၏ ရန်သူတို့သည် ကျက်စားရာ အရပ်၏ အသရေကဲ့သို့ ဆုံး၍ မီးခိုးဖြစ်လျက် ကွယ်ပျောက်ကြလိမ့်မည်၊၊
၂၁ မတရားသောသူသည် ချေးငှား၍ မဆပ်ဘဲနေတတ်၏၊၊ ဖြောင့်မတ်သောသူမူကား၊ သနားသောစိတ်ရှိ၍ ပေးတတ်၏။ 
၂၂ ကောင်းကြီးပေး တော်မူခြင်းကို ခံရသောသူသည် ပြည်တော်ကို အမွေခံရလိမ့်မည်၊၊ ကျိန်တော်မူခြင်းကို ခံရသောသူမူကား ပယ်ရှင်းခြင်းကို ရောက်ရလိမ့်မည်၊၊
၂၃ ကောင်းသောသူ၏ ခြေရာတို့ကို ထာဝရဘုရားသည် ပဲ့ပြင်၍ သူသွားရာလမ်းကို နှစ်သက်တော်မူ၏၊၊
၂၄ ထိုသူသည်လဲသော်လည်း ဆုံးရာသို့မရောက်ရ၊၊ အကြောင်း မူကား ၊ ထာဝရဘုရားသည် သူ၏ လက်ကို ကိုင်မတော်မူ၏၊
၂၅ ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကို ခံရသည့်အကြောင်း သူ၏ သားမြေးတို့သည် တောင်း၍ စားရသည် အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည်တိုင် အောင်မမြင်စဖူး၊၊
၂၆ သူသည် အစဉ်သနားသော စိတ်ရှိသည်နှင့် သူတပါးတို့အား ချေးငှါးတတ်သည်ဖြစ်၍ သူ၏ သားမြေးတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြ၏။
၂၇ ဒုစရိုက်ကို လွဲရှောင်၍ သုစရိုက်ကို ပြုလော့၊၊ သို့ပြုလျှင် အစဉ်အမြဲနေရလိမ့်မည်၊၊
၂၈ ထာဝရဘုရားသည် တရားကို နှစ်သက်တော်မူ၏၊၊ မိမိသန့်ရှင်းသူတို့ကိုလည်း စွန့်တော်မ မူ၊၊ သူတို့သည် စောင့်မတော်မူခြင်းကို အစဉ်အမြဲ ခံရကြလိမ့်မည်၊၊ မတရားသောသူ၏ သားမြေးတို့မူကား ပယ်ရှင်းခြင်း ကို ခံရကြလိမ့်မည်၊၊
၂၉ ဖြောင့်မတ်သော သူတို့သည် ပြည်တော်ကို အမွေခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်။ 
၃၀ ဖြောင့်မတ်သော သူ၏ နှုတ်သည် ပညာကို မြွက်ဆိုတတ်၏၊ သူ၏လျှာသည်လည်း တရားသော စကားကို ပြောဆို တတ်၏၊၊
၃၁ ထာဝရဘုရား၏ တရားတော်သည် သူ၏ စိတ်နှလုံးထဲမှာ တည်သည်ဖြစ်၍ သူသွားသောအခါ မချော်မလဲ ရ၊၊
၃၂ မတရားသော သူသည် ဖြောင့်မတ်သောသူကို ချောင်း မြောင်း၍ သတ်ခြင်းငှါ ရှာကြံတတ်၏၊၊
၃၃ သို့သော်လည်း ထာဝရဘုရားသည် ထိုသူ၏ လက်၌ ဖြောင့်မတ်သောသူ ကို စွန့်ပစ်တော်မူမည်မဟုတ်၊၊ အစစ်ခံရသောအခါ အပြစ် စီရင်တော်မူမည်မဟုတ်၊၊
၃၄ ထာဝရဘုရားကို မြော်လင့်၍ လမ်းတော်ကို ရှောက်သွားလော့၊၊ ပြည်တော်ကို အမွေခံရ သော အခွင့်နှင့် မြှောက်တော်မူမည်၊၊ မတရားသော သူတို့ ဆုံးရှုံးခြင်းကို သင်သည် ကြည့်မြင်ရလိမ့်မည်၊၊
၃၅ မတ ရားသောသူသည် အစိုးတရပြု၍ ပေါက်ရင်းအရပ်မှာ ကြီးပွားသော သစ်ပင်လန်းလန်းရှိသကဲ့သို့ ကိုယ်ကို ကိုယ်ပြန့်ပွား စေသည်ကို ငါမြင်ရသော်လည်း
၃၆ နောက်တဖန် သူသည် ရွေ့သွား၍ ကွယ်ပျောက်၏၊၊ သူ့ကိုလည်း ငါရှာ၍ မတွေ့ရ။
၃၇ စုံလင်ခြင်းတရားကို စောင့်ရှောက်လော့၊၊ ဖြောင့်မတ်ခြင်း တရားကို ကြည့်ရှုဆင်ခြင်လော့၊၊ ထိုသို့ပြုသောသူသည် အဆုံး၌ ငြိမ်သက်ခြင်းကို ခံစားရလိမ့်မည်၊
၃၈ ပြစ်မှားသော သူအပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်၍ မတရားသော သူတို့သည် အဆုံး၌ ပယ်ရှားခြင်းကို ခံရကြလိမ့်မည်၊၊
၃၉ ဖြောင့်မတ်သော သူတို့၏ ကယ်တင်ခြင်းအမှုကို ထာဝရ ဘုရားစီရင်တော်မူ၏၊၊ ဘေးရောက်သည့် ကာလ၌ သူတို့ခိုလှုံရာ ဖြစ်တော်မူ၏၊၊
၄၀ ထာဝရဘုရားသည် သူတို့ကို မစကယ်တင်တော်မူမည်၊၊ ယုံကြည်ခိုလှုံသောကြောင့် မတရားသော သူတို့လက်မှ နှုတ်ယူကယ်တင်တော်မူမည်၊၊


ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၆ (John 16:13; 14:26);

၁၃ သမ္မာတရား နှင့် ပြည့်စုံသောထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင် ပြသလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည်မဟုတ်။ ကြားသမျှ တို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အားဘော်ပြလိမ့်မည်။ 

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄

၂၆ ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္ဈယ်ဆရာတည်း ဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသောစကားတို့ကို မှတ်မိသောဥာဏ်ကို သင်တို့အား ပေးတော်မူမည်။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၀ (Matt 10:16-23);

၁၆ တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထို့ကြောင့် သင်တို့သည် မြွေကဲ့သို့လိမ္မာလျှက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျှက်ရှိကြလော့။
၁၇ လူတို့ကို သတိပြုကြ။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့ အပ်နှံကြလိမ့်မည်။ တရားစရပ်တို့၌ ရိုက်ကြလိမ့်မည်။
၁၈ ထိုသူတို့မှစ၍ တပါးအမျိုးသား တို့အား သက်သေဖြစ်စေခြင်းငှာ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့်သင်တို့ကိုပို့ဆောင်ကြလိမ့်မည်။
၁၉ သင်တို့ကို အပ်နှံသောအခါ အဘယ်သို့ပြောရမည်ကို မစိုးရိမ်ကြနှင့်။ ပြောရသောစကားကို ထိုခဏခြင်းတွင် သင်တို့သည် ရကြလိမ့်မည်။
၂၀ အကြောင်းမူကား၊ သင်တို့အလိုအလျောက် ပြောကြသည်မဟုတ်။ သင်တို့အဘ၏ ဝိညာဉ်တော် သည် သင်တို့အားဖြင့် ပြောတော်မူ၏။
၂၁ ထိုအခါ ညီအစ်ကိုချင်း တယောက်ကိုတယောက်သေစေခြင်းငှာ အပ်ကြ လိမ့်မည်။ အဘသည်လည်း သားကိုအပ်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကို ရန်ဘက်ပြု၍ သေစေကြ လိမ့်မည်။
၂၂ လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကိုမုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင် အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။
၂၃ တမြို့၌ သင်တို့ကို ညှင်းဆဲလျှင် တမြို့သို့ပြေးကြလော့။ ငါအမှန်ဆိုသည်ကား၊ ဣသရေလမြို့ရွာ ရှိသမျှ တို့ကို သင်တို့လှည့်လည်၍ မကုန်မှီလူသားသည် ကြွလာလိမ့်မည်။