Saturday, 4 July 2015

4-JULY-2015-(READING)

Sat the 4th:        Optional memorial of Elizabeth of Portugal.
Gen 27:1-29; Ps 135:1-6; John 10:27; Matt 9:14-17

ကမ္ဘာဦးကျမ်း အခန်းကြီး ၂၇(Gen 27:1-29);

၁ ထိုနောက် ဣဇာက်သည် အို၍မျက်စိမှုန်သဖြင့် မမြင်နိုင်သောအခါ၊ သားအကြီး ဧသောကို၊ ငါ့သားဟု ခေါ်လျှင်၊ ကျွန်ုပ်ရှိပါ၏ဟု ထူးလေ၏။
၂ အဘကလည်း ယခုငါအိုလှပြီ။ အဘယ်သောအခါ သေရမည်ကိုငါမသိ။
၃ မသေမှီငါ့ဝိညာဉ်သည် သင့်ကိုကောင်းကြီးပေးမည်အကြောင်း၊ သင်၏လက်နက်တည်း ဟူသော လေးနှင့်မြားတောင့် ကို ဆောင်ယူလျှက် တောသို့သွား၍၊ ငါစားစရာဘို့ အမဲကောင်ကို ရအောင်ရှာပြီးလျှင်၊
၎ ငါမြိန်ရှက်တတ်သော အမဲ ဟင်းလျာကို ချက်၍ ငါ့ထံသို့ယူခဲ့ပါလော့ဟု ပြောဆို၏။
၅ ထိုသို့ ဣဇာက်သည် သားဧသောအား ပြောဆိုသော စကားကို၊ ရေဗက္ကကြားသည်ဖြစ်၍၊ ဧသောသည် အမဲသားကိုရအောင်တောသို့ အရှာသွားစဉ်တွင်၊
၆ ရေဗက္ကသည် သားယာကုပ်ကိုခေါ်၍၊
၇ သင်၏အဘက၊ ငါမသေမှီ ထာဝရဘုရား၏ရှေ့တော်မှာ သင့်ကိုငါကောင်းကြီးပေးမည် အကြောင်း၊ ငါစားစရာဘို့ အမဲသားကိုယူခဲ့၍၊ အမဲဟင်းလျာကိုချက်ပါဟု သင်၏အစ်ကို ဧသောအားပြောသည်ကို ငါကြားပြီ။
၈ သို့ဖြစ်၍ ငါ့သား၊ ငါမှာထားသမျှသောစကားကို နားထောင်ပါလော့။
၉ ယခုဆိတ်စုရှိရာသို့သွား၍၊ ကောင်းသော ဆိတ်သငယ်နှစ်ကောင်ကို ငါ့ထံသို့ယူခဲ့ပါလော့။ သင်၏အဘ မြိန်ရှက်တတ်သော အမဲဟင်းလျာကို ငါချက်မည်။
၁၀ သင်၏အဘမသေမှီသင့်ကို ကောင်းကြီးပေးမည်အကြောင်း၊ ထိုအစာကို အဘစားစေခြင်းငှါ သင်သည် အဘထံသို့ ပို့ဆောင်ရမည်ဟု ဆိုလေ၏။
၁၁ ယာကုပ်ကလည်း၊ ကျွန်ုပ်အစ်ကို ဧသောကား အမွေးရှိသောသူ၊ ကျွန်ုပ်ကား ချောမွှတ်သောသူဖြစ်၏။
၁၂ ကျွန်ုပ်အဘသည် ကျွန်ုပ်ကိုစမ်းသပ်ကောင်း စမ်းသပ်လိမ့်မည်။ သို့ဖြစ်လျှင် ကျွန်ုပ်ကို လှည့်စားသောသူဟူ၍ ထင်သဖြင့်၊ ကျွန်ုပ်သည် မင်္ဂလာကိုမရဘဲ ကျိန်ခြင်းအမင်္ဂလာကိုသာ ခံရလိမ့် မည်ဟု အမိကိုဆိုလေ၏။
၁၃ အမိရေဗက္ကကလည်း၊ ငါ့သား၊ သင်ခံရသော ကျိန်ခြင်းအမင်္ဂလာသည် ငါ၌သင့်ရောက် ပါစေ။ ငါ့စကားကို နားထောင်၍ ဆိတ်သငယ်တို့ကိုသာ ယူခဲ့ပါဟု ဆိုသည်အတိုင်း၊
၁၄ သူသည် သွား၍ဆိတ်သငယ် တို့ကို အမိထံသို့ယူခဲ့သဖြင့်၊ အမိသည်လည်း အဘမြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက်လေ၏။
၁၅ ထိုအခါ ရေဗက္ကသည် အိမ်တွင် မိမိလက်၌ ရှိသော သားကြီးဧသော၏အဝတ်၊ ကောင်းမွန်သောအဝတ်ကို ယူ၍၊ သားငယ် ယာကုပ်ကို ဝတ်စေလျှက်၊
၁၆ ဆိတ်သငယ်၏သားရေကိုလည်း ယူ၍ သူ၏လက်၌၎င်း၊ လည်ပင်ချောသောဘက်၌၎င်း ဆင်ယင်ပြီးလျှင်၊
၁၇ မိမိချက်သော အမဲဟင်းနှင့် မုန့်ကိုသား ယာကုပ်လက်၌ အပ်ပေး၏။
၁၈ ယာကုပ်လည်း အဘထံသို့သွား၍ အဘဟုခေါ်လေ၏။ အဘကလည်း ငါရှိ၏ငါ့သား။ သင်သည် အဘယ် သူနည်းဟု မေး၏။
၁၉ ယာကုပ်ကလည်း၊ အကျွန်ုပ်ကား သားအကြီးဧသောဖြစ်ပါ၏။ အဘမှာထား သည်အတိုင်း ပြုပါပြီ။ ထ၍ထိုင်ပါ။ အဘ၏ဝိညာဉ်သည် အကျွန်ုပ်ကို ကောင်းကြီးပေးမည်အကြောင်း၊ အကျွန်ုပ်၏အမဲသားကို စားပါလော့ဟု ဆိုလေ၏။
၂၀ အဘဣဇာက်ကလည်း၊ ငါ့သား၊ ဤမျှလောက် လျှင်မြန်စွာ တွေ့ရသောအကြောင်းကား၊ အဘယ်သို့ နည်းဟု သားအားမေးလျှင်၊ အဘ၏ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်ရှိရာသို့ ဆောင်ခဲ့တော်မူသောကြောင့်၊ လျှင်မြန်စွာ တွေ့ရပါသည်ဟု ပြန်ဆိုလေ ၏။
၂၁ ဣဇာက်ကလည်း၊ ငါ့သား၊ သင်သည် ငါ့သားဧသောမှန်သည် မမှန်သည်ကို သိလို၍၊ သင့်ကိုငါစမ်းသပ် စေခြင်းငှါ၊ ငါ့ထံပါးသို့ ချဉ်းကပ်ပါလော့ဟုဆိုလျှင်၊
၂၂ ယာကုပ်သည် အဘထံ ပါးသို့ ချဉ်းကပ်၍၊ အဘသည် စမ်းသပ်လျက်၊ အသံကား ယာကုပ်၏အသံ၊ လက်တို့ကား ဧသော၏လက်ဖြစ်ပေ တည်းဟု ဆိုလေ၏။
၂၃ ထိုသို့ သူ၏လက်တို့သည် ဧသော၏လက်ကဲ့သို့ အမွေးပါသောကြောင့်၊ ယာကုပ်ဖြစ်မှန်းကို အဘမရိပ်မိသဖြင့်၊ ကောင်းကြီးပေးလေ၏။
၂၄ သို့ရာတွင် တဖန်ကား၊ သင်သည် ငါ့သားဧသောစင်စစ် အမှန်ဖြစ် သလောဟု မေးပြန်လျင်၊ မှန်ပါသည်ဟုဆို၏။
၂၅ အဘကလည်း၊ ငါ့ထံပါးသို့ သွင်းခဲ့ပါ။ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းကြီးပေးမည်အကြောင်း၊ ငါ့သား၏အမဲသားကို ငါစားအံ့ဟုဆိုလျှင်၊ ယာကုပ်သည် အဘထံသို့သွင်း၍၊ အဘ စားလေ၏။ စပျစ်ရည်ကိုလည်း ပေး၍ အဘသောက်လေ၏။
၂၆ ထိုနောက် အဘက၊ ငါ့သား ချဉ်းကပ်၍ ငါ့ကိုနမ်းပါလော့ဟုဆိုလျှင်၊ ယာကုပ်သည်ချဉ်းကပ်၍ အဘကို နမ်းလေ၏။
၂၇ အဘဣဇာက်ကလည်း၊ သူ့အဝတ်၏အနံ့ကိုခံ၍ ကြည့်ပါ။ ငါ့သား၏အနံ့သည်၊ ထာဝရဘုရား ကောင်းကြီးပေး တော်မူသော လယ်၏အမွှေးအကြိုင်နှင့်တူ၏။
၂၈ ထိုကြောင့်၊ ဘုရားသခင်သည် မိုဃ်းကောင်းကင်၏ နှင်းကို၎င်း၊ မြေကြီး၏ဆီဥကို၎င်း၊ များစွာသောဆန်စပါး၊ စပျစ်ရည်ကို၎င်း၊ သင့်အားပေးတော်မူစေသတည်း။
၂၉ သူတပါးတို့သည် သင်၌ကျွန်ခံ၍၊ အပြည်ပြည်တို့သည် သင့်ရှေ့မှာ ဦးညွှတ်ရကြစေသတည်း။ သင်သည် သင်၏ညီအစ်ကိုတို့ရှေ့၌ အရှင်ဖြစ်၍၊ သင့်အမိ၏သားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ရကြစေသတည်း။ သင့်ကိုကျိန်ဆဲသောသူ အပေါင်းတို့သည် ကျိန်ဆဲခြင်းကို ခံရကြ စေသတည်း။ သင့်ကို ကောင်းကြီးပေးသောသူ အပေါင်းတို့သည် ကောင်းကြီးကို ခံရကြစေ သတည်းဟု ကောင်းကြီးပေးလေ၏။

ဆာလံကျမ်း အခန်းကြီး ၁၃၅ (Ps 135:1-6);

၁ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြလော့၊ ထာဝရဘုရား၏ အိမ်တော်ကို ချီးမွမ်းကြလော့။
၂ ထာဝရဘုရား၏ အိမ်တော်၊ ငါတို့ဘုရားသခင်၏ အိမ်တော်တန်တိုင်းတွင် အမှုစောင့်သော ထာဝရဘုရား၏ ကျွန်တော်တို့၊ ချီးမွမ်းခြင်းကို ပြုကြလော့။
၃ ထာဝရဘုရားသည် ကောင်းမြတ်တော်မူသောကြောင့်၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို ထောမနာသီချင်း ဆိုကြလော့။ ထိုသို့သော အမှုသည် တင့်တယ်လျောက်ပတ်ပေ၏။
၎ အကြောင်းမှုကား၊ ထာဝရဘုရားသည် ယာကုပ်အမျိုးကို ကိုယ်တော်အဘို့ ၎င်း၊ ဣသရေလအမျိုးကို ဘဏ္ဍာ တော်ဖြစ်စေခြင်းငှာ၎င်း ရွေးကောက်တော်မူပြီ။
၅ ထာဝရဘုရားသည် ကြီးတော်မူကြောင်း၊ ငါတို့၏ ဘုရားရှင်သည် ဘုရားတကာတို့ ထက်မြတ်တော်မူ ကြောင်းကို ငါသိ၏။
၆ ထာဝရဘုရားသည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ နက်နဲရာအရပ်ရပ်တို့၌ အလိုတော် ရှိသမျှတို့ကို ပြုတော်မူ၏။


ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၀ (John 10:27);

၂၇ ငါ့သိုးတို့သည် ငါ့စကားသံကိုနား ထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၉ (Matt 9:14-17);

၁၄ ထိုအခါယောဟန်၏တပည့်တို့သည် အထံတော်သို့ချဉ်းကပ်၍ အကျွန်ုပ်တို့နှင့် ဖာရှိရှဲတို့သည် အဖန်တလဲလဲအစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့်ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေကြ ပါသနည်းဟု လျှောက်ကြ၏။
၁၅ ယေရှုကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့နှင့် အတူရှိစဉ် အခါသူတို့သည် စိတ်မသာညည်းတွားတတ်ကြသလော။ မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဘော်တို့နှင့် ခွာ၍ယူသွားသောအချိန်ကာလရောက်လိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
၁၆ အဝတ်ဟောင်း ကိုအထည်သစ်နှင့်ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ဖာသောအထည်သည်အဝတ်ဟောင်းကိုစား၍ အပေါက်ကျယ်တတ်၏။
၁၇ ၎င်းနည်း ဟောင်းသော သားရေဘူး၌ အသစ်သောစပျစ်ရည်ကိုထည့်လေ့မရှိ။ ထိုသို့ထည့်လျှင်၊ သားရေဘူးသည် စုတ်ကွဲသဖြင့်၊ စပျစ်ရည်သည် ယို၍ သားရေဘူးလည်းပျက်ဆီးတတ်၏။ အသစ်သောစပျစ်ရည်ကို အသစ်သော သားရေဘူး၌ထည့်လေ့ရှိ၏။ ထိုသို့ထည့်လျှင် နှစ်ပါးစလုံးမပျက်ဆီးဟုမိန့်တော်မူ၏။