Mon the 26th: Memorial of Timothy and Titus, bishops.
Heb 9:15-28; Ps 98:1-6; 2 Tim 1:10; Mark 3:22-30
ဟေဗြဲသြဝါဒစာ အခန်းကြီး ၉ (Heb 9:15-28);
၁၅ ထိုကြောင့်ပဌမ ပဋိညာဉ်တရားလက်ထက်၌ ပြစ်မှားသောအပြစ်ကို လည်းလွတ်စေခြင်းငှါ၊ ခရစ်တော်သည်အသေခံတော်မူသည်ဖြစ်၍၊ ခေါ်တော်မူသောသူတို့သည် ဂတိတော်နှင့် ယှဉ်သော ထာဝရအမွေကိုခံရမည် အကြောင်း၊ ထိုသခင်သည်ပဋိညာဉ် တရားသစ်၏ အာမခံဖြစ်တော်မူ၏။
၁၆ အမွေခံစေခြင်းငှါ အခွင့်ပေး၍ စာချုပ်သည်အမှုမှာလည်း စာချုပ်တည်လျှင် စာချုပ်သောသူသည် ဧကန်သေရမည်မှန်ပြီ။
၁၇ အကယ်၍ မသေလျှင်၊ ထိုစာချုပ်သည်မတည်၊ သေမှသာတည်၏။
၁၈ ထိုကြောင့်ပဌမပ ဋိညာဉ်တရားကို စီရင်သောအခါ၊ အသွေးနှင့် ကင်း၍မစီရင်။
၁၉ တရားတော်၌ပါသမျှသောပညတ် တို့ကိုမောရှေ သည် လူအပေါင်းတို့အားဟောပြောပြီးမှ၊ ရေနှင့် ရောနှောသောနွား၊ ဆိတ်၏အသွေးကိုယူ၍၊ အနီဆိုး သောသိုးမွေးတပ်သောဟုဿုပ်ပင်ညွန့်နှင့်၊ ကျမ်းစာကို၎င်း လူအပေါင်းကို၎င်း ဖြန်းလျက်၊
၂၀ ဤအသွေးကား၊ သင်၌ ဘုရားသခင်ဝန်ခံတော်မူသော ပဋိညာဉ်၏အသွေးဖြစ်သည်ဟု ပြောဆို၏။
၂၁ တဲတော်နှင့်ဝတ်ပြုသော တန်ဆာများ ကိုလည်း ထိုနည်းတူ အသွေးနှင့်ဖြန်းရ၏။
၂၂ ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာတို့ကို ကုန်မတတ် အသွေး အားဖြင့် စင်ကြယ်စေတတ်၏။ အသွေးမသွန်းလောင်းဘဲ အပြစ်လွှတ်ခြင်းမရှိ။
၂၃ ထိုကြောင့်၊ ကောင်းကင်ဘုံ၌ ရှိသောအရာတို့၏ ပုံများကို ထိုသို့သောယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရမည်ဖြစ်၍၊ ကောင်းကင်အရာ တို့ကို သာ၍ မြတ်သောယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရ၏။
၂၄ ထိုသို့နှင့်အညီ၊ မှန်သောသန့်ရှင်းရာဌာနတို့၏ ပုံဖြစ်သော၊ လူတို့လက်ဖြင့်လုပ်သော သန့်ရှင်းရာဌာန ထဲသို့ ခရစ်တော်သည် မဝင်ဘဲ၊ ငါတို့အတွက်ကြောင့် ယခုဘုရားသခင်၏ ရှေ့တော်၌ ကိုယ်ကိုပြခြင်းငှါ၊ ကောင်ကင် ကိုယ်ထဲသို့ ဝင်တော်မူပြီ။
၂၅ သို့သော်လည်း၊ ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းရာဌာနထဲသို့ သူတပါးအသွေးနှင့် နှစ်တိုင်း အစဉ်ဝင်ရသကဲ့သို့ ခရစ်တော်သည် အဖန်များစွာ ကိုယ်ကို ပူဇော်ရသည်မဟုတ်။
၂၆ ထိုသို့ ပူဇော်ရသည် မှန်လျှင်၊ ကမ္ဘာဦးမှစ၍ အဖန်များစွာ အသေခံတော်မူရ၏။ ယခုမူကား၊ ဤကပ်ကာလ အဆုံး၌ တခါတည်းကိုယ်ကို ပူဇော်သောအားဖြင့် အပြစ်များကိုသုတ်သင်ပယ်ရှင်းခြင်းငှါ ပေါ်ထွန်းတော်မူ၏။
၂၇ လူသည်တခါတည်းသေ၍ ထိုနောက်မှတရားစီရင်တော်မူခြင်းကိုခံရသကဲ့သို့၊
၂၈ ထိုနည်းတူ၊ ခရစ်တော်သည် လူများ အပြစ်တို့ကို ခံခြင်းငှါ တခါ တည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန်ထိုသခင်ကို မြော်လင့်လျက်နေသော သူတို့ကိုကယ်တင်ခြင်းအလိုငှါ၊ အပြစ်နှင့် မဆိုင်ဘဲပေါ်ထွန်းတော်မူလတံ့။
ဆာလံကျမ်း အခန်းကြီး ၉၈ (Ps 98:1-6);
၁ ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့၊၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ၊၊ လက်ျာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ၊၊
၂ ထာဝရ ဘုရားသည် ကယ်တင်တော်မူခြင်း ကျေးဇူးကိုထင်းရှားစေ၍ ဖြောင့်မတ်တော်မူခြင်းတရားကိုလည်း တပါးအမျိုးသား တို့ အားဘော်ပြတော်မူပြီ၊၊
၃ ဣသရေလအမျိုးသား တို့၌ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့တော်မူပြီ၊၊ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ကျေးဇူးကိုမြေကြီးစွန်း အပေါင်းတို့သည် မြင်ကြရပြီ။
၎ မြေကြီးသား အပေါင်းတို့ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကိုပြု၍ ရွှင်လန်းစွာသီချင်းဆိုလျက် ချီးမွမ်းကြလော့။
၅ စောင်းတီး၍ ထာဝရဘုရားအား သီချင်းဆိုကြလော့၊၊ စောင်းတီး၍ တုရိယသံကိုပြုကြလော့၊၊
၆ တံပိုးနှဲခရာကိုမှုတ်၍၊ ရှင်ဘုရင်တည်းဟူသော ထာဝရဘုရား ရှေ့တော်၌ ကြွေးကြော်ကြလော့။
တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး ၁ (2 Tim 1:10);
၁၀ ထိုကျေးဇူးတော်ကား၊ ငါတို့ကိုကယ်တင် သောသခင်ယေရှုခရစ်ပေါ်ထွန်း သည်အရာမှာ ယခုထင်ရှားလျက်ရှိ၏။ ထိုသခင်သည် သေခြင်းအကြောင်း ကိုပယ်ရှား၍၊ အသက်ရှင်ခြင်းအကြောင်း နှင့်မဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၃ (Mark 3:22-30);
၂၂ ယေရုရှလင်မြို့မှလာသော ကျမ်းပြုဆရာတို့ကလည်း၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏၊ နတ်ဆိုးမင်းကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဟု ဆိုကြ၏။
၂၃ ကိုယ်တော်သည် သူတို့ကိုခေါ်၍ ဥပမာကိုဆောင်တော်မူလျက်၊ စာတန်သည် စာတန်ကိုအဘယ်သို့နှင်ထုတ်နိုင်သနည်း။
၂၄ တိုင်းနိုင်ငံသည် မိမိနှင့်မသင့်မတင့်ကွဲပြားလျှင် မတည်နိုင်ရာ။
၂၅ အိမ်သည်လည်း မိမိနှင့်မသင့်မတင့် ကွဲပြားလျှင်မတည်နိုင်ရာ။
၂၆ စာတန်သည် မိမိတဘက်၌ထ၍ မိမိနှင့်မသင့်မတင့်ကွဲပြားလျှင် မတည်နိုင်ဘဲ ဆုံးခြင်းသို့ရောက်လိမ့်မည်။
၂၇ သူရဲကို ရှေ့ဦးစွာမချည်မနှောင်လျှင်၊ သူ၏အိမ်သို့ဝင်၍ သူ၏ဥစ္စာကို အဘယ်သူမျှ မလုမယူနိုင်။ သူရဲကိုချည်နှောင်ပြီးမှ သူ၏အိမ်ကိုလုယူနိုင်၏။
၂၈ ငါအမှန်ဆိုသည်ကား၊ ပြစ်မှားသောအပြစ် အမျိုးမျိုး၊ ဘုရားကိုကဲ့ရဲ့သော အပြစ်အမျိုးမျိုး ရှိသမျှတို့နှင့် လွတ်စေခြင်းအခွင့်ကို လူသားတို့သည် ရနိုင်ကြ၏။
၂၉ သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူသည် အပြစ်လွတ်စေခြင်းအခွင့်ကို အဘယ်ကာလ၌မျှ မရနိုင်ကြ။ ထာဝရအပြစ်ဒဏ်ကို ခံရသောသူဖြစ်ပေ၏ဟု မိန့်တော်မူ၏။
၃၀ အဘယ်ကြောင့်ဤသို့မိန့်တော်မူသနည်း ဟူမူကား၊ ကိုယ်တော်သည် ညစ်ညူးသောနတ်စွဲသော သူဖြစ်သည်ဟု ဆိုကြသတည်း။