Monday, 18 April 2016

18-APR-2016 (READING EST4-YC-C2)

Mon the 18th: Acts 11:1-18; Ps 42:1-4; John 10:14; John 10:1-10

တမန်တော်ဝတ္ထု အခန်းကြီး ၁၁(Acts 11:1-18);

၁ တပါးအမျိုးသားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြသည်ဟု ယုဒပြည်၌ ရှိသော တမန်တော်တို့နှင့် ညီအစ်ကိုများတို့သည် ကြားသိကြ၏။
၂ ပေတရုသည် ယေရုရှလင်မြို့သို့ တက်လာ သောအခါ အရေဖျားလှီးခြင်းကို ခံသောသူတို့က၊
၃ သင်သည် အရေဖျားလှီးခြင်းကို မခံသောလူတို့နှင့် ပေါင်းဘော်၍ စားသောက်ပါသည်တကားဟု ဆန့်ကျင်ဘက်ပြု၍ဆိုကြ၏။
၎ ပေတရုသည်လည်း ထိုအကြောင်း အရာကို အစမှအဆုံးတိုင်အောင် ဘော်ပြသည်ကား၊
၅ ငါသည် ယုပ္ပေမြို၌ ဆုတောင်းစဉ် ဘဝင်ဖြစ်၍၊ ကောင်းကင်မှ လေးထောင့်ဖြင့်ချလွှတ်သော ချုံထည်ကဲ့သို့သော တန်ဆာသည်ဆင်းသက်၍၊ ငါ့ထံသို့ရောက် လာသည်ကို ဗျာဒိတ်ရူပါရုံအားဖြင့်မြင်၏။
၆ ထိုတန်ဆာကို စေ့စေ့ကြည့်ရှုဆင်ခြင်လျှင်၊ သားရဲမှစ၍ မြေ၌ကျင် လည်သော သားမျိုး၊ တွားတတ်သောတိရစ္ဆာန်မျိုး၊ မိုဃ်းကောင်းကင်၌ ကျင်လည်သောငှက်မျိုးတို့ကို မြင်၏။
၇ ထိုအခါ ပေတရု၊ ထ၍သတ်စားလော့ဟု ငါ့အားပြောသောစကားသံကိုလည်း ငါကြား၏။
၈ ငါကလည်း မဖြစ်နိုင်ပါသခင်။ ညစ်ညူးသောအရာနှင့် မစင်ကြယ်သောအရာသည် အကျွန်ုပ်ခံတွင်းထဲသို့ တရံတခါမျှမဝင်ဘူးပါ ဟုပြောဆို၏။
၉ နောက်တဖန် စကားသံသည်ကား၊ ဘုရားသခင်စင်ကြယ်စေတော်မူသော အရာကိုညစ်ညူးသည် မထင်နှင့်ဟု ကောင်းကင်ထဲကလာပြန်၏။
၁၀ ထိုသို့သုံးကြိမ်မြောက်အောင်ဖြစ်ပြီးလျှင်၊ ထိုအရာရှိသမျှတို့ကို ကောင်းကင်ထဲသို့ ဆွဲယူပြန်လေ၏။
၁၁ ထိုခဏချင်းတွင် ကဲသရိမြို့မှ ငါ့ထံသို့စေလွှတ်သောလူသုံးယောက် တို့သည် ငါရှိသောအိမ်အနားမှာ ရပ်နေကြ၏။
၁၂ ငါသည် တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ သွားရမည် အကြောင်း ဝိညာဉ်တော်သည် မိန့်တော်မူ၏။ ဤညီအစ်ကိုခြောက်ယောက်တို့သည်လည်း ငါနှင့်အတူသွား၍ ထိုသူ၏အိမ်သို့ ဝင်ကြ၏။
၁၃ ကောင်းကင်တမန်သည် သူ၏အိမ်၌ ထင်ရှားစွာရပ်လျက်၊ သင်သည် ယုပ္ပေမြို့သို့ လူတို့ကို စေလွှတ်၍ ပေတရုအမည်သစ်ကိုရသော ရှိမုန်ကိုခေါ်ပင့်လော။
၁၄ ထိုပေတရုသည်သင်မှစ၍ သင်၏ အိမ်၌ရှိသမျှသော သူတို့ကိုကယ်တင်တော်မူခြင်းတရားကို သင့်အားဟောပြောလိမ့်မည်ဟု မြွက်ဆိုခဲ့သော အကြောင်းအရာကို ထိုသူသည်ငါတို့အားပြန်ကြားလေ၏။
၁၅ ငါသည် ဟောပြောစပြုစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ရှေ့ဦးစွာ ငါတို့အပေါ်သို့ သက်ရောက်တော်မူသည်နည်းတူ၊ ထိုသူတို့အပေါ်သို့လည်း သက်ရောက်တော်မူ၏။
၁၆ ယောဟန်သည် ရေ၌ ဗတ္တိဇံကိုပေး၏။ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံ ကို ခံရကြလိမ့်မည်ဟု သခင်ဘုရားမိန့်တော်မူသောစကားကို ထိုအခါငါအောက်မေ့၏။
၁၇ သခင်ယေရှုခရစ်ကို ယုံကြည်သောငါတို့အား ဘုရားသခင်သည် ဆုကျေးဇူးကိုပေးတော်မူသည်နည်းတူ၊ ထိုသူတို့အားလည်း ပေးတော်မူသည်ဖြစ်သောကြောင့်၊ ငါသည်အဘယ်သို့သောသူဖြစ်၍ ဘုရားသခင်ကိုဆီးတားနိုင်သနည်းဟု ပေတရုဆို၏။
၁၈ ဤအကြောင်းအရာတို့ကို ထိုသူတို့သည်ကြားလျှင် မငြင်းဘဲနေ၍၊ အကယ်စင်စစ် ဘုရားသခင်သည် အသက်ရှင်စေခြင်းအလိုငှါ၊ နောင်တတရား ကို တပါးအမျိုးသားတို့အားလည်း ပေးတော်မူပြီဟု ဘုရားသခင် ၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။


ဆာလံကျမ်း အခန်းကြီး ၄၂ (Ps 42:1-4);

၁ သမင်ဒရယ်သည် ရေစီးသော ချောင်းကို တောင့်တသကဲ့သို့ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား၊၊
၂ ငါ့ဝိညာဉ်သည် ဘုရားသခင်တည်းဟူသော အသက်ရှင်တော်မူသောဘုရားကို ငတ်လှ ၏၊၊ အဘယ်ကာလမှ ဘုရားသခင်ထံတော်သို့ ရောက်၍ မျက်နှာပြရအံ့နည်း။
၃ သူတပါးတို့က သင်၏ ဘုရားသခင် သည် အဘယ်မှာ ရှိသနည်းဟု ငါ့ကို အစဉ်ပြောဆိုကြသဖြင့် ငါ့မျက်ရည်သည် နေ့ညဥ့်မပြတ် ငါစားစရာ ဖြစ်ရ၏၊၊
၎ ထိုအခြင်းအရာကို ငါအောက့်မေ့၍ နေစဉ်တွင် ငါ့စိတ်နလုံးသည် ကြေကွဲလျက်ရှိ၏၊၊ အကြောင်းမူကား ငါသည်လူ စုများနှင့် ပေါင်းဘော်လျက်၊ ရွှင်လန်းခြင်းအသံ၊ ထောမနာပြုခြင်းအသံတို့ကို ပြိုင်ဆို၍၊ ဓမ္မပွဲခံသောလူစုများနှင့် အတူ ဘုရားသခင်၏ အိမ်တော်သို့ ဖြည်းညင်းစွာ သွားလှလေပြီ၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၀ (John 10:14);

၁၄ ငါသည် ကောင်းသော သိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကိုသိသကဲ့သို့ ငါ၏သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၀(John 10:1-10)

၁ ငါအမှန်အကန်ဆိုသည်ကား၊ သိုးခြံထဲသို့ တံခါးဝဖြင့်မဝင် အခြားလမ်းဖြင့် ကျော်ဝင်သောသူသည် သူခိုးထားပြဖြစ်၏။
၂ သိုးထိန်းမူကား၊ တံခါးဝဖြင့်ဝင်တတ်၏။
၃ ထိုသူအား တံခါးစောင့်လည်းဖွင့်တတ်၏။ သူ၏စကားသံကို သိုးတို့သည် နားထောင်တတ်ကြ၏။ သူသည်မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်၍ ပြင်သို့ထုတ် ဆောင်တတ်၏။
၎ သိုးများကိုထုတ်သောအခါ သိုးတို့ရှေ့မှာသွား၍ သိုးများသည် သူ၏စကားသံကို ကျွမ်းသောကြောင့် လိုက်တတ်ကြ၏။
၅ မဆိုင်သောသူတို့၏စကားသံကို မကျွမ်းသောကြောင့်၊ မဆိုင်သောသူ နောက်သို့ မလိုက်ဘဲ ပြေးတတ်ကြသည် ဟုမိန့်တော်မူ၏။
၆ ထိုဥပမာပုံကို ယေရှုဟောတော်မူသည်တွင်၊ ပရိတ်သတ်တို့သည် မိန့်တော်မူသောစကားတော်၏ အနက်အဓိ ပ္ပါယ်ကို နားမလည်ကြ။
၇ ထိုကြောင့်တဖန်ယေရှုက၊ ငါအမှန်အကန်ဆိုသည်ကား၊ ငါသည် သိုးဝင်သောတံခါးဝဖြစ်၏။
၈ ငါ့ရှေ့၌ ပေါ်လာသောသူရှိသမျှတို့သည် သူခိုးထားပြဖြစ်ကြ၏။ ထိုသူတို့၏စကား သံကို သိုးတို့သည် နားမထောင်ကြ၊
၉ ငါသည် တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ်မည်။
၁၀ သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်ဖြင့်ပြည့်စုံစေခြင်းငှါ လာသတည်း။