Sun the 14th: Psalter II, Holy Week (Lent).
Palm Sunday.
Luke 19:28-40; Isa 50:4-7; Ps 22:8-24; Phil 2:6-11; Phil 2:8-9; Luke 22:14-23:56
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၉ (Luke 19:28-40);
၂၈ ထိုသို့မိန့်တော်မူပြီးမှ၊ တပည့်တော်တို့ရှေ့၌ကြွ၍ ယေရုရှလင်မြို့သို့ခရီး သွားတော်မူ၏။
၂၉ သံလွင်အမည် ရှိသောတောင်ခြေရင်း၌ ဗက်ဖာဂေရွာနှင့် ဗေသနိရွာအနီးသို့ ရောက်တော်မူသောအခါ၊ တပည့်တော်နှစ်ယောက် တို့ကိုစေလွှတ်၍၊
၃၀ သင်တို့ရှေ့၌ရှိသောရွာသို့သွားကြ။ ထိုရွာသို့ရောက်လျှင် အဘယ်သူမျှမစီးဘူးသော မြည်းကလေးချည်နှောင်လျှက်ရှိသည်ကို သင်တို့သည်တွေ့လိမ့်မည်။ မြည်းကြိုး ကိုဖြည်၍ဆောင်ခဲ့ကြ။
၃၁ သူတပါးက အဘယ်ကြောင့် မြည်းကြိုးကိုဖြေသနည်းဟု သင်တို့ကိုဆိုလျှင်၊ သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့ဟု မှာထား တော်မူ၏။
၃၂ ထိုသို့စေလွှတ်သောသူတို့သည် သွား၍ စကားတော်အတိုင်းတွေ့ကြ၏။
၃၃ မြည်းကြိုးကိုဖြည်စဉ်တွင် မြည်းရှင်တို့က၊ အဘယ်ကြောင့် မြည်းကြိုး ကိုဖြည်သနည်းဟု ဆိုလျှင်၊
၃၄ သခင်အလိုရှိသည်ဟု ပြန်ပြောကြ၏။ ယေရှုထံတော်သို့ မြည်းကလေး ကိုဆောင်ခဲ့၍၊
၃၅ မြည်းကျောပေါ်မှာ မိမိတို့အဝတ်ကိုတင်ပြီးလျှင် ကိုယ်တော်ကို စီးစေကြ၏။
၃၆ ခရီးသွား တော်မူစဉ်တွင် လူများတို့သည် မိမိတို့အဝတ်ကို လမ်း၌ခင်းကြ၏။
၃၇ သံလွင်တောင်ပေါ်က ဆင်းရာအရပ်သို့ ရောက်တော်မူသောအခါ၊ တပည့်တော်များအပေါင်းတို့သည် မိမိတို့မြင်ခဲ့ပြီးသော တန်ခိုးတော် များကိုထောက်၍ ဝမ်းမြောက်သောစိတ်နှင့် ဘုရားသခင်ကို ထောပနာပြု၍၊
၃၈ ထာဝရဘုရား၏အခွင့်နှင့် ကြွလာ တော်မူသောရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေသတည်း။ ကောင်းကင် ဘဝဂ်ဝယ် ဘုန်းကြီးပါစေသတည်း ဟုကြွေးကြော်ကြ၏။
၃၉ လူအစုအဝေး၌ပါသော ဖာရိရှဲအချို့တို့က၊ အရှင်ဘုရား၊ ကိုယ်တော်၏တပည့်တို့ကို ဆုံးမပါဟု လျှောက်ကြသော်၊
၄၀ ယေရှုကလည်း၊ ငါဆိုသည်ကား၊ ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ခြင်းကြွေးကြော်လိမ့်မည်ဟု မိန့်တော်မူ၏။
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၀ (Isa 50:4-7);
၎ ငါသည် ပင်ပန်းသော သူအား မစခြင်းငှာ စကားပြောတတ်မည်အကြောင်း၊ အရှင်ထာဝရဘုရားသည် လူတတ်၏နှုတ်သတ္တိကို ငါ့အား ပေးတော်မူပြီ။ နံနက်အစဉ်အတိုင်း ငါ့ကို နှိုးတော်မူပြီ။ စာသင်သောသူကဲ့သို့ နားထောင်စေမည့်အကြောင်း ငါ့နားကို နှိုးဆော်တော်မူပြီ။
၅ အရှင်ထာဝရ ဘုရားသည် ငါ့နားကို ဖွင့်တော်မူ၍၊ ငါလည်း မငြင်းမဆန်၊ နောက်သို့မဆုတ်၊
၆ ရိုက်သောသူတို့အား ငါ့ကျောကိုင်း၊ နားပန်ဆံကို နှုတ်သော သူတို့အား ငါ့ပါးကိုင်း၊ ငါအပ်၏၊၊ အရှက်ခွဲခြင်းနှင့် တံတွေးထွေးခြင်းမှ ငါသည် ကိုယ်မျက်နှာကို မလွှဲ။
၇ အရှင်ထာဝရဘုရား သည် ငါ့ကို စောင့်မတော်မူလိမ့်မည်၊၊ ထို့ကြောင့်၊ ငါမရှုံးရသည်ဖြစ်၍၊ ကိုယ်မျက်နှာကို မီးကျောက်ကဲ့သို့ထားလျက်၊ ရှက်ကြောက်ခြင်းသို့ မရောက်ရဟု ငါသိ၏၊၊
ဆာလံကျမ်း အခန်းကြီး ၂၂ (Ps 22:8-24);
၈ သူသည် ထာဝရဘုရားကို ကိုးစားပြီ သူ့ကို နှုတ်တော်မူပါလေစေ၊၊ သူ၌ အလိုတော်ရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ဆိုကြပါ၏၊၊
၉ သို့သော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကို အမိဝမ်းထဲက ဆွဲယူ၍ ၊နို့စို့သည်ကာလ၌ စိုးရိမ်ခြင်း အကြောင်း ကို ပယ်ရှင်းတော်မူ၏၊၊
၁၀ အကျွန်ုပ်သည် ဘွားကတည်းကပင် လက်တော်သို့ ရောက်ပါ၏၊၊ အမိဝမ်းထဲမှ စ၍ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် ဖြစ်တော်မူပါပြီ၊၊
၁၁ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်၊၊ ဘေးအန္တ ရာယ် ရောက်လုနီးပါပြီ၊၊ မစသောသူမရှိပါ၊၊
၁၂ နွားလား ဥသဘတို့သည် အကျွန်ုပ်ကို ဝိုင်း၍ အားကြီးသော ဗာရှန် ဥသဘတို့သည် ဝန်းရံလျက်နေကြပါ၏၊၊
၁၃ ကိုက်ဖြတ်၍ ဟောက်တတ်သော ခြင်္သေ့ကဲ့သို့ အကျွန်ုပ်ကို ပစပ်ဟကြပါ၏၊
၁၄ အကျွန်ုပ်သည် ရေကဲ့သို့ သွန်ခြင်းကိုခံရ၍ အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကြပါ၏၊၊ အကျွန်ုပ်နှလုံးသည် ဘယောင်းကဲ့သို့ ဖြစ်၍ ရင်ထဲမှာ အရည်ကျိုလျက် ရှိပါ၏၊၊
၁၅ အကျွန်ုပ်ခွန်အားသည် အိုးခြမ်းကဲ့သို့ ခန်းခြောက်၍ လျှာလည်း ပါးရိုး၌ ကပ်လျက်ရှိပါ၏၊၊ အကျွန်ုပ်ကို သေမြေတိုင်အောင် ချတော်မူပါပြီ၊၊
၁၆ ခွေးတို့သည် အကျွန်ုပ်ကို ဝိုင်းလျက် စုဝေးသောလူဆိုးတို့သည် ဝန်းရံလျက်နေ၍ အကျွန်ုပ်၏ လက်ခြေတို့ကိုထိုးဖောက်ကြပါပြီ၊၊
၁၇ ကိုယ်အရိုးရှိ သမျှတို့ကို အကျွန်ုပ်ရေတွက်နိုင်ပါ၏၊၊သူတို့သည် အကျွန်ုပ်ကို ကြည့်မြင်၍ အားရလျက် နေကြပါ၏၊၊
၁၈ အကျွန်ုပ် အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏၊၊
၁၉ အို ထာဝရဘုရား ၊ အကျွန်ုပ်နှင့် ဝေးဝေးနေ တော်မမူပါနှင့်၊၊ အကျွန်ုပ်၏ ခွန်အားဗလ အကျွန်ုပ်ကို မစခြင်းငှါ အလျင်အမြန် ကြွလာတော်မူပါ၊၊
၂၀ အကျွန်ုပ်အသက်ကို ထားဘေးမှ၎င်း အကျွန်ုပ်အချစ်ဆုံးကို ခွေးလက်မှ၎င်း ကယ်လွှတ်တော်မူပါ၊၊
၂၁ ခြင်္သေ့ခံတွင်းမှ အကျွန်ုပ်ကို ကယ်တင်၍ ကြံ့ဦးချိုထဲမှာ အကျွန်ုပ်ခေါ်သောအသံကို နားထောင်တော်မူပါ၊၊
၂၂ အကျွန်ုပ်သည် သိတင်းတော်ကို ညီအစ်ကိုတို့အား ကြား ပြောပါမည်၊၊ ပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊
၂၃ ထာဝရဘုရားကို ကြောက်ရွံ့သော အချင်းတို့ ချီးမွမ်းခြင်းကို ပြုကြလော့၊၊ ယာကုပ်အမျိုး အပေါင်းတို့ ဂုဏ်ကျေးဇူးတော်ကို ဘော်ပြကြလော့၊၊ ဣသရေလ အမျိုးအပေါင်းတို့ ကိုယ်တော်ကို ကြောက်ရွံ့ကြလော့၊၊
၂၄ အကြောင်းမူကား နှိမ့်ချလျက်ရှိသောသူ၏နှိမ့်ချသောအဖြစ်ကို မထီမဲ့မြင် ပြုတော်မူသည်မဟုတ်၊၊ မျက်နှာတော်ကို မလွှဲ အော်ဟစ်သောအခါ နားထောင်တော်မူပြီ၊၊
ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၂ (Phil 2:6-11);
၆ ထိုသခင်သည် ဘုရားသခင်၏သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်း အမှုဟူ၍ မထင်မမှတ်လျက်ပင်၊
၇ မိမိအသရေကိုစွန့်၍ အစေခံကျွန်၏ သဏ္ဌာန်ကိုယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။
၈ ထိုသို့လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။
၉ ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကိုအလွန်မြှောက်၍ ဘွဲ့နာမတကာ တို့ထက် ကြီးမြတ်သော ဘွဲ့နာမတော်ကို ပေးသနားတော်မူ၏။
၁၀ အကြောင်းမူကား၊ ကောင်းကင် သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါတည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ ဘွဲ့နာမတော်ကို ဒူးထောက်၍၊
၁၁ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ ဟုနှုတ်နှင့် ဝန်ခံသဖြင့်၊ ခမည်းတော် ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည်အကြောင်းတည်း။
ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၂ (Phil 2:8-9);
၈ ထိုသို့လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။
၉ ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကိုအလွန်မြှောက်၍ ဘွဲ့နာမတကာ တို့ထက် ကြီးမြတ်သော ဘွဲ့နာမတော်ကို ပေးသနားတော်မူ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၂ (Luke 22:14-23:56)
၁၄ အချိန်ရောက်မှ တမန်တော်တကျိပ်နှစ်ပါးတို့နှင့်အတူစားပွဲ၌ လျောင်းတော်မူ၍၊
၁၅ ငါသည်အသေ မခံမှီ ဤပသခါပွဲကိုသင်တို့နှင့်အတူစားခြင်းငှါ အလွန်အလိုရှိလေပြီ။
၁၆ ငါဆိုသည်ကား၊ ဘုရာသခင်၏ နိုင်ငံတော်၌ ပသခါပွဲမပြည့်စှံမှီတိုင်အောင် ယခုမှစ၍ ဤပွဲကိုတဖန် ငါမစားရဟု မိန့်တော်မူလျက်၊
၁၇ ခွက်ဖလားကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ၊ ဤခွက်ကိုယူ၍အချင်းချင်းဝေကြလော့။
၁၈ ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော် မတည်မှီတိုင်အောင်ယခုမှစ၍ စပျစ်ရည်ကိုတဖန် ငါမသောက်ရဟု မိန့်တော်မူ၏။
၁၉ ထိုအခါ မုန့်ကိုယူ၍ ကျေးဇူးတော် ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား သင်တို့အဘို့အလို ငှါစွန့်သောငါ၏ ကိုယ်ဖြစ်၏။ ငါ့ကိုအောက်မေ့ဘို့ရာ ဤသို့ပြုကြလော့မိန့်တော်မူ၏။
၂၀ ထိုနည်းတူညစာစား ပြီးမှခွက်ကိုလည်းယူ၍၊ ဤခွက်ကားသင်တို့အဘို့အလိုငှါ သွန်းသောငါ၏အသွေး၌ တည်သောပဋိညာဉ် တရားသစ်ဖြစ်၏။
၂၁ သို့သော်လည်းငါ့ကို အပ်နှံသောသူ၏ လက်သည် ဤစားပွဲပေါ်မှာ ငါ့လက်နှင့်အတူရှိ၏။
၂၂ ခွဲခန့်မှတ်သားတော်မူသည်အတိုင်းလူသားသည် သွားရမည်။ သို့သော်လည်း လူသားကို အပ်နှံသော သူသည် အမင်္ဂလာရှိ၏ ဟုမိန့်တော်မူ၏။
၂၃ တပည့်တော်တို့သည်လည်း ထိုအမှုကို အဘယ်သူပြုအံ့နည်းဟု အချင်းချင်းမေးမြန်းကြ၏။
၂၄ ထိုမှတပါးတပည့်တော်တို့သည် မိမိတို့တွင်အဘယ်သူသည် သာ၍ကြီးမြတ်သနည်းဟု အချင်းချင်း ငြင်းခုံ ခြင်းရှိသည်ဖြစ်၍၊
၂၅ ကိုယ်တော်က၊ လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အာဏာထား သောသူတို့ကိုလည်း ကျေးဇူးရှင်ဟူ၍ ခေါ်ဝေါ်ကြ၏။
၂၆ သင်တို့မူကားထိုသို့မပြုကြနှင့်၊ သင်တို့တွင်အကဲ အမှူးပြုသောသူကိုငယ်သား ကဲ့သို့ဖြစ်စေ။ အုပ်စိုးသောသူကိုလည်းအစေခံကဲ့သို့ဖြစ်စေ။
၂၇ အဘယ်သူသည် သာ၍ကြီးမြတ်သနည်း။ စားပွဲ၌လျောင်းသောသူသည် ကြီးမြတ်သလော။ လုပ်ကျွေးသောသူသည် ကြီးမြတ်သလော။ စားပွဲ၌ လျောင်းသောသူ သည်ကြီးမြတ်သည်မဟုတ်လော။ သို့သော်လည်းငါသည် သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ဖြစ်၏။
၂၈ ငါသည်စုံးစမ်းနှေင့်ရှက်ခြင်းကို ခံစဉ်တွင် သင်တို့သည်ငါ၌ မှီဝဲသောသူဖြစ်ရာ၏။
၂၉ ငါ့ခမည်းတော်သည် ငါ့အားနိုင်ငံကို ပေးတော် မူသည်နှင့်အညီ၊
၃၀ သင်တို့သည်ငါ၏ နိုင်ငံတွင်ငါ့စားပွဲ၌ စားသောက်သောအခွင့်ကို၎င်း၊ တရားပလ္လင်ပေါ် မှာထိုင်၍ ဣသရေလလူ တဆယ်နှစ်မျိုး ကိုအုပ်စိုးရသောအခွင့်ကို၎င်း၊ ငါသည်သင်တို့အားပေးမည်ဟု မိန့်တော်မူ၏။
၃၁ တဖန်သခင်ဘုရားက၊ ရှိမုန်၊ ရှိမုန်၊ ဂျုံဆန်ကိုဆန်ခါနှင့် ချသကဲ့သို့စာတန်သည် သင်တို့ကို ချရမည်အကြောင်း အခွင့်တောင်းသည် ဖြစ်၍၊
၃၂ သင်၏ ယုံကြည်သောစိတ်မပျက်စေခြင်းငှါငါသည် သင့်အဘို့ဆုတောင်းလေပြီ။ သင်သည် သတိရပြန်သောအခါသင်၏ ညီအစ်ကိုတို့ကိုတည်ကြည်စေလော့ဟု မိန့်တော်မူလျှင်၊
၃၃ ပေတရုက၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူထောင်ထဲသို့၎င်း၊ အသေသတ် ခြင်းကိုင်းလိုက်ခြင်းငှါအသင့်ရှိပါ၏ ဟု လျှောက်လေသော်၊
၃၄ သခင်ဘုရားက၊ ပေတရု၊ ငါဆိုသည်ကား၊ ယနေ့တွင်ကြက်မတွန်မှီ သင်သည် ငါ့ကိုမသိဟု သုံးကြိမ်မြောက်အောင် ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။
၃၅ တဖန် မိန့်တော်မူသည်ကား၊ အထက်ကငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းမပါဘဲသွားကြလော့ ဟုသင်တို့ကို ငါစေလွှတ်သောအခါ တစုံအခုလိုသလောဟု မေးလျှင်၊ တစုံတခုမျှမလိုပါဟု လျှောက်ကြသော်၊
၃၆ ယခုမူကားငွေအိတ် ရှိသောသူသည်ယူစေ။ လွယ်အိတ်ရှိသော သူသည်ယူစေ။ ထားမရှိသောသူသည် အဝတ်ကိုရောင်း၍ထားကိုဝယ်စေ။
၃၇ အကြောင်းမူကား၊ ထိုသူသည်မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်း သို့ရောက်၏ ဟူသောကျမ်းစာချက်သည် ငါ၌ယခုပင်ပြည့်စုံရမည်။ ငါ့အမှုအရာတို့သည် ပြီးစီးခြင်း သို့ရောက်ကြပြီဟု မိန့်တော်မူ၏။
၃၈ ထိုသူတို့ကလည်း၊ သခင်၊ ထားနှစ်စင်း ရှိပါ၏ ဟုလျှောက်လျှင်၊ တန်ပြီဟု မိန့်တော်မူ၏။
၃၉ ထိုနောက်အလေ့တော်ရှိသည်အတိုင်းသံလွင်တောင်သို့ထွက်ကြွတော်မူ၍၊ တပည့်တော်တို့သည် နောက်တော် သို့လိုက် ကြ၏။
၄၀ ထိုအရပ်သို့ ရောက်တော်မူလျှင်၊ သင်တို့သည်စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ် မည်အကြောင်းဆုတောင်းကြလော့ ဟုမိန့်တော်မူပြီးမှ၊
၄၁ တပည့်တော်တို့နှင့် ကျောက်ခဲတပစ် လောက်ခွါသွား၍ ဒူးထောက်လျက်၊
၄၂ အိုအဘ၊ အလိုတော်ရှိလျှင်ဤခွက်ကိုအကျွန်ုပ်မှ လွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း မဖြစ်ပါစေသောဟု ဆုတောင်း တော်မူ၏။
၄၃ ထိုအခါကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော်ကို အားပေးရ၏။
၄၄ ပြင်းစွာသော ဝေဒနာကိုခံလျက်အထူးသဖြင့် ကြိုးစား၍ဆုတောင်းတော်မူ၏။ ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ ကျသောသွေးစက်ခဲကဲ့သို့ဖြစ်သတည်း။
၄၅ ထိုသို့ဆုတောင်းပြီးမှ၊ ယေရှုသည် ထ၍တပည့်တော်တို့ရှိရာ သို့ပြန်သောအခါ၊ သူတို့သည်ဝမ်းနည်းသောစိတ်ရှိသည်နှင့် အိပ်ပျော်လျက်နေကြသည် ကိုတွေ့တော်မူလျှင်၊
၄၆ သင်တို့သည် အဘယ်ကြောင့်အိပ်ပျော်ကြသနည်း။ ထကြ။ စုံးစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည် အကြောင်း ဆုတောင်းကြလော့ဟု မိန့်တော်မူ၏။
၄၇ ထိုသို့မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် လူအပေါင်း တို့ကိုလမ်းပြလျက်လာ၍၊ ယေရှုကိုနမ်းခြင်းငှါချဉ်းကပ်လေ၏။
၄၈ ယေရှုကလည်း၊ ယုဒါသင်သည် နမ်းခြင်းကို ပြုလျက်လူသားကိုအပ်သလောဟု မေးတော်မူ၏။
၄၉ ယေရှုနှင့် အတူပါသောသူတို့သည် ဖြစ်အံ့သောအမှုကို မြင်လျှင်၊ သခင်၊ အကျွန်ုပ်တို့သည် ထားနှင့် ခုတ်ရပါမည်လောဟု မေးလျှောက်ပြီးမှ၊
၅၀ တယောက်သည်ယဇ်ပုရောဟိတ်မင်း ၏ ကျွန်တယောက်ကို ခုတ်သဖြင့် လက်ျာနားရွက်ပြတ်လေ၏။
၅၁ ယေရှုကလည်း၊ တန်စေဟု မိန့်တော်မူ၍ နားရွက်ကို လတ်တော်နှင့် တို့သဖြင့် အနာကိုပျောက် စေတော်မူ၏။
၅၂ ထိုအခါ အထံတော်သို့ရောက်လာသောယဇ်ပုရောဟိတ် အကြီး၊ ဗိမာန်တော်မှူး၊ လူအကြီးအကဲတို့အားယေရှုက၊ သင်တို့သည်ထားပြကိုဘမ်းသကဲ့သို့ငါ့ကိုဘမ်းအံ့သောငှါ ထားနှင့် ဒုတ်များ ကိုလက်စွဲလျက် လာကြသည်တကား။
၅၃ ငါသည် ဗိမာန်တော်၌ သင်တို့နှင့်အတူရှိနေစဉ် အခါသင်တို့သည် ငါ့ကိုမဘမ်းမဆီးကြ။ သို့သော်လည်းယခုအချိန်ကား သင်တို့အချိန်ဖြစ်၏။ မှောင်မိုက်တန်ခိုးလည်း ဖြစ်၏ ဟု မိန့်တော်မူ၏။
၅၄ ထိုသူတို့သည် ကိုယ်တော်ကိုဘမ်းဆီး၍ယဇ်ပုရောဟိတ်မင်း၏ အိမ်သို့ဆောင်သွားကြ၏။ ပေတရုသည်လည်း သူတို့နှင့်ဝေးစွာ လိုက်လေ၏။
၅၅ အိမ်ဦးအလယ်၌ မီးမွေးပြီးမှ၊ လူများတို့သည်စုဝေး ၍ထိုင်ကြလျှင်၊ ပေတရုသည် လည်း သူတို့အထဲ၌ထိုင်နေ၏။
၅၆ ထိုသို့ပေတရုသည်မီးအနားမှာထိုင်နေ သည်ကိုအစေအပါး မိန်းမတယောက်သည် မြင်လျှင်၊ သူ့ကိုစေ့စေ့ကြည့်၍၊ ဤသူသည်ယေရှုနှင့် ပေါင်းဘော်သောသူဖြစ်သည် ဟုဆိုသော်၊
၅၇ ပေတရုက၊ အချင်း မိန်းမ၊ ထိုသူကိုငါမသိဟု ငြင်းလေ၏။
၅၈ ထိုနောက်များမကြာအခြားသောသူသည် ပေတရုကိုမြင်လျှင်၊ သင်သည်လည်း ထိုသူတို့အဝင်ဖြစ်သည်ဟု ဆိုသော်၊ ပေတရုက၊ အချင်းလူ၊ ငါသည်သူတို့အဝင် မဟုတ်ဟု ဆို၏။
၅၉ တဖန် တနာရီ လောက်ကြာပြီးမှ၊ အခြားသောသူက၊ အကယ်စင်စစ် ဤသူသည် ယေရှုနှင့်ပေါင်းဘော်သောသူဖြစ်၏။ ဂါလိလဲလူ လည်းဖြစ်၏ ဟု ခိုင်မာစွာဆိုလျှင်၊
၆၀ ပေတရုက၊ အချင်းလူ၊ သင်ပြောသောအရာကိုငါမသိဟုဆို၏၊ ထိုစကားကို ပြောသောခဏခြင်းတွင် ကြက်တွန်လေ၏။
၆၁ ထိုအခါသခင်ဘုရားသည် လှည့်၍ ပေတရုကိုကြည့်တော်မူ၏။ ကြက်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင်င့ါကိုငြင်းပယ်လိမ့်မည် ဟု မိန့်တော်မူသောစကားကို ပေတရုသည် သတိရသဖြင့်၊
၆၂ ပြင်သို့ထွက်၍ ပြင်းစွာငိုကြွေးလေ၏။
၆၃ ယေရှုကိုကိုင်ဆွဲသောသူတို့သည် ကိုယ်တော်ကိုပြက်ယယ်ပြု၍ ရိုက်ပုတ်ကြ၏။
၆၄ မျက်နှာတော် ကိုဖုံးပြီး လျှင် လက်နှင့် ပုတ်လျက်၊ ကိုယ်တော်ကိုအဘယ် သူပုတ်သည်ကို ပရောဖက်ပြု၍ ဟောတော်မူပါဟု ဆိုကြ၏။
၆၅ အခြားသောစကားများဖြင့်လည်း ကိုယ်တော်ကိုကဲ့ရဲ့၍ ပြောဆိုကြသေး၏။
၆၆ မိုဃ်းလင်းသောအခါလူတို့တွင် အကြီးအကဲဖြစ်သောသူ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ တို့သည် စည်းဝေး၍ ကိုယ်တော်ကိုလွှတ်တော်သို့ဆောင်သွားပြီးလျှင်၊
၆၇ သင်သည်ခရစ်တော်မှန်လျှင် ငါတို့အား ပြောလော့ ဟုဆိုကြ၏။ ယေရှုကလည်း၊ ငါပြောလျှင် သင်တို့သည်မယုံ။
၆၈ ငါမေးလျှင်လည်း သင်တို့သည် မဖြေဘဲ၊ ငါ့ကိုမလွှတ်ဘဲ နေကြလိမ့်မည်။
၆၉ နောက်၌လူသားသည် ဘုရားသခင်၏တန်ခိုး တော်လက်ျာဘက်၌ ထိုင်တော်မူလတံ့ဟု မိန့်တော်မူ သော်၊
၇၀ ထိုသူအပေါင်းတို့က၊ သို့ဖြစ်၍သင်သည် ဘုရားသခင်၏သားတော်မှန်သည်တကားဟု ဆိုကြလျှင်၊ သင်တို့ဆိုသည် အတိုင်းမှန်သည်ဟု မိန့်တော်မူ၏။
၇၁ ထိုသူတို့ကလည်း၊ အဘယ်သက်သေလိုသေးသနည်း။ သူ၏စကားကိုငါတို့ကိုယ်တိုင်ကြားရပြီဟု ဆိုကြ၏။
၁ ထိုအခါမင်းအရာရှိ အပေါင်းတို့သည် ထ၍ကိုယ်တော်ကိုပိလတ်မင်းထံသို့ ဆောင်သွားကြပြီးလျှင်၊
၂ ဤသူသည် ပြည်သူပြည်သားများကိုလှည့်ဖြား၍၊ မိမိသည်ခရစ်တော်တည်း ဟူသောရှင်ဘုရင်ဖြစ်ကြောင်း ကိုဆိုလျက်၊ ကဲသာဘုရင်ကို အခွန်မဆက်နှင့်ဟု မြစ်တားသည်ကိုအကျွန်ုပ်တို့တွေ့ပါပြီဟု အပြစ်တင်ကြ၏။
၃ ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင်မှန်သလောဟု ယေရှုကိုမေးလျှင်၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။
၎ ပိလတ်မင်းက၊ ဤသူ၌အဘယ်အပြစ်ကိုမျှ ငါမတွေ့ဟုယဇ်ပုရောဟိတ်အကြီး တို့နှင့် လူအပေါင်းတို့အားပြောဆိုလျှင်၊
၅ ထိုသူတို့သည် သာ၍ ပြင်းစွာသောအသံနှင့် ဟစ်ကြော်လျက်၊ ဤသူသည် ဂါလိလဲပြည်မှစ၍ ဤအရပ်တိုင်အောင် ယုဒပြည်၌ အနှံ့အပြားဆုံးမသြဝါဒပေး၍ လူများကိုနှိုး ဆော်သောသူဖြစ်ပါသည်ဟု လျှောက်ဆိုကြ၏။
၆ ပိလတ်မင်းသည်ဂါလိလဲဟူ သောစကားကိုကြားလျှင်၊ ထိုသူသည်ဂါလိလဲလူဖြစ်သလော ဟုမေးမြန်း၍၊
၇ ဟေရုဒ်မင်းပိုင်သောသူဖြစ်သည်ကို သိသောအခါ ထိုမင်းထံသို့ပို့စေ၏။ ထိုအခါဟေရုဒ်မင်းသည် ယေရုရှလင်မြို့၌ ရှိသတည်း။
၈ ထိုမင်းသည် ယေရှုကိုမြင်လျှင် အလွန်ဝမ်းမြောက်ခြင်းရှိ၏။ အကြောင်းမူကား၊ အထက်က သိတင်းတော်များ ကိုကြား၍ ကိုယ်တော်ကိုမြင်ခြင်းငှါ ကြာမြင့်စွာ အလိုရှိသည်ဖြစ်၍၊ ပြတော်မူသော နိမိတ်လက္ခဏာတစုံတခုကိုမြင် ရမည်ဟု မြော်လင့်လျက်နေ၏။
၉ ထိုအခါဟေရုဒ်မင်း သည်ကိုယ်တော်ကို များစွာ မေးမြန်းသော်လည်း အဘယ်စကား ကိုမျှပြန်တော်မမူ။
၁၀ ယဇ်ပုရောဟိတ်အကြီးနှင့် ကျမ်းပြုဆရာ တို့သည် ထ၍ပြင်းထန်စွာ အပြစ်တင်ကြ၏။
၁၁ ဟေရုဒ်မင်းသည်စစ်သူရဲ တို့နှင့်တကွ ကိုယ်တော်ကို မခန့်မညားဘဲပြက်ယယ်ပြု၍ တင့်တယ်သောအဝတ်ကို ဝတ်စေပြီးမှ ပိလတ်မင်းထံသို့ပို့ပြန်စေ၏။
၁၂ ထိုနေ့၌ ပိလတ်မင်းနှင့် ဟေရုဒ်မင်းတို့သည် အချင်းချင်းအဆွေဖွဲ့ကြ၏။ အထက်ကရန်ဘက်ဖြစ်ကြသတည်း။
၁၃ တဖန်ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီး၊ မင်းအရာရှိ၊ လူများတို့ကိုခေါ်၍၊
၁၄ ပြည်သူပြည် သားများကို ပုန်ကန်စေသောသူကဲ့သို့ ဤလူကိုသင်တို့သည် ငါ့ထံသို့ပို့ဆောင်ကြသည် ဖြစ်၍၊ သင်တို့ရှေ့မှာ ငါစစ်ကြော သော်လည်း၊ သင်တို့တင်သော အပြစ်တစုံတခုကိုမျှ သူ၌ငါမတွေ့။
၁၅ ဟေရုဒ်မင်းသည်လည်း မတွေ့။ ထိုမင်းထံသို့ငါပို့ စေပြီ။ ဤသူသည် အသေသတ်ခြင်းကိုခံထိုက်သောအမှုတစုံတခု ကိုမျှမပြု။
၁၆ ထိုကြောင့်သူ့ကိုငါဆုံးမ၍လွှတ် မည်ဟုဆိုလေ၏။
၁၇ ထိုပွဲ၌လူများတို့အားတစုံတယောက်သောသူကို မလွှတ်ဘဲမနေရသတည်း။
၁၈ လူအပေါင်းတို့က၊ ထိုသူကိုထုတ်ပါလော့။ အကျွန်ုပ်တို့အား ဗာရဗ္ဗကိုလွှတ်ပါ လော့ဟု တညီတညွတ်တည်းဟစ်ကြော်ကြ၏။
၁၉ ထိုဗာရဗ္ဗကား၊ မြို့၌ပုန်ကန်ခြင်းအပြစ်၊ လူအသက်ကို သတ်ခြင်းအပြစ်ကြောင့်ထောင်ထဲ၌ လှောင်ထားသောသူဖြစ်သတည်း။
၂၀ ပိလတ်မင်းသည် ယေရှုကိုလွှတ်ချင်သောကြောင့် သူတို့အားတဖန်ပြောဆိုလေ၏။
၂၁ သူတို့က လည်း၊ ထိုသူကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ရိုက်ထားပါဟု ဟစ်ကြော်ကြ၏။
၂၂ ပိလတ်မင်းက၊ ထိုသူသည် အဘယ်အပြစ် ကိုပြုဘိသနည်း။ သေထိုက်သောအပြစ်တစုံတခုမျှ သူ၌ငါမတွေ့။ ထိုကြောင့်သူ့ကို ငါဆုံးမ၍လွှတ်မည်ဟု သုံးကြိမ်မြောက် အောင်ဆိုလျှင်၊
၂၃ လူများတို့သည် ထိုသူကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှါ ကြီးစွာသော အသံနှင့် ကျပ်ကျပ်တောင်းသဖြင့်၊ သူတို့၏အသံနှင့် ယဇ်ပုရောဟိတ် အကြီးတို့၏ အသံသည် နိုင်လေ၏။
၂၄ ပိလတ်မင်းသည် လည်း သူတို့တောင်းသည်အတိုင်း ဖြစ်စေခြင်း ငှါစီရင်၍၊
၂၅ ပုန်ကန်ခြင်းအပြစ်၊ လူအသက်ကိုသတ်ခြင်း အပြစ်ကြောင့် ထောင်ထဲမှာ လှောင်ထားသောသူကို လူများတောင်းသည်အတိုင်း လွှတ်ပြီးမှ၊ ယေရှုကိုသူတို့အလိုသို့အပ်လိုက် လေ၏။
၂၆ ကိုယ်တော်ကိုထုတ်သွားကြစဉ်၊ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတယောက်သည် တောရွာ မှ လာသည်ကိုသူ့တို့သည် တွေ့လျှင်၊ ဘမ်းဆီး၍ယေရှုနောက်တော်၌လက်ဝါးကပ်တိုင်တော်ကို ထမ်းစေ ကြ၏။
၂၇ နောက်တော်၌ လိုက်သောလူများအပေါင်းတို့တွင်၊ ကိုယ်တော်ကြောင့်ငိုကြွေးမြည်းတမ်းသောမိန်းမ အချို့ပါ၏။
၂၈ ထိုသူတို့ကို ယေရှုသည် လှည့်ကြည့်၍၊ ယေရုရှလင်မြို့သမီးတို့၊ ငါကြောင့်မငိုကြွေးကြနှင့်။ မိမိတို့နှင့် မိမိတို့သားများ ကြောင့်ငိုကြွေးကြလော့။
၂၉ အကြောင်းမူကား၊ မြုံသောမိန်းမသည် မင်္ဂလာရှိ၏။ ပဋိသန္ဓ မယူဘူးသော ဝမ်းနှင့်သူငယ် မစို့ဘူးသောသားမြတ်သည် မင်္ဂလာရှိ၏ ဟု ပြောရသော နေ့ရက်ကာလရောက်လိမ့်မည်။
၃၀ ထိုအခါ သူတို့က၊ အိုတောင်များတို့၊ ငါတို့အပေါ်သို့ကျကြပါ။ အိုကုန်းများတို့၊ ငါတို့ကိုဖုံးအုပ်ကြပါဟု ခေါ်ကြလိမ့်မည်။
၃၁ အကြောင်းမူကား၊ စိမ်းသောအပင်ကိုဤ သို့ပြုကြလျှင်၊ ခြောက်သောအပင်၌ အဘယ်သို့ဖြစ်လိမ့်မည်နည်းဟု မိန့်တော်မူ၏။
၃၂ ထိုအခါကိုယ်တော်နှင့် အတူလူဆိုးနှစ်ယောက်တို့ကို လည်းသတ်အံ့သောငှါ ထုတ်သွားကြ၏။
၃၃ ကရာနိအမည်ရှိသော အရပ်သို့ရောက်ကြသော်၊ ကိုယ်တော်နှင့်တကွထိုလူဆိုးတို့ကို လက်ျာ တော်ဘက် ၌တယောက်၊ လက်ဝဲတော်ဘက်၌တယောက်၊ လက်ဝါးကပ်တိုင်မှာရိုက်ထားကြ၏။
၃၄ ယေရှုက လည်း၊ အိုအဘ၊ သူ့တို့၏အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည်ကိုယ်ပြုသောအမှုကိုမသိကြဟု မြွက်ဆိုတော်မူ၏။ အဝတ်တော်ကို လည်းစာရေးတံချ၍ ဝေဖန်ကြ၏။
၃၅ လူများတို့သည်လည်းကြည့်ရှု လျက်ရပ်နေကြ၏။ ထိုသူတို့နှင့် အတူမင်းအရာရှိ တို့က၊ ဤသူသည် သူတပါးတို့ကိုကယ်တင်တတ်၏။ ခရစ်တော်တည်းဟူသောဘုရားသခင် ရွေးချယ်တော်မူသောသူ မှန်လျှင်ကိုယ်ကိုကယ်တင်ပါလေစေဟူ၍ ပြက်ယယ်ပြုကြ၏။
၃၆ စစ်သူရဲတို့သည်လည်းလာ၍ ပုံးရည်ကိုကပ်ပေးလျက်၊
၃၇ သင်သည် ယုဒရှင်ဘုရင် မှန်လျှင်ကိုယ်ကို ကယ်တင်လော့ ဟူ၍ ပြက်ယယ်ပြုလျှက်ဆိုကြ၏။
၃၈ ခေါင်းတော်ပေါ်မှာ တပ်၍ အပြစ်ဘော်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား၊ ဤသူသည် ယုဒရှင်ဘုရင် ပေတည်းဟု ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့် ရေး၍ခေါင်းတော်ပေါ်မှာ တပ်သတည်း။
၃၉ ဆွဲထားသောလူဆိုးနှစ်ယောက်တွင်တယောက်က၊ သင်သည်ခရစ်တော်မှန်လျှင် ကိုယ်ကို၎င်း၊ ငါတို့ကို၎င်း၊ ကယ်တင်လော့ဟု ကိုယ်တော်ကိုကဲ့ရဲ့၍ဆိုလေ၏။
၄၀ တယောက်မူကား၊ မိမိအဘော်ကိုဆုံးမ၍၊ သင်သည်ဤသူနည်း တူအပြစ်ဒဏ်ခံလျက်ပင်ဘုရားသခင်ကို မကြောက်သလော။
၄၁ ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့် အလျောက်ခံရ သည်ဖြစ်၍ တရားသဖြင့်ခံရကြ၏။ ဤသူမူကားအဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊
၄၂ သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုအောက်မေ့တော်မူပါဟု ယေရှုကိုလျှောက်ဆို၏။
၄၃ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင်သင်သည်ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည် ဟုမိန့်တော်မူ၏။
၄၄ ထိုအချိန်သည် မွန်းတည့် အချိန်လောက်ဖြစ်၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက် အတိဖြစ်လေ၏။
၄၅ နေအရောင်ကွယ်ပျောက်လေ၏။ ဗိမာန်တော်၏ ကုလားကာသည်နှစ်ဖြာ ကွဲလေ၏။
၄၆ ယေရှုသည်လည်းကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အကျွန်ုပ် စိတ်ဝိညာဉ်ကို ကိုယ်တော် လက်၌အကျွန်ုပ် အပ်ပါ၏ ဟု မိန့်တော်မူလျက်အသက်ချုပ်တော်မူ၏။
၄၇ ထိုအခြင်းအရာတို့ကို တပ်မှူးသည် မြင်လျှင်၊ စင်စစ် ဤသူသည် ဖြောင့်မတ်သောသူမှန်ပေ၏ဟု ဆို၍ဘုရားသခင်ကို ချီးမွမ်းလေ၏။
၄၈ ထိုအမှုကို အကြည့်အရှု လာသောသူအပေါင်းတို့သည် ထိုအခြင်း အရာများကိုမြင်လျှင်၊ ရင်ပတ်ကိုခတ်၍ ပြန်သွားကြ၏။
၄၉ ဂါလိလဲပြည်မှ နောက်တော်သို့လိုက်လာသော မိန်းမတို့နှင့် ကိုတော်ကိုသိကျွမ်းသောသူ အပေါင်းတို့သည်လည်း အဝေးကကြည့် ရှု၍ ရပ်နေကြ၏။
၅၀ ထိုအခါ ယုဒပြည် အရိမသဲမြို့သား ယောသပ်အမည်ရှိသော လွှတ်အရာရှိတယောက်သည်၊ အခြား သောအလွှတ်အရာရှိတို့၏ တိုင်ပင်စီရင်ခြင်းကို ဝန်ခံသောသူမဟုတ်၊
၅၁ ဘုရားသခင်၏နိုင်ငံတော်ကို မြော်လင့်သော သူတော်ကောင်း သူတော်မြတ်ဖြစ်သည်နှင့် ပိလတ်မင်းထံသို့ဝင်၍၊
၅၂ ယေရှု၏အလောင်း တော်ကို တောင်းလေ၏။
၅၃ အလောင်းတော်ကိုချ၍ ပိတ်ချောနှင့်ပတ်ရစ်ပြီးလျှင်၊ တယောက်ကိုမျှ မသင်္ဂြိုဟ်ဘူးသောကျောက်သင်္ချိုင်းတွင်း၌ ထားလေ၏။
၅၄ ထိုနေ့ကားအဘိတ်နေ့ဖြစ်၍ ဥပုသ်နေ့ အချိန်နီး သတည်း။
၅၅ ဂါလိလဲပြည်က ကိုယ်တော်နှင့်အတူ လာသော မိန်းမများသည်သင်္ချိုင်းတော်ကို၎င်း၊ အလောင်းတော်ကိုအဘယ်သို့ထားသည်ကို၎င်း အကြည့်အရှု လိုက်လာကြ၏။
၅၆ ထိုနောက်မှပြန်သွားပြီးလျှင် ဆီမွှေးနှင့် နံ့သာမျိုးကိုပြင်ဆင်၍ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲနေကြ၏။