Wed the 15th: Acts 5:17-26; Ps 34:1-9; John 3:16-21:
တမန်တော်ဝတ္ထု အခန်းကြီး ၅ (Acts 5:17-26);
၁၇ ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် ဇဒ္ဒုကဲဖြစ်သော ထိုမင်း၏အပေါင်းဘော်ရှိသမျှတို့သည် ထ၍ ဒေါသအမျက်နှင့်ပြည့်ကြသဖြင့်၊
၁၈ တမန်တော်တို့ကိုဘမ်းဆီး၍ ထောင်ထဲ၌လှောင်ထားကြ၏။
၁၉ ညဥ့်အခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထောင်တံခါးကိုဖွင့်ပြီးလျှင်၊ ထိုသူတို့ကိုနှုတ်၍၊ သင်တို့သွားကြလော့။
၂၀ ဗိမာန်တော်၌ရပ်၍ အသက်ရှင်ခြင်းတရားစကား အလုံးစုံကို လူများတို့အား ဟောပြောကြလော့ဟု မှာထား၏။ ထိုစကားကိုကြားလျှင်၊ နံနက်စောစောဗိမာန်တော်သို့ဝင်၍ ဆုံးမသြဝါဒပေးကြ၏။
၂၁ ယဇ်ပုရောဟိတ် မင်းနှင့် သူ၏အပေါင်းအဘော်တို့သည် လာကြသဖြင့်၊ လွှတ်အရာရှိမှစ၍ ဣသရေလလူတို့တွင် အသက်ကြီး သောသူအပေါင်းတို့ကို စုဝေးစေပြီးမှ၊ တမန်တော်တို့ကိုခေါ်စေခြင်းငှါ လုလင်တို့ကို ထောင်သို့စေလွှတ်ကြ၏။
၂၂ မင်းလုလင်တို့သည် ထောင်သို့ရောက်လျှင်၊ တမန်တော်တို့ကို ထောင်ထဲမှာမတွေ့ရှိသည်ရှိသော် ပြန်ကြ၍၊
၂၃ ထောင်တံခါးလည်း အထူးသဖြင့်လုံခြုံစွာပိတ်လျက်၊ ထောင်ကိုစောင့်သောသူတို့လည်း တံခါးပြင်မှာရပ်လျက် ရှိကြသည်ကို အကျွန်ုပ်တို့သည်တွေ့ပါ၏။ ဖွင့်ပြီးမှအထဲ၌ အဘယ်သူကိုမျှမတွေ့ပါဟု ကြားလျှောက်ကြ၏။
၂၄ ယဇ်ပုရောဟိတ်မင်းနှင့် ဗိမာန်တော်မှူးအစရှိသော ယဇ်ပုရောဟိတ်အကြီးတို့သည် ထိုစကားကိုကြားလျှင်၊ ထိုအမှုသည် အဘယ်သို့သောအမှုဖြစ်လိမ့်မည်နည်းဟူ၍ တွေးတောခြင်းရှိကြ၏။
၂၅ ထိုအခါ လူတယောက်သည် လာ၍ ထောင်ထဲမှာလှောင်ထားသောသူတို့သည် ဗိမာန်တော်၌ရပ်လျက်၊ လူများတို့အား ဆုံမသြဝါဒပေးကြ ပါသည်ဟု လျှောက်လေ၏။
၂၆ ထိုအခါ ဗိမာန်တော်မှူးသည် မင်းလုလင်တို့နှင့်အတူ သွားပြန်လျှင်၊ မိမိတို့ကိုလူများတို့သည် ကျောက်ခဲ နှင့်ပစ်မည်ကိုစိုးရိမ်သောကြောင့်၊ တမန်တော်တို့ကို အနိုင်အထက်မပြုဘဲ ခေါ်ဆောင်လေ၏။
ဆာလံကျမ်း အခန်းကြီး ၃၄ (Ps 34:1-9);
၁ ဒါဝိဒ်သည်အဘိမလက်မင်း ရှေ့မှာထူခြားသော အခြင်းအရာကို ပြုသဖြင့်နှင်ထုတ် ခြင်းကိုခံရ၍ထွက်သွားသောအခါ စပ်ဆိုသောဆာလံ၊၊ ငါသည် ခပ်သိမ်းသော ကာလတို့၌ ထာဝရ ဘုရားကို ကောင်းချီးပေးမည်။ ဂုဏ်ကျေးဇူးတော်ကို အစဉ် မပြက် မြွက်ဆိုမည်။
၂ ငါ့ဝိညာဉ် သည် ထာဝရဘုရားကို အမှီပြု၍ ဝါကြွားခြင်းကို ပြုမည်။ နှိမ့်ချလျက်ရှိသော သူတို့သည် ကြားသိ၍ ဝမ်းမြောက်ကြပါစေသော။
၃ ငါ့နှင့်အတူ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို တညီတညွတ်တည်းချီး မြှောက်ကြကုန်အံ့။
၎ ငါသည် ထာဝရဘုရားကို ရှာသောအခါ နားထောင်တော်မူ၏။ ကြောက် မက်ဖွယ်သော အကြောင်းအလုံးစုံတို့ အထဲက ငါ့ကို ကယ်နှုတ်တော်မူ၏။
၅ ထာဝရဘုရားကို မျှော်ကြည့်ကြလော့။ အလင်းကို ရကြလိမ့်မည်။ မျက်နှာ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။
၆ ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်း အသံကို ထာဝရဘုရားသည် နားထောင်၍၊ ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွတ်တော်မူ၏။
၇ ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏။
၈ ထာဝရ ဘုရားသည် ကောင်းမြတ်တော်မူသည် အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့။ ကိုယ်တော်ကို ခိုလှုံသော သူသည် မင်္ဂလာရှိ၏။
၉ ထာဝရဘုရား၏ သန့်ရှင်းသူတို့၊ ထာဝရဘုရားကို ကြောက်ရွံ့ကြလော့။ ကြောက်ရွံ့သော သူတို့၌ ဆင်းရဲခြင်းမရှိရာ။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၃ (John 3:16-21);
၁၆ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။
၁၇ လောကီသားတို့အား အပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။
၁၈ သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းကို ခံရ၏။
၁၉ အပြစ်စီရင်ခြင်း ကိုခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊ လူတို့သည် မကောင်းသောအကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကိုသာ၍နှစ်သက်ကြ၏။
၂၀ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူ အပေါင်းတို့သည် အလင်းကိုမြင်ပျင်း၍ မိမိတို့အကျင့်၌ အပြစ်ပါသည်ကို မထင်ရှားစေခြင်းငှါ အလင်းသို့မချဉ်းကပ်ကြ။
၂၁ သမ္မာတရားကို ကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင်၏ အလိုတော်နှင့် ညီသည်ကို ထင်ရှားစေခြင်းငှါအလင်းသို့ ချဉ်းကပ်သည်ဟု ဟောတော်မူ၏။