Thursday, 23 April 2015

23-APRIL-2015-(READING)

Thu the 23rd: Optional memorial of George, martyr.
                       Optional memorial of Adalbert, bishop and martyr.
Acts 8:26-40; Ps 66:8-20; John 6:44-5

တမန်တော်ဝတ္ထု အခန်းကြီး ၈ (Acts 8:26-40);

၂၆ တဖန် ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဖိလိပ္ပုအား၊ သင်ထ၍ ယေရုရှလင်မြို့မှ ဂါဇမြို့သို့ သွားရာ တောလမ်းတွင် တောင်မျက်နှာသို့သွားလော့ဟု ဆိုသည်အတိုင်း၊ ဖိလိပ္ပုသည် ထ၍သွားလေ၏။
၂၇ ထိုအခါ အဲသယောပိပြည်ကို အစိုးရသော မိဘုရားကန္ဒက်ထံ၌ ဘုန်းကြီးသောအမတ်ဖြစ်၍၊ ဘဏ္ဍာတော်ရှိသမျှကို အုပ်စိုးရသော အဲသယောပိပြည်သားတယောက်သည် ကိုးကွယ်ခြင်းအလိုငှါ ယေရုရှလင်မြို့သို့သွား၍၊
၂၈ ပြန်စဉ်တွင် မိမိရထားပေါ်၌ ထိုင်လျက် ပရောဖက်ဟေရှယ၏ ကျမ်းစာကိုဘတ်လေ၏။
၂၉ိဝိညာဉ်တော်ကလည်း၊ ထိုရထားသို့ ချဉ်းကပ်၍မှီဝဲလော့ဟု ဖိလိပ္ပုအား ဗျာဒိတ်ပေးတော်မူသဖြင့်၊
၃၀ ဖိလိပ္ပုသည် ရထားသို့ ပြေး၍ ပရောဖက်ဟေရှာယ၏ကျမ်းစာ၌ ဘတ်သည်ကိုကြားလျှင်၊ ဘတ်သောအရာကို နားလည်ပါ၏လောဟု မေးမြန်း၏။
၃၁ ထိုအမတ်ကလည်း၊ သွန်သင်ပဲ့ပြင်သောသူမရှိလျှင် အဘယ်သို့နားလည်နိုင်မည်နည်းဟု ဆိုပြီးမှ မိမိနှင့်အတူ ဖိလိပ္ပုတက်၍ထိုင်နေပါမည်အကြောင်း တောင်းပန်၏။
၃၂ ကျမ်းစာ၌ဘတ်သောအချက်ဟူမူကား၊ အသေသတ်ခြင်းငှါ ဆောင်သွားသောသိုးကဲ့သို့ သူ့ကို ဆောင်သွား၍၊ သိုးသငယ်သည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့ သူသည် နှုတ်ကိုမဖွင့်ဘဲ နေ၏။
၃၃ နှိမ့်ချခြင်းကိုခံစဉ်တွင် သူတပါးတို့သည် ထိုသူကိုမတရားသဖြင့် စီရင်ကြ၏။ ထိုသူ၏အသက်ကို မြေကြီးက သိမ်းရုပ်သည်ဖြစ်၍၊ သူ၏အမျိုးအနွှယ်ကိုအဘယ်သူပြညွှန်မည်နည်းဟု ကျမ်းစာလာသတည်း။
၃၄ ထိုအမတ် ကလည်း၊ ပရောဖက်သည် အဘယ်သူကိုရည်မှတ်၍ ဤသို့ဆိုပါသနည်း။ ကိုယ်ကိုတည်းဆိုလိုသလော။ သူတပါးကိုယ်တည်း ဆိုလိုသလောဟု တောင်းပန်လျက်။
၃၅ ဖိလိပ္ပုအားမေးမြန်းလျှင်၊ ဖိလိပ္ပုသည် မိမိနှုတ်ကို ဖွင့်၍ ထိုကျမ်းစာချက်ကို အစွဲပြုလျက်၊ ယေရှု၏အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟောလေ၏။
၃၆ ထိုသို့လမ်း၌သွားကြစဉ် ရေရှိရာသို့ရောက်၍၊ အမတ်ကလည်း ဤအရပ်တွင်ရေရှိပါ၏။ အကျွန်ုပ်ကို ဗတ္တိဇံ မခံစေခြင်းငှါ မည်သည့်အကြောင်း ဆီးတားပါသနည်းဟု ပြောဆိုလျှင်၊
၃၇ ဖိလိပ္ပုက၊ သင်သည်စိတ်နှလုံး အကြွင်းမဲ့ယုံကြည်လျှင် ခံရသည်ဟုဆိုလေ၏။ အမတ်ကလည်း၊ ယေရှုခရစ်သည် ဘုရားသခင်၏ သားတော် ဖြစ်တော်မူကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ဝန်ခံ၍၊
၃၈ ရထားကိုရပ်စေခြင်းငှါ စီရင်ပြီးမှ၊ ဖိလိပ္ပုသည် ထိုအမတ်နှင်တကွ ရေထဲသို့ဆင်း၍ ဗတ္တိဇံ ကိုပေး၏။
၃၉ ရေထဲကတက်ကြလျှင်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဖိလိပ္ပုကိုဆောင်ယူတော်မူ၍၊ အမတ်သည် ဖိလိပ္ပုကိုနောက်တဖန် မတွေ့မမြင်ရ၊ ဝမ်းမြောက်ဝမ်းသာ ခြင်းနှင့် မိမိသွားရသောလမ်းကို သွားလေ၏။
၄၀ ဖိလိပ္ပုသည်လည်း အာဇုတ်မြို့၌ပေါ်လာ၍၊ ထိုမြို့မှ ကဲသရိ မြို့တိုင်အောင် မြို့ရွာအစဉ်အတိုင်းရှောက်သွား၍ ဧဝံဂေလိတရားကိုဟောလေ၏။

ဆာလံကျမ်း အခန်းကြီး ၆၆ (Ps 66:8-20);

၈ အချင်းလူစုတို့ ငါတို့ဘုရား သခင်ကို ကောင်းကြီးပေးကြလော့၊၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းသောစကားသံနှင့် ကြွေးကြော်ကြလော့၊၊
၉ ငါတို့အသက်ကို မသေစေမည် အကြောင်းနှင့် ခြေကိုလည်း မချော်စေမည့်အကြောင်း စောင့်မတော်မူ၏၊၊
၁၀ အိုဘုရားသခင်၊ ကိုယ်တော်သည်အကျွန်ုပ်တို့ကို စုံစမ်းတော်မူပြီ၊၊ ငွေကိုစစ်ဆေးသကဲ့သို့ အကျွန်ုပ်တို့ကို စစ်ဆေးတော်မူပြီ၊၊
၁၁ ကျော့ကွင်းထဲမှာ ကျော့မိစေ၍ ကျောက်ကုန်းပေါ်မှာ လေးသောဝန်ကို တင်တော်မူပြီ၊၊
၁၂ အကျွန်ုပ်တို့ ခေါင်းပေါ်မှာ  သူတပါးကို စီးစေတော်မူပြီ၊၊ မီး၌၎င်း၊ ရေ၌၎င်းသွားရသော်လည်း ကျေးဇူးတော်ကြောင့်  ကြွယ်ဝခြင်းသို့ ရောက်ကြပါ၏၊၊
၁၃ မီးရှို့ရသောယဇ်ပါလျက် အိမ်တော်သို့ အကျွန်ုပ်သွားပါမည်၊၊
၁၄ ဆင်းရဲခံရစဉ်အခါ အကျွန်ုပ် သည် နှုတ်ကို ဖွင့်၍ မြွက်ဆိုသည့်အတိုင်း သစ္စာဝတ်ကို ဖြေပါမည်၊၊
၁၅ ဆူဖြိုးသော သိုးတို့ကို နံ့သာပေါင်းနှင့်တကွ မီးရှို့ရာ ယဇ်ပြု၍ ပူဇော်ပါမည်၊၊ နွားနှင့်ဆိတ်တို့ကိုလည်း စီရင်ပါမည်၊၊
၁၆ ဘုရားသခင်ကို ကြောက်ရွံ့သောလူအပေါင်းတို့ လာ၍ နားထောင်ကြလော့၊၊ ငါ့ဝိညာဉ်အဘို့ အဘယ်သို့ ကျေးဇူးပြုတော်မူသည်ကို ငါကြားပြောမည်၊၊
၁၇ ငါသည်ဘုရားသခင်ကို နှုတ်နှင့် အော်ဟစ်၍ ဂုဏ်တော်ကိုလည်း လျှာနှင့် ချီးမွမ်းရပြီ၊၊
၁၈ ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကို ငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ။
၁၉ ယခုမူကား၊ ဘုရားသခင်လည်း နားထောင်၍ ငါမြွက်ဆိုသော ပဌနာစကားသံကို မှတ်တော်မူပြီ၊၊
၂၀ ငါမြွက်ဆိုသော ပဌနာကို ပယ်တော်မမူ ကျေးဇူးတော်ကို ငါမှရုပ်သိမ်းတော်မမူသော ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၆ (John 6:44-51);

၄၄ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင်၊ အဘယ်သူမျှ ငါ့ထံသို့မလာနိုင်။ လာသောသူကို နောက်ဆုံး သောနေ့၌ ငါထမြောက်စေမည်။
၄၅ အနာဂတ္တိကျမ်း၌လာသည်ကား၊ ထိုသူအပေါင်းတို့သည် ဘုရားသခင်ဆုံးမ သွန်သင်တော်မူသောသူဖြစ်ကြလိမ့်မည်ဟု လာသည်နှင့် အညီ၊ ခမည်းတော် ထံ၌ နားထောင်၍ နည်းခံသောသူမှန်သမျှတို့သည် ငါ့ထံသို့လာကြ၏။
၄၆ ထိုသို့ ငါဆိုသော်၊ ဘုရားသခင့်အထံတော်က ကြွလာသောသူမှတပါးတစုံတယောက်သောသူသည် ခမည်းတော်ကိုမြင်ခဲ့ပြီဟု မဆိုလို။ ကြွလာသော သူမူကား၊ ခမည်းတော်ကိုမြင်ခဲ့ပြီ။
၄၇ ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည် ထာဝရ အသက်ကို ရ၏။
၄၈ ငါသည် အသက်မုန့်ဖြစ်၏။
၄၉ သင်တို့ကိုဘေးများသည် တော၌မန္နကိုစားလျက် သေရကြ၏။
၅၀ ကောင်းကင်မှ ဆင်းသက်သောမုန့်ကိုစားသောသူသည် သေခြင်းနှင့်ကင်းလွတ်၏။
၅၁ ငါသည် ကောင်းကင်မှ ဆင်းသက်သောအသက် မုန့်ဖြစ်၏။ ဤမုန့်ကို စားသောသူမည်သည်ကား၊ အစဉ်မပြတ် အသက်ရှင်လိမ့်မည်။ ငါပေးသောမုန့်ကား၊ လောကီသားတို့၏ အသက်အဘို့အလိုငှါစွန့်သော ငါ၏အသား ပေတည်းဟု မိန့်တော်မူ၏။