Fri the 8th: 1 John 4:7-10; Ps 72:1-8; Mark 6:34-44
ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၄ (1 John 4:7-10);
၇ ချစ်သူတို့၊ ငါတို့သည်အချင်းချင်း ချစ်ကြကုန်အံ့၊ အကြောင်းမူကား၊ ချစ်ချင်းမေတ္တာသည် ဘုရားသခင်နှင့် စပ်ဆိုင်၏။ ချစ်တတ်သောသူမည်သည်ကား၊ ဘုရားသခင်ဖြစ်ဘွားတော်မူသောသူဖြစ်၏။ ဘုရားသခင်ကို သိသော သူလည်ဖြစ်၏။
၈ ချစ်ခြင်းမရှိသောသူသည်ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။
၉ သားတော်အားဖြင့် ငါတို့သည်အသက်ရှင်စေခြင်းငှါ၊ ဘုရားသခင်သည် တပါးတည်သော သားတော်ကို ဤလောကသို့စေလွှတ်တော်မူသောအရာ၌၊ ငါတို့ကို ချစ်တော်မူသော မေတ္တာတော်သည် ထင်ရှားလျက်ရှိ၏။
၁၀ ငါတို့သည်ဘုရားသခင်ကိုချစ်ကြသည်ဟု မဆို။ ဘုရားသခင်သည် ငါတို့ကိုချစ်၍ ငါတို့၏အပြစ် ဖြေစရာအကြောင်းဖြစ်စေခြင်းငှါ၊ သားတော်ကို စေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။
ဆာလံကျမ်း အခန်းကြီး ၇၂ (Ps 72:1-8);
၁ ရှောလမုန်ကို ရည်ဆောင်၍ စပ်ဆိုသောဆာလံ။ အိုဘုရားသခင်၊ ကိုယ်တော်၏ တရားဆုံးဖြတ်ခြင်းနှင့်ဖြောင့်မတ်စွာ စီရင်ခြင်း အခွင့်ကို မင်းသားဖြစ်သော ရှင်ဘုရင်အား ပေးသနားတော်မူပါ။
၂ ထိုမင်းသည် ကိုယ်တော်၏ လူတို့ကို ဖြောင့်မတ်စွာ စီရင်၍၊ ကိုယ်တော်၏ ဆင်းရဲသားတို့ကို တရားပေးပါလိမ့်မည်။
၃ တောင်ကြီးတောင်ငယ် တို့သည် တရားတော်အားဖြင့်၊ ကိုယ်တော်၏လူတို့ အားချမ်းသာပေးကြလိမ့်မည်။
၎ ထိုမင်းသည် ကိုယ်တော်၏ လူတို့ တွင် ဆင်းရဲသားတို့ကို တရားစီရင်လျက်၊ ငတ်မွတ် သောသူတို့၏သားသမီးများကို ကယ်မ၍၊ ညှဉ်းဆဲသောသူကို လည်း နှိပ်စက်ပါလိမ့်မည်။
၅ နေနှင့်လတည်သမျှသော ကာလပတ်လုံး၊ လူအစဉ်အဆက်အပေါင်းတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြပါလိမ့်မည်။
၆ ထိုမင်း၏ သက်ရောက်ခြင်းသည် ရိတ်သောမြက်ပင်ပေါ်မှာ ရွာသောမိုဃ်းကဲ့သို့၎င်း၊ မြေကိုစိုစေသော မိုဃ်း ပေါက်များကဲ့သို့၎င်း၊ ဖြစ်လိမ့်မည်။
၇ လက်ထက်တော်၌ လသည် ပပျောက်ခြင်းသို့ မရောက်မှီတိုင်အောင်၊ တရား သောသူသည် ပွင့်လန်း၍ ချမ်းသာ များပြားလိမ့်မည်။
၈ ပင်လယ်တပါးမှ တပါးတိုင်အောင်၎င်း၊ မြစ်မှသည် မြေစွန်းတိုင် အောင်၎င်း၊ အစိုးရတော်မူလိမ့်မည်။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၆ (Mark 6:34-44)
၃၄ ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင်၊ ထိုသူတို့သည် ထိန်းသူမရှိ၊ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြသည်ကို သနားခြင်းစိတ်တော်ရှိ၍ များစွာသော ဆုံးမသြဝါဒကို ပေးတော်မူ၏။
၃၅ မိုဃ်းချုပ်သောအခါ တပည့်တော်တို့သည် ချဉ်းကပ်၍၊ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏။ မိုဃ်းလည်းချုပ်ပါပြီ။
၃၆ လူများတို့သည် ပတ်ဝန်းကျင်ရွာဇနပုဒ်သို့ သွား၍စားစရာကိုဝယ်စေခြင်းငှါ အခွင့်ပေးတော်မူပါ။ သူတို့၌စားစရာမရှိပါဟု လျှောက်ကြလျှင်၊
၃၇ ကိုယ်တော်က၊ သူတို့စားစရာဘို့ သင်တို့ ပေးကြလော့ဟု ပြန်ပြောတော်မူ၏။ တပည့်တော်တို့ကလည်း၊ အကျွန်ုပ်တို့သည်သွား၍ ဒေနာရိအပြားနှစ်ရာနှင့် မုန့်ကိုဝယ်ပြီးလျှင် သူတို့အားစားစရာဘို့ ပေးရပါအံ့လောဟု လျှောက်ကြ၏။
၃၈ ကိုယ်တော်ကလည်း၊ သင်တို့၌ မုန့်ဘယ်နှစ်လုံး ရှိသနည်း။ သွား၍ကြည့်ရှုကြဟု မိန့်တော်မူသည်အတိုင်းသူတို့သည် သိပြီးမှ၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ရှိပါသည်ဟု လျှောက်ကြပြန်၏။
၃၉ ထိုအခါ လူအပေါင်းတို့ကို မြက်စိမ်းပေါ်မှာ အစုစုလျောင်းကြစေဟု အမိန့်တော်ရှိ၏။
၄၀ သူတို့သည် တရာတစု၊ ငါးဆယ်တစု၊ အစုစုလျောင်းကြလျှင်၊
၄၁ ကိုယ်တော်သည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍၊ ကောင်းကင်သို့ကြည့်မျှော်လျက် ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူများတို့ရှေ့၌ ထည့်စေခြင်းငှါ တပည့်တော်တို့အား ပေးတော်မူ၏။ ငါးနှစ်ကောင်ကိုလည်း လူအပေါင်းတို့အား ဝေငှတော်မူ၏။
၄၂ လူအပေါင်း တို့သည် စား၍ဝကြပြီးမှ၊
၄၃ မုန့်နှင့်ငါးအကျိုးအပဲ့ကို ကောက်သိမ်း၍ တဆယ်နှစ်တောင်း၊ အပြည့်ရကြ၏။ မုန့်ကိုစားသောသူ ယောက်ျားအရေအတွက်ကား၊ လူငါးထောင်မျှလောက်ရှိသတည်း။
၄၄ စည်းဝေးသောသူတို့ကို လွှတ်တော်မူစဉ်တွင် တပည့်တော်တို့ကို လှေစီးစေ၍ ကမ်းတဘက် ဗက်ဇဲဒမြို့သို့ အရင်ကူးစေတော်မူ၏။