Tue the 5th: Memorial of John Neumann (Americas).
Vigil of Solemnity of Epiphany.
1 John 3:11-21; Ps 100:1-5; John 1:43-51
ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၃ (1 John 3:11-21);
၁၁-၁၂ သင်တို့သည် ရှေ့ဦးစွာကပင် ကြားရသော တရားစကားဟူမူကား၊ မာရ်နတ်နှင့် ဆိုင်၍ မိမိညီကိုသတ်သောကာဣနကဲ့သို့မဟုတ်၊ ငါတို့သည် အချင်းချင်းချစ်ရ ကြမည်ဟုလာသတည်း။ ကာဣနသည် မိမိညီကိုအဘယ်ကြောင့် သတ်သနည်းဟူမူကား၊ မိမိအကျင့်သည်ဆိုးယုတ် ၍၊ ညီ၏အကျင့် သည် ဖြောင့်မတ်သတည်း။
၁၃ ညီအစ်ကိုတို့၊ လောကီသားတို့သည် သင်တို့ကိုမုန်းသော်လည်း အံ့သြခြင်းမရှိကြနှင့်။
၁၄ ငါတို့သည် ညီအစ်ကိုချင်းတို့ကိုချစ်သောကြောင့်၊ သေခြင်းမှအသက်ရှင်ခြင်းသို့ ကိုယ်ကူးမြောက်သည်ကို ကိုယ်သိရ ကြ၏။ မိမိညီအစ်ကိုကိုမချစ်သောသူသည် သေခြင်း၌တည်၏။
၁၅ မိမိညီအစ်ကိုကို မုန်းသောသူမည်သည်ကား၊ လူအသက်ကို သတ်သောသူဖြစ်၏။ လူအသက်ကိုသတ်သောသူ တစုံတယောက်၌မျှ ထာဝရအသက် မတည်သည်ကို သင်တို့သိကြ၏။
၁၆ ခရစ်တော်သည် ငါတို့အဘို့အလိုငှါ အသက်တော်ကို စွန့်တော်မူသည် အရာကို ငါတို့သည်ထောက်၍၊ မေတ္တာတော်ကို သိရကြပြီ။ ငါတို့သည်လည်း ညီအစ်ကိုချင်းတို့အဘို့အလိုငှါ အသက်ကိုစွန့်ရကြ၏။
၁၇ အကြင်သူသည် လောကီစည်းစိမ်ဥစ္စာ ရှိလျက်ပင်၊ မိမိညီအစ်ကို ဆင်းရဲခြင်း ကိုမြင်၍၊ သနားခြင်း ကရုဏာစိတ်ကိုချုပ်တည်း၏၊ ထိုသူ၌ဘုရားသခင်၏ မေတ္တာတော်သည် အဘယ်သို့ တည်မည်နည်း။
၁၈ ချစ်သားတို့၊ ငါတို့သည်စကားပြောကာမျှအားဖြင့် သာမချစ်ဘဲ၊ စိတ်ပါကိုယ်ရောက်ဧကန် အမှန်ချစ်ကြ ကုန်အံ့။
၁၉ ထိုသို့ချစ်လင်၊ ကိုယ်တိုင်သမ္မာတရားနှင့် ဆိုင်သည်ကို ကိုယ်သိရ၍၊ ဘုရားသခင့်ရှေ့ တော်၌ ကိုယ်စိတ်နှလုံး ကိုသက်သာစေကြလိမ့်မည်။
၂၀ အကြောင်းမူကား၊ ကိုယ်စိတ်နှလုံးသည်ကိုယ်ကို အပြစ်တင်လျှင်၊ ဘုရားသခင်သည် ငါတို့၏ စိတ်နှလုံးထက်သာ၍ ကြီးမြတ်သည်ဖြစ်၍၊ အလုံးစုံတို့ကို သိတော်မူသည်ကို ငါတို့သိကြ၏။
၂၁ ချစ်သူတို့၊ ကိုယ်စိတ်နှလုံးသည်ကိုယ်ကိုအပြစ်မတင်လျှင်၊ ဘုရားသခင့် ရှေ့တော်၌ ရဲရင့်ရသောအခွင့်ရှိကြ၏။
ဆာလံကျမ်း အခန်းကြီး ၁၀၀ (Ps 100:1-5);
၁ မြေကြီးသားအပေါင်းတို့၊ ထာဝရ့ဘုရားအား ကြွေးကြော်ကြလော့။
၂ ထာဝရဘုရား၏ အမှုတော်ကို ဝမ်းမြောက်စွာ ဆောင်ရွက်ကြလော့။ ရွှင်လန်းစွာ သီချင်းဆိုလျက်၊ အထံတော်သို့ ဝင်ကြလော့။
၃ ထာဝရဘုရားသည် ဘုရားသခင်ဖြစ် တော်မူသည်ကို သိမှတ်ကြလော့။ထာဝရဘုရားသည်ငါတို့ကို ဖန်ဆင်းတော်မူ၍၊ ငါတို့၏ အရှင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ ထာဝရဘုရား၏ လူဖြစ်ကြ၏။ အထံတော်၌ ကျက်စားသောသိုးစုလည်း ဖြစ်ကြ၏။
၎ ကျေးဇူးတော်ကို ကြီးမားပါသည်ဟု ဝန်ခံလျက်၊ တံခါးတော်တို့ကို၎င်း၊ ဂုဏ်တော်ကိုချီးမွမ်းလျက် တန်တိုင်းတော်တို့ကို၎င်း ဝင်ကြလော့။ ကျေးဇူးတော်ကို ချီမွမ်း၍ နာမတော်ကို ကောင်းကြီးပေးကြလော့။
၅ အကြောင်းမူကား၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ကရုဏာတော်သည် အစဉ်အမြဲ ရှိ၍၊ သစ္စာတော် သည် ကာလအဆက်ဆက် တည်လေသတည်း။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁ (John 1:43-51)
၄၃ နက်ဖြန်နေ့၌ ဂါလိလဲပြည်သို့ကြွခြင်းငှါ အလိုတော်ရှိလျှင် ဖိလိပ္ပုကို တွေ့၍၊ ငါ့နောက်သို့လိုက် လော့ဟု မိန့်တော်မူ၏၊
၄၄ ဖိလိပ္ပုကား၊ အနြေ္ဒနှင့် ပေတရုမွေးဖွားရာ ဗက်ဇဲဒမြို့မှလာသောသူဖြစ်သတည်း။
၄၅ ဖိလိပ္ပုသည် နာသနေလကိုတွေ့လျှင်၊ မောရှေသည် ပညတ္တိကျမ်း၌၎င်း၊ ပရောဖက်တို့သည် သူတို့ကျမ်း၌၎င်း အကြောင်းပြု၍ ရေးထားသောသ၊ူ နာဇရက်မြို့သားဖြစ်သော ယောသပ်၏သားယေရှုကို ငါတို့သည်တွေ့ကြပြီဟုဆို၏၊
၄၆ နာသနေလ ကလည်း၊ နာဇရက်မြို့ထဲကကောင်းသောအရာ တစုံတခုမျှထွက် နိုင်သလောဟု မေးလျှင်၊ ဖိလိပ္ပုက၊ လာ၍ကြည့်ပါ ဟုဆို၏၊
၄၇ နာသနေလလာသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ လှည့်စားခြင်းအပြစ်နှင့် ကင်းလွတ်သော ဣသရေလလူစစ်ကို ကြည့်လော့ဟု ထိုသူကို အမှတ်ပြု၍ မိန့်တော်မူ၏။
၄၈ နာသနေလကလည်း၊ ကိုယ်တော်သည် အဘယ်သို့သောအားဖြင့် အကျွန်ုပ်ကို သိတော်မူသနည်းဟု မေးလျှောက်သော်၊ ယေရှုက၊ ဖိလိပ္ပုသည် သင့်ကိုမခေါ်မှီ၊ သင်သည် သင်္ဘော သဖန်းပင်အောက်၌ရှိသည်ကို ငါမြင်သည်ဟု ပြန်၍မိန့်တော်မူလျှင်၊
၄၉ အရှင်ဘုရား၊ ကိုယ်တော်သည်ဘုရား သခင်၏သားတော် ဖြစ်တော်မူ၏၊ ဣသရေလလူတို့၏ရှင်ဘုရင်လည်း ဖြစ်တော်မူ၏ဟု နာသနေလ လျှောက်လေ၏၊
၅၀ တဖန် ယေရှုက၊ သင်္ဘောသဖန်းပင်အောက်၌ သင့်ကိုငါမြင်သည်ဟု ဆိုသောကြောင့် ယုံသလော။ ထိုမျှမက သင်သည်သာ၍ကြီးစွာသော အကြောင်းအရာကို မြင်လတံ့။
၅၁ သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ နောင်ကာလ၌ ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ ဘုရားသခင်၏ ကောင်းကင် တမန်တို့သည် လူသား၏အပေါ်၌ ဆင်းလျက်တက်လျက်ရှိနေသည်ကို၎င်း၊ သင်တို့သည်မြင်ရကြလတံ့ဟု မိန့်တော်မူ၏။