Sat the 21st: Optional memorial of Christopher Magallanes, priest, and Companions, martyrs.
Vigil of Solemnity of The Holy Trinity.
Jas 5:13-20; Ps 141:1-8; Matt 11:25; Mark 10:13-16
ရှင်ယာကုပ်သြဝါဒစာ အခန်းကြီး ၅ (Jas 5:13-20);
၁၃ သင်တို့တွင် ဆင်းရဲခံရသောသူရှိလျှင် ဆုတောင်းစေ။ ရွှင်လန်းသောသူရှိလျှင် ဆာလံသီချင်း ကိုဆိုစေ။
၁၄ နာသောသူရှိလျှင်၊ သင်းအုပ်တို့ကိုခေါ်၍ သူတို့သည်သခင်ဘုရား၏ နာမတော်ကိုအမှီပြုလျက်၊ လူနာကိုဆီနှင့် လူး၍ သူ့အပေါ်မှာဆုတောင်းကြစေ။
၁၅ ထိုသို့ပြုလျှင်၊ ယုံကြည်ခြင်း၏ ပဌနာသည် လူနာကိုကယ်ဆယ်၍၊ သခင်ဘုရားသည် သူ့ကိုထမြောက်စေတော်မူမည်။ သူသည် အပြစ်ပြုမိသော်လည်း ထိုအပြစ်ကိုလွှတ်တော်မူမည်။
၁၆ အချင်းချင်း တယောက်နှင့်တယောက်၊ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ကြ လော့၊ ချမ်းသာရမည်အကြောင်း အချင်းချင်းတို့အဘို့ ဆုတောင်းကြလော့။ သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီးသောပဌနာသည် အလွန်တန်ခိုး ပါ၏။
၁၇ ဧလိယသည် ငါတို့ကဲ့သို့ လောကဒဏ်တရား၌ ကျင်လည်သောသူဖြစ်သော်လည်း၊ မိုဃ်းမရွာမည်အကြောင်း အထူးသဖြင့်ဆုတောင်းသောအခါ၊ သုံးနှစ်နှင့် ခြောက်လပတ်လုံး မြေပေါ်သို့ မိုဃ်းမရွာဘဲနေ၏။
၁၈ တဖန် ဆုတောင်း သောအခါ မိုဃ်းကောင်းကင်သည် မိုဃ်းရွာစေ၏။ မြေကြီးသည်လည်း မိမိအသီးကိုသီးလေ၏။
၁၉ ညီအစ်ကိုတို့၊ သင်တို့တွင် တစုံတယောက်သောသူသည် သမ္မာတရားလမ်းမှ လွဲသွား၍ သူတပါးသည် ထိုသူကို ပြန်စေလျှင်မူကား၊
၂၀ အပြစ်ရှိသောသူကို မှားယွင်းသောလမ်းမှ ပြန်စေသောသူသည်၊ ဝိညာဉ်ကို သေခြင်းမှ ကယ်တင်၍ များစွာသောအပြစ်တို့ကို ဖုန်းအုပ်တတ်သည်ဟု ထိုသူသည်သိမှတ်စေ။
ဆာလံကျမ်း အခန်းကြီး ၁၄၁ (Ps 141:1-8);
၁ အိုထာဝရဘုရား ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏၊၊ အလျင်အမြန်ကြွ လာတော်မူပါ၊၊ ကိုယ်တော်ကို အော်ဟစ်သောအခါ အကျွန်ုပ်၏စကားသံကို နားထောင်တော်မူပါ၊၊
၂ အကျွန်ုပ်၏ ပဌာနသည် မီးရှို့သောနံသာပေါင်း ကဲ့သို့၎င်း လက်ကိုချီခြင်းသည် ညဦးယံပူဇော်သက္ကာကဲ့သို့၎င်း ရှေ့တော်၌ပြင်ဆင် လျက် ရှိပါစေသော်၊၊
၃ အိုထာဝရ ဘုရား အကျွန်ုပ်၏ နှုတ်ရှေ့မှာ ကင်းကိုထားတော်မူပါ၊၊ အကျွန်ုပ်၏ နှုတ်ခမ်းတံခါးကိုစောင့်တော်မူပါ၊၊
၎ ဒုစရိုက်ပြုသော သူနှင့်အတူ အကျွန်ုပ်ပါ၍ မတရားသောအမှု ဒုစရိုက်အမျိုးမျိုး၌ ကျင်လည်စေခြင်းငှါ အကျွန်ုပ်၏ စိတ်နှလုံးကို မကောင်းသောအမှုအရာသို့ သွေးဆောင်တော်မမူပါနှင့်၊၊ ထိုသူတို့၏ခဲဘွယ်စားဘွယ်တို့ကို အကျွန်ုပ်မစားပါစေနှင့်။
၅ ဖြောင့်မတ်သော သူသည် အကျွန်ုပ်ကိုဒဏ်ခတ်ပါစေသော ကျေးဇူးရှိပါလိမ့်မည်၊၊ ဆုံးမ ပါစေသောအကျွန်ုပ် ဦးခေါင်း ကို လိမ်းသောဆီဖြစ်ပါလိမ့်မည်၊၊ ထပ်၍ပြုသော်လည်း အကျွန်ုပ်မငြင်းပါ၊၊ ယခုမူကား သူတပါးပြုသော အဓမ္မအမှု တဘက်၌ ဆုတောင်းပါ၏။
၆ သူတို့၏အကဲအမှုးတို့သည် ကျောက်တွင်းနားမှလွတ်၍ အကျွန်ုပ်၏စကားကို ကြားရကြပါ၏၊၊ ထိုစကားလည်းချိုပါ၏၊၊
၇ မြေပေါ်မှာထင်းကို ခုတ်၍ခွဲသကဲ့သို့ မရဏာနိုင်ငံ တံခါးဝမှာ အကျွန်ုပ်တို့ ၏အရိုးများတို့သည် ကွဲပြားလျက်ရှိပါ၏၊၊
၈ အိုဘုရားရှင် ထာဝရဘုရား ကိုယ်တော်ကိုအကျွန်ုပ် မျှော်ကြည့်ပါ၏၊၊ ကိုယ်တော်၌ ခိုလှုံပါ၏၊၊
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:25);
၂၅ ထိုအခါယေရှုက၊ ကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောအဘ၊ ကိုယ်တော်သည်ပညာ အလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကိုထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အားဘော်ပြတော် မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၀ (Mark 10:13-16)
၁၃ ထိုအခါ သူငယ်တို့ကို လက်တော်နှင့်တို့စေခြင်းငှါ အထံတော်သို့ဆောင်ခဲ့သည်ဖြစ်၍၊ တပည့်တော် တို့သည် ဆောင်ခဲ့သောသူတို့ကို အပြစ်တင်ကြ၏။
၁၄ ယေရှုသည် မြင်တော်မူလျှင်အမျက်တော်ထွက်၍၊ ထိုသူငယ် တို့ကို ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏။
၁၅ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံမယူ၊ ထိုသူသည် နိုင်ငံတော် သို့မဝင်ရဟု မိန့်တော်မူပြီးမှ၊
၁၆ သူငယ်တို့ကို ချီပိုက်၍ သူတို့အပေါ်မှာလက်တော်ကိုတင်လျက် ကောင်းကြီးပေးတော် မူ၏။