Friday, 5 May 2017

05-MAY-2017 (READING -EST3-YA-C1)

Fri the 5th: Acts 9:1-20; Ps 117:1-2; John 6:52-59

တမန်တော်ဝတ္ထု အခန်းကြီး ၉(Acts 9:1-20);

၁ ရှောလုသည်ကား၊ သခင်ဘုရား၏ တပည့်တော်တို့တဘက်၌ ခြိမ်းချောက်၍၊ အသေသတ်ခြင်းငှါ ပြင်းစွာအသက်ရှုသဖြင့်၊ ၂ ထိုဘာသာဝင်သော ယောက်ျားမိန်းမတို့ကို တွေ့လျှင်၊ ချည်နှောင်၍ ယေရုရှလင် မြို့သို့ပို့ဆောင်ရမည်အကြောင်း၊ ဒမာသက်မြို့၌ရှိသော တရားစရပ်မှူးတို့ထံသို့ မှာစာပေးပါဟု ယဇ်ပုရောဟိတ် မင်းထံ၌ ဝင်၍တောင်းပြီးမှ၊ ၃ သွား၍ဒမာသက်မြို့အနီးသို့ရောက်သောအခါ၊ ကောင်းကင်ထဲကအလင်းသည် သူပတ်လည်၌ ရုတ်ကနဲထွန်းတောက်လေ၏။ ၄ ရှောလုသည် မြေပေါ်မှာလဲ၍နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ် ကြောင့်ငါ့ကို ညှဉ်းဆဲသနည်းဟု မိမိအားပြောသောစကားသံကိုကြားလျှင်၊ ၅ သခင်၊ ကိုယ်တော်သည်အဘယ် သူနည်းဟု မေးလျှောက်၏။ ဘုရားသခင်ကလည်း၊ ငါကား သင်ညှဉ်းဆဲသောယေရှုဖြစ်သတည်း။
၆ သို့သော် လည်း ထ၍မြို့သို့ဝင်လော့။ သင်ပြုရမည်အမှုကို ပြောလိမ့်မည်ဟု မိန့်တော်မူ၏။
၇ ရှောလုနှင့်အတူ သွားသော သူတို့သည် အသံကိုကြားရုံမျှသာရှိ၍၊ အဘယ်သူကိုမျှမမြင်ဘဲ မိန်းမောတွေဝေလျက် ရပ်နေကြ၏။ ၈ ရှောလုသည်လည်း မြေမှထ၍ မျက်စိကိုဖွင့်သော်လည်း အဘယ်သူကိုမျှမမြင်နိုင်သည်ဖြစ်၍၊ သူ၏လက်ကိုဆွဲလျက်၊ ဒမာသက်မြို့သို့ ပို့ဆောင်ကြ၏။
၉ သုံးရက်ပတ်လုံး မျက်စိမမြင်၊ မစားမသောက်ဘဲနေလေ၏။၁၀ ထိုအခါ အာနနိအမည်ရှိသော တပည့်တော်တယောက်သည် ဒမာသက်မြို့၌ရှိ၏။ ထိုသူကို သခင် ဘုရားသည် ဗျာဒိတ်တော်အားဖြင့်၊ အာနနိဟူ၍ခေါ်တော်မူလျှင်၊ နာနနိက၊ သခင်ဘုရား အကျွန်ုပ်ရှိပါသည် ဟုလျှောက်၏။

ဆာလံကျမ်း အခန်းကြီး ၁၁၇ (Ps 117:1-2);

၁ လူမျိုးအပေါင်းတို့ ထာဝရဘုရားကို ချီးမွမ်းကြလော့၊၊ လူအနွယ်အပေါင်းတို့ အလွန်ချီးမွမ်းကြလော့၊၊
၂ အကြောင်းမူကား ၊ ငါတို့၌ ကရုဏာတော်ကြီးလှ၏၊၊ ထာဝရဘုရား၏ သစ္စာတော်သည် အစဉ်အမြဲတည်၏။ ဟာလေလုယ။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၆ (John 6:52-59);

၅၂ ထိုအခါယုဒလူတို့က၊ ဤသူသည်မိမိအသားကိုငါတို့စားစရာဘို့ အဘယ်သို့ပေးနိုင်သနည်းဟု အချင်းချင်း ငြင်းခုံကြ၏။ ၅၃ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ လူသား၏ အသားကိုမစား၊ အသွေးကိုမသောက်လျှင် သင်တို့၌အသက်မရှိ။ ၅၄ ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သော သူသည် ထာဝရအသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။
၅၅ ငါ၏ အသားသည် စားစရာကောင်း၏။ ငါ၏အသွေးလည်း သောက်စရာကောင်း၏။
၅၆ ငါ၏အသားအသွေးကို သောက်စားသော သူသည် ငါ၌တည်၏။ ထိုသူ၌လည်းငါတည်၏။
၅၇ အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကိုစေလွှတ် တော်မူ၍၊ ငါသည် ခမည်းတော်အားဖြင့် အသက်ရှင်သည်နည်းတူ၊ ငါ့ကိုစားသောသူသည် ငါ့အားဖြင့် အသက်ရှင်လိမ့်မည်။
၅၈ ဤမုန့်ကား၊ ကောင်းကင်မှ ဆင်းသက်သော မုန့်ဖြစ်၏။ သင်တို့ဘိုးဘေးများသည် မန္နကိုစားလျက် သေရသကဲ့သို့ မဟုတ်။ ဤမုန့်ကိုစားသောသူသည် အစဉ်မပြတ် အသက်ရှင်လိမ့်မည်ဟု၊

၅၉ ကပေရနောင်မြို့မှာ တရားစရပ်၌ သြဝါဒပေးစဉ်တွင် မိန့်တော်မူ၏။