Monday, 10 July 2017

10-JUL-2017 (READING -ORD14-YA-C1)

Mon the 10th: Gen 28:10-22; Ps 91:1-15; 2 Tim 1:10; Matt 9:18-26

ကမ္ဘာဦးကျမ်း အခန်းကြီး ၂၈ (Gen 28:10-22);

၁၀ ယာကုပ်သည် ဗေရရှေဘရွာမှထွက်၍၊ ခါရန်ပြည်သို့ခရီးသွားစဉ်တွင်၊
၁၁ တစုံတခုသောအရပ်သို့ ရောက်၍၊ မိုဃ်းချုပ်သောကြောင့်၊ ညဥ့်ကိုလွန်စေမည် အကြံရှိသည်နှင့်၊ ထိုအရပ်၌ ကျောက်ကိုယူ၍ ခေါင်းအုံးဘို့ထားပြီးလျှင် အိပ်လေ၏။
၁၂ မြင်ရသောအိပ်မက်ဟူမူကား၊ မြေကြီးပေါ်၌ လှေခါးထောင်လျက် အဖျားသည် မိုဃ်းကောင်းကင် တိုင်အောင် မှီ၏။ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည်၊ ထိုလှေခါးဖြင့် ဆင်းလျက်တက်လျက် ရှိကြ၏။
၁၃ ထာဝရဘုရားသည် လှေခါးထက်၌ ရပ်တော်မူလျက်၊ ငါသည် သင်၏အဘ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ ဘုရားတည်း ဟူသော ထာဝရဘုရားဖြစ်၏။ သင်အိပ်သောမြေကို သင်နှင့်သင်၏အမျိုးအနွှယ်အား ငါပေးမည်။
၁၄ သင်၏အမျိုးအနွှယ်သည် မြေမှုန့်ကဲ့သို့ များပြားလိမ့်မည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာ အရပ်တို့သို့ နှံ့ပြားကြလိမ့်မည်။ သင်နှင့် သင်၏ အမျိုးအနွှယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။
၁၅ ငါသည် သင့်ဘက်မှာရှိ၏။ သင်သွားလေရာရာ၌ ငါစောင့်မမည်။ ဤပြည်သို့တဖန် ဆောင်ခဲ့ဦး မည်။ ဂတိထားသည် အတိုင်း မပြည့်စုံမှီ၊ သင့်ကိုငါမစွန့်ဟု မိန့်တော်မူ၏။
၁၆ ယာကုပ်သည် အိပ်ပျော်ရာမှ နိုးလျင်၊ အကယ်စင်စစ် ထာဝရဘုရားသည် ဤအရပ်၌ ရှိတော်မူ၏။ ရှိတော်မူကြောင်းကို ငါမသိ။
၁၇ ဤအရပ်ကား၊ အဘယ် မျှလောက် ကြောက်မက်ဘွယ် ဖြစ်သည်တကား။ ဤအရပ်ကား၊ အခြားမဟုတ်၊ ဘုရားသခင်၏ ဘုံဗိမာန်၊ ကောင်းကင်တံခါးဝ ဖြစ်သည်တကားဟု၊ ကြောက်ရွံ့ခြင်းသို့ ရောက်၍ဆို၏။
၁၈ နံနက်စောစော ယာကုပ်သည်ထ၍၊ ခေါင်းအုံးသောကျောက်ကို ယူသဖြင့်၊ မှတ်တိုင်ဖြစ်စေလျှက် ထူထောင်ပြီးလျှင်၊ ကျောက်ထိပ်ဖျားအပေါ်၌ ဆီကိုလောင်းလေ၏။
၁၉ ထိုအရပ်ကိုလည်း၊ ဗေသလအမည်ဖြင့် မှည့်လေ၏။ ထိုမြို့၏ အမည်ဟောင်းကား၊ ဥလံလုဇဟူသတည်း။
၂၀ ထိုအခါ ယာကုပ်က၊ ဘုရားသခင်သည် ငါဘက်၌ ရှိလျက်၊ ငါယခုသွားရာလမ်းမှာ၊ ငါ့ကိုစောင့်မ၍ စားစရာအစား၊ ဝတ်စရာအဝတ်ကို ပေးသနား တော်မူလျှင်၎င်းး၊
၂၁ ငါသည်တဖန် အဘ၏အိမ်သို့ ငြိမ်ဝပ်စွာပြန်ရောက်၍၊ ထာဝရဘုရားသည် ငါ၏ဘုရားဖြစ်တော်မူလျှင်၎င်း၊ မှတ်တိုင် ပြု၍ ငါထူထောင်သော ဤကျောက်သည်လည်း၊ ဘုရားသခင်၏ ဗိမာန်ဖြစ်ရမည်။
၂၂ ပေးသနားတော်မူသမျှတို့ကို ဆယ်ဘို့တဘို့ ပူဇော်ပါမည်ဟူ၍ သစ္စာပြုလေ၏။

ဆာလံကျမ်း အခန်းကြီး ၉၁ (Ps 91:1-15);

အမြင့်ဆုံးသော ဘုရား၏ကွယ်ကာရာ ဌာနတော်၌် နေသောသူသည် အနန္တတန်ခိုးရှင်၏ အရိပ်ကို ခိုရလိမ့်မည်။ 
ထာဝရဘုရားသည် ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသော ဘုရားသခင်ဖြစ်တော်မူသည်ဟု ငါပြောဆို၏။
အကယ်စင်စစ် မုဆိုး၏ ကျော့ကွင်းနှင့်၎င်း၊ သေတတ်သောအနာနှင့်၎င်း၊ သင့်ကိုကင်းလွတ် စေတော်မူမည်။
အတောင်တော် အမွေးနှင့်ဖုံးအုပ်တော်မူ၍၊ အတောင်တော်အောက်၌ သင်သည် လုံခြုံစွာ နေရလိမ့်မည်။ သစ္စာတော် သည် သင်၏ ဒိုင်းလွှားဖြစ်လိမ့်မည်။
ညဥ့်အခါ ဖြစ်တတ်သော ဘေးကို၎င်း၊ နေ့အချိန်၌ ပစ်သောမြားကို၎င်း၊
မှောင်မိုက်   ထဲမှာ လည်သော ကာလနာကို၎င်း၊ မွန်းတည့်အချိန်၌ ဖျက်ဆီးတတ်သော ဥပဒ်ကို၎င်း၊ သင်သည် မကြောက်ရ။ 
သင်၏အနားမှာ လူတထောင်၊ သင်၏လက်ျာ ဘက်မှာ လူတသောင်း လဲသော်လည်း၊ သင့်ကို မထိမခိုက်ရ။
သင်သည် ကိုယ်မျက်စိနှင့် ကြည့်၍၊ မတရားသော သူတို့၌ ရောက်ရသောအပြစ် ကို မြင်ရုံမျှသာရှိလိမ့်မည်။
ထာဝရဘုရားသည် ငါခိုလှုံရာ ဖြစ်တော်မူ၏ဟု သင်သည်ဆို၍၊ အမြင့်ဆုံးသော ဘုရား၌ နေရာကျသောကြောင့်၊
၁၀ သင်၌ မကောင်းသော အနိဌရုပ်မကပ်မရောက်။ သင့်နေရာသို့ ဘေးဥပဒ်မချဉ်းရ။
၁၁ သွားလေရာရာ၌ သင့်ကိုစောင့်ရှောက်စေခြင်းငှာ၊ ကောင်းကင်တမန်တို့အား သင့်အဘို့ မှာထားတော်မူသည်ဖြစ်၍၊
၁၂ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှာ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်။
၁၃ သင် သည်ခြင်္သေ့နှင့် မြွေဆိုးအပေါ်မှာ ကျော်သွား၍၊ ခြင်္သေ့ပျိုနှင့် နဂါးတို့ကို ခြေဖြင့်နင်းလိမ့်မည်။
၁၄ သူသည် ငါ့ကိုချစ်သောကြောင့်၊ သူ့ကိုငါကယ်နှုတ်မည်။ ငါ့၏နာမကိုသိသောကြောင့်၊ သူ့ကိုငါ မြှောက်မည်။
၁၅ သူသည် ငါ့ကိုခေါ်သောအခါ ငါထူးမည်။ ဒုက္ခခံရသောအခါ သူ့ဘက်မှာ ငါနေ၍ချမ်းသာပေးမည်။ သူ၏ဘုန်းကိုလည်း ထင်ရှားစေမည်။

တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး (2 Tim 1:10);

၁၀ ထိုကျေးဇူးတော်ကား၊ ငါတို့ကိုကယ်တင် သောသခင်ယေရှုခရစ်ပေါ်ထွန်း သည်အရာမှာ ယခုထင်ရှားလျက်ရှိ၏။ ထိုသခင်သည် သေခြင်းအကြောင်း ကိုပယ်ရှား၍၊ အသက်ရှင်ခြင်းအကြောင်း နှင့်မဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။

ရှင်မဿဲခရစ်ဝင် အခန်းကြီး (Matt 9:18-26);

၁၈ ထိုစကားကိုမိန့်တော်မူစဉ်၊ အရာရှိတယောက်သည်လာ၍ ပြပ်ဝပ်လျက်၊ အကျွန်ုပ်၏သမီးသည် ယခုပင် သေဆဲရှိပါ၏။ သို့သော်လည်း၊ ကိုယ်တော်သည်ကြွ၍ သူ့အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည် ဟုလျှောက်၏။
၁၉ ယေရှုသည် ထ၍ တပည့်တော်တို့နှင့်အတူ ထိုသူနောက်သို့ လိုက်တော်မူ၏။
၂၀ ထိုအခါ တဆယ် နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသောမိန်းမတယောက်က၊
၂၁ ငါသည် အဝတ်တော်ကိုသာတို့လျှင်ချမ်းသာရမည်ဟု စိတ်ထင်နှင့်၊ နောက်တော်သို့ချဉ်းကပ်၍ အဝတ်တော်၏ ပန်းပွားကိုတို့လေ၏။
၂၂ ယေရှုသည် လှည့်၍ထိုမိန်းမကို မြင်တော်မူလျှင်၊ ငါ့သမီး၊ မစိုးရိမ်နှင့် သင်၏ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီဟု မိန့်တော်မူ၏။ ထိုခဏမှစ၍ ထိုမိန်းမသည် အနာကင်းပျောက်လေ၏။
၂၃ အရာရှိအိမ်သို့ရောက်တော်မူ၍ တီးမှုတ်သောသူတို့နှင့်များစွာသော လူတို့သည် အုန်းအုန်းသဲသဲပြုကြသည်ကိုမြင်လျှင်၊
၂၄ ဖယ်ရှားကြလော့။ မိန်းမငယ်သေသည်မဟုတ်၊ အိပ်ပျော်သည် ဟုမိန့်တော်မူတော်၊ ထိုသူတို့သည်ပြက်ယယ်ပြုကြ၏။
၂၅ ထိုလူများကို ပြင်သို့ထွက်စေပြီးမှ အတွင်းသို့ဝင်၍ မိန်းမငယ်၏လက်ကို ကိုင်တော်မူသည်တွင် သူသည်ထလေ၏။
၂၆ ထိုသိတင်းစကားသည် တပြည်လုံး၌နှံ့ပြား ကျော်စောလေ၏။