Tue the 25th: Feast of James, apostle.
Exod 14:21-15:1; Exod 15:8-17; John 14:23; Matt 12:46-50
ထွက်မြောက်ရာကျမ်း အခန်းကြီး ၁၄ (Exod 14:21-15:1);
၂၁ မောရှေသည် ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍၊ ထာဝရဘုရားသည် တညဥ့်လုံး၌ အားကြီးသော အရှေ့လေအားဖြင့် ပင်လယ်ရေကိုလှန်ပြန်၍၊ မြေကို ပေါ်စေတော်မူသည်နှင့်၊ ရေသည် ကွဲပြတ်လျက်ရှိ၏။
၂၂ ဣသရေလအမျိုးသားတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာရှောက်သွားကြ၍၊ ရေသည် သူတို့လက်ျာဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ ရှိနေ၏။
၂၃ အဲဂုတ္တုလူများ၊ ဖာရောဘုရင်၌ပါသော မြင်း၊ ရထား၊ မြင်းစီးသူရဲအပေါင်းတို့သည်၊ ပင်လယ်အလယ်သို့ လိုက်ဝင်ကြ၏။
၂၄ နံနက်ယံ၌ ထာဝရဘုရားသည် မီးမိုဃ်းတိမ်တိုင်အားဖြင့် အဲဂုတ္တုတပ်ကို ကြည့်ရှု၍ နှောင့်ရှက်တော်မူ၏။
၂၅ သူတို့ရထားအသွားခက်စေခြင်းငှါ ရထားဘီးများကို ချို့တဲ့စေတော်မူ၏။ အဲဂုတ္တုလူတို့ ကလည်း၊ ဣသရေလလူတို့ထံမှ ပြေးကြစို့။ ထာဝရဘုရားသည် သူတို့ဘက်၊ အဲဂုတ္တုလူတို့တဘက်၌ စစ်တိုက်သည်ဟု ပြောဆိုကြ၏။
၂၆ ထာဝရဘုရားကလည်း၊ ပင်လယ်ရေသည် အဲဂုတ္တုလူများ၊ ရထားများ၊ မြင်းစီးသူရဲများတို့ အပေါ်သို့ ပြန်စေခြင်းငှါ၊ ပင်လယ်အပေါ်မှာ လက်ကိုဆန့်လော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊
၂၇ မိုဃ်းလင်းသော အခါ၊ မောရှေသည် လက်ကိုပင်လယ်ပေါ်မှာ ဆန့်သဖြင့်၊ ပင်လယ်ရေသည် အားကြီး၍ပြန်လာသည်ကို၊ အဲဂုတ္တုလူတို့သည် ပြေးကြသော်လည်း၊ ထာဝရဘုရားသည် သူတို့ကို ပင်လယ်အလယ်၌ လှဲတော်မူ၏။
၂၈ ထိုသို့ ပင်လယ်ရေသည် ပြန်လာ၍၊ ပင်လယ်ထဲသို့လိုက်ဝင်သော ဖာရောဘုရင်၏ ရထား၊ မြင်းစီးသူရဲ၊ ဗိုလ်ခြေအပေါင်းတို့ကို လွှမ်းမိုးသဖြင့်၊ တစုံတယောက်မျှမကျန်ရစ်ရ။
၂၉ ဣသရေလအမျိုးသားတို့မူကား၊ ပင်လယ်အလယ်၌ မြေပေါ်မှာ ရှောက်သွား၍၊ ရေသည် သူတို့လက်ျာဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံ ကဲ့သို့ရှိ နေ၏။
၃၀ ထိုသို့ ထာဝရဘုရားသည် ထိုနေ့၌ ဣသရေလလူတို့ကို၊ အဲဂုတ္တုလူတို့လက်မှ ကယ်လွှတ်တော်မူသဖြင့်၊ ပင်လယ်ကမ်းနားမှာ အဲဂုတ္တုလူအသေကောင် တို့ကို မြင်ရကြ၏။
၃၁ ထိုသို့ အဲဂုတ္တုလူတို့၌ ထာဝရဘုရား ပြုတော်မူသော အမှုကြီးကို၊ ဣသရေလလူတို့သည် မြင်၍၊ ထာဝရဘုရားကို ကြောက်ရွံ့ကြ၏။ ထာဝရဘုရားနှင့် ကိုယ်တော်၏ကျွန် မောရှေကို ယုံကြည်ကြ၏။
၁ ထိုအခါ မောရှေနှင့် ဣသရေလအမျိုးသားတို့သည်၊ ထာဝရဘုရားအား သီချင်းဆိုသောစကားဟူမူကား၊ ထာဝရဘုရားသည် ဘုန်းပွင့်လျက် အောက်ပွဲခံတော်မူသည်ဖြစ်၍၊ ကိုယ်တော်အား သီချင်းဆိုပါအံ့။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့ လှဲချတော်မူပြီ။
ထွက်မြောက်ရာကျမ်း အခန်းကြီး ၁၅ (Exod 15:8-17);
၈ နှာခေါင်းတော်လေအားဖြင့် ရေသည်စုဝေး၍၊ စီးသောရေသည် ပုံ့ပုံ့ကြွ၍၊ ပင်လယ်၏အထဲ ၌ပင် နက်သောရေသည် တောင့်မာလျက်နေရ၏။
၉ ရန်သူက၊ ငါလိုက်မည်။ သူတို့ကိုမှီလိမ့်မည်။ လုယူသောဥစ္စာကို ဝေ၍ သူတို့၌ ငါချင်ရဲပြေလိမ့်မည်။ ထားကိုအိမ် မှထုတ်၍ သူတို့ကိုငါ့လက်နှင့် ဖျက်ဆီးမည်ဟု ဆိုသတည်း။
၁၀ ကိုယ်တော်သည် လေကိုမှုတ်တော်မူသဖြင့်၊ ပင်လယ်သည် သူတို့ကိုလွှမ်းမိုး၍ သူတို့သည် အားကြီးသောရေထဲမှာ ခဲကဲ့သို့ ဆင်းကြလေ၏။
၁၁ အိုထာ ဝရဘုရား၊ ဘုရားများတို့တွင် အဘယ်မည်သောဘုရားသည် ကိုယ်တော်နှင့်တူ ပါသနည်း။ သန့်ရှင်းခြင်းအားဖြင့် ဘုန်းကြီးတော်မူထသော၊ ချီးမွမ်းခြင်းကိုခံစဉ်တွင်၊ ကြောက်မက်ဘွယ်ဖြစ်တော်မူ ထသော၊ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူသော၊ ကိုယ်တော်နှင့် အဘယ်ဘုရားတူပါသနည်း။
၁၂ လက်ျာလက် တော်ကို ဆန့်တော်မူ သဖြင့်၊ သူတို့ကို မြေမြ‡ုပ်လေ၏။
၁၃ ရွေးတော်မူသော လူမျိုးကို ကရုဏာတော်အားဖြင့် ပို့ဆောင်တော်မူ၏။ သန့်ရှင်းသော နေတော်မူရာသို့ တန်ခိုးအားဖြင့် လမ်းပြတော်မူ၏။
၁၄ လူမျိုးတို့သည် သိတင်း ကြား၍ ကြောက်လန့်ကြလိမ့်မည်။ ပေါလေတ္တိနပြည်သူပြည်သားတို့သည် ပူပန်ခြင်းသို့ ရောက်ကြလိမ့်မည်။
၁၅ ဧဒုံဗိုလ်တို့ သည် မိန်းမောတွေဝေခြင်း၊ မောဘသူရဲတို့သည် တုန်လှုပ်ခြင်း၊ ခါနာန်ပြည်သားအပေါင်းတို့သည် စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။
၁၆ အိုထာဝရဘုရား၊ ကိုယ်တော်၏လူတို့သည် လွန်သွားသောအခါ၊ ရွေးတော်မူသော ကိုယ်တော်၏လူတို့သည် လွန်သွားသောအခါ၊ ထိုလူအမျိုးမျိုးတို့သည် ကြောက်သောစိတ်၊ ထိတ်လန့်သော စိတ်အားကြီး၍ လက်ရုံးတော်တန်ခိုးကြောင့်၊ သူတို့သည် ကျောက်ကဲ့သို့ ငြိမ်ငြိမ်နေကြလိမ့်မည်။
၁၇ အိုထာဝရ ဘုရား၊ အမွေခံတော်မူရာတောင်တည်းဟူသော ကျိန်းဝပ်တော်မူရာဘို့ ဖန်ဆင်းတော်မူသော အရပ်ထဲ သို့ ကိုယ်တော်၏လူတို့ကို သွင်းတော်မူလိမ့်မည်။ အိုထာဝရဘုရား၊ လက်တော်နှင့်တည်တော်မူသော သန့်ရှင်းရာ ဌာနတော်၌ နေရာချတော်မူလိမ့်မည်။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:23);
၂၃ ယေရှုကလည်း၊ ငါ့ကိုချစ်သော သူသည် ငါ့စကားကိုနားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကိုချစ်တော်မူသည်။ ငါတို့သည်လည်း သူ့ဆီသို့ကြွ၍ နေရာချမည်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၂ (Matt 12:46-50);
၄၆ ထိုသို့ပရိတ်သတ်တို့အား ဟောတော်မူစဉ်တွင်၊ မယ်တော်နှင့်ညီတော်တို့သည် နှုတ်ဆက်လို၍ ပြင်မှာ ရပ်နေကြ၏၊
၄၇ လူတယောက်ကလည်း၊ မယ်တော်နှင့်ညီတော်တို့သည် ကိုယ်တော်နှင့်နှုတ်ဆက်လို၍ ပြင်မှာရပ်နေ ကြပါ၏ဟုလျှောက်လျှင်၊
၄၈ ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟုမေးတော်မူ၏။
၄၉ လက်တော်ကို လည်းဆန့်၍ တပည့်တော်တို့ကို ညွှန်လျက်၊ ဤသူတို့သည် ငါ့အမိ၊ ငါ့ညီပေတည်း။
၅၀ ကောင်းကင်ဘုံ၌ရှိတော်မူ သော ငါ့အဘ၏အလိုတော်ကိုဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏။