Mon the 4th: Memorial of John Vianney, priest.
Jer 28:1-17; Ps 119:29-102; Matt 4:4; Matt 14:22-36
ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၂၈ (Jer 28:1-17);
၁ ထိုနှစ်တည်းဟူသော ယုဒရှင်ဘုရင် ဇေဒကိနန်းစံ စတုတ္ထနှစ်၊ ပဉ္စမလတွင်၊ ဂိဗောင်မြို့နယ်၊ အာဇုရသား ဟာနနိက၊
၂ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင်၏ ထမ်းဘိုးကို ငါချိုးမည်။
၃ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဤအရပ်မှ ဗာဗုလုန်မြို့သို့ ယူသွားသော ဗိမာန်တော်တန်ဆာအလုံးစုံတို့ကို နှစ်နှစ်အတွင်းတွင်၊ ဤအရပ်သို့ ငါဆောင်ခဲ့ဦးမည်။
၎ ဗာဗုလုန်မြို့သို့ သိမ်းသွားသော ယုဒပြည်သားအပေါင်းတို့နှင့် တကွ၊ ယုဒရှင်ဘုရင် ယောယကိမ်သား ယေခေါနိမင်းကိုလည်း၊ ဤအရပ်သို့ ငါဆောင်ခဲ့ဦးမည်။ ဗာဗုလုန်ရှင်ဘုရင်၏ ထမ်းဘိုးကို ငါချိုးမည်ဟု ထာဝရဘုရား မိန့်တော်မူကြောင်း ကို၊ ဗိမာန်တော်၌ ယဇ်ပုရောဟိတ်များ၊ လူများအပေါင်းတို့ရှေ့မှာ ငါ့အားပြောဆို၏။
၅ ထိုအခါ ပရောဖက် ယေရမိသည် ဗိမာန်တော်၌ ရပ်နေသော ယဇ်ပုရောဟိတ်များနှင့် လူများအပေါင်းတို့ရှေ့မှာ၊ ပရောဖက်ဟာနနိအား ပြန်ပြောသည်ကား၊
၆ အာမင်၊ ထာဝရဘုရားပြုတော်မူပါစေသော။ ဗိမာန်တော်တန်ဆာများနှင့် တကွ၊ ဤအရပ်မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသောသူများအပေါင်းတို့ကို၊ ထာဝရဘုရားသည် တဖန်ဆောင်ခဲ့၍၊ သင်ဟောပြောသော စကားမှန်ကြောင်းကို ပြတော်မူပါစေသော။
၇ သို့ရာတွင်၊ သင်နှင့်တကွ လူအပေါင်းတို့အား ငါယခုဟောပြောသော စကားကို နားထောင်လော့။
၈ ငါတို့မဖြစ်မှီ ရှေးကာလ၌ ဖြစ်ဘူးသော ပရောဖက် တို့သည်၊ များပြားသော ပြည်၊ အားကြီးသောတိုင်းနိုင်ငံတို့ကို ရည်မှတ်၍၊ စစ်တိုက်မည်အကြောင်း၊ ဘေးရောက်မည်အကြောင်း၊ ကာလနာပေါ် မည်အကြောင်းတို့ကို ဟောပြောတတ်ကြ၏။
၉ ငြိမ်ဝပ်မည် အကြောင်းကို ဟောပြောသော ပရောဖက်ရှိလျှင်၊ သူ၏စကားပြည့်စုံသောအခါ စင်စစ်ထာဝရဘုရား စေလွှတ်တော်မူသော ပရောဖက်ဖြစ်ကြောင်း ထင်ရှားလိမ့်မည် ဟုပြောဆို၏။
၁၀ ထိုအခါ ပရောဖက် ဟာနနိသည် ပရောဖက်ယေရမိလည်ပင်းမှ ထမ်းဘိုးကိုယူ၍ ချိုးလျက်၊
၁၁ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုသို့လူအမျိုးမျိုးတို့၏ လည်ပင်းပေါ်မှာ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ တင်သော ထမ်းဘိုးကို နှစ်နှစ်အတွင်းတွင် ငါချိုးပယ်မည်ဟု မိန့်တော်မူကြောင်းကို၊ လူအပေါင်းတို့ရှေ့မှာပြောဆို၏။ ထိုအခါ ပရောဖက် ယေရမိသည် ထွက်သွားလေ၏။
၁၂ ပရောဖက်ဟာနနိသည် ပရောဖက်ယေရမိ၏ လည်ပင်းမှာထမ်းဘိုးကို ချိုးပယ်သောနောက်၊ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာသည်ကား၊
၁၃ သင်သွား၍၊ ထာဝရဘုရား၏ အမိန့်တော်ကို ဟာနနိအား ဆင့်ဆိုရမည်မှာ၊ သင်ချိုးသောသစ်သား၊ ထမ်းဘိုးအစား၊ သံထမ်းဘိုးကို လုပ်ရမည်။
၁၄ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤလူမျိုးရှိသမျှ တို့သည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ၏ အစေကိုခံစေခြင်းငှါ၊ သူတို့လည်ပင်းပေါ်မှာ သံထမ်းဘိုးကို ငါတင်ပြီ။ ထိုသူတို့သည် ထိုမင်း၏အစေကို ခံရကြမည်။ တောတိရစ္ဆာန်များကိုလည်း၊ သူ၌ငါအပ်ပေးပြီဟု မိန့်တော်မူ၏။
၁၅ ပရောဖက် ယေရမိကလည်း၊ ဟာနနိ၊ နားထောင်လော့။ ထာဝရဘုရားသည် သင့်ကို စေလွှတ်တော်မမူ။ ဤလူမျိုးသည် မုသာ၌ ခိုလှုံမည်အကြောင်းကို သင်ပြုတတ်၏။
၁၆ ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ထာဝရဘုရားကို ပုန်ကန်စေခြင်းငှါ၊ သွန်သင်သောကြောင့်၊ သင့်ကို မြေပြင်မှငါပယ်ရှင်းမည်။ ယခုနှစ်တွင် သင်သည် သေရမည်ဟု ပရောဖက် ဟာနနိအား ပြောဆို၏။
၁၇ ထိုသို့နှင့် အညီ ပရောဖက် ဟာနနိသည် ထိုနှစ်တွင်၊ သတ္တမလ၌ သေလေ၏။
ဆာလံကျမ်း အခန်းကြီး ၁၁၉ (Ps 119:29-102);
၂၉ မုသာလမ်းကိုအကျွန်ုပ် ရှောင်ပါမည်အကြောင်း ကယ်မ၍ တရားတော်ကို ပေးသနားတော်မူပါ၊၊
၃၀ သစ္စာလမ်းကို အကျွန်ုပ်ရွေးပါပြီ၊၊ စီရင်တော်မူချက်တို့ကို အကျွန်ုပ်ရှေ့မှာ ထားပါပြီ၊၊
၃၁ သက်သေခံတော် မူချက်တို့၌ မှီဝဲပါပြီ၊၊ အို ထာဝရဘုရား အရှက်ကွဲစေတော်မမူပါနှင့်၊၊
၃၂ အကျွန်ုပ်ဥာဏ်ကို ပွင့်စေတော် မူသည်ဖြစ်၍ ပညတ်တော်လမ်းသို့ အလျှင်အမြန် လိုက်ပါမည်၊၊
၃၃ အိုထာဝရဘုရား၊ အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်အားသွန်သင်တော်မူပါ၊၊ အဆုံးတိုင်အောင် လိုက်သွားပါမည်၊
၃၄ ဥာဏ်ကို ပေးတော်မူပါ၊ တရားတော်ကို စောင့်ပါမည်၊၊ စိတ်နှလုံးကို အကြွင်းမဲ့ စောင့်ပါမည်၊၊
၃၅ ပညတ်တော်လမ်း၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ၊၊ ထိုလမ်းကို နှစ်သက်ပါ၏၊၊
၃၆ အကျွန်ုပ်စိတ်နှလုံးကို လောဘဘက် သို့မဟုတ် သက်သေခံတော်မူချက်တို့ဘက်သို့ ဆွဲတော်မူပါ၊၊
၃၇ အနတ္တကို ပမာဏာမပြုစေခြင်းငှါ အကျွန်ုပ်မျက်စိကို အခြားသို့ လွဲတော်မူပါ၊၊ လမ်းခရီးတော်၌ အကျွန်ုပ်အသက်ရှင်စေတော်မူပါ၊၊
၃၈ ကိုယ်တော်ကို ကြောက်ရွံ့သော ကိုယ်တော်၏ ကျွန်ဗျာဒိတ်တော်ကို တည်စေတော်မူပါ၊၊
၃၉ အကျွန်ုပ်ကြောက်သော ကဲ့ရဲ့ခြင်းကိုပယ်ပျောက်စေတော် မူပါ၊၊ စီရင်တော် မူချက်တို့သည် ကောင်းမွန်ကြပါ၏၊၊
၄၀ ပေးတော်မူသော သြဝါဒများကို တောင့်တပါ၏၊၊ ဖြောင့်မတ်ခြင်း တရားတော် အားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ၊၊
၄၁ အို ထာဝရဘုရား ဗျာဒိတ်တော်အတိုင်း ကရုဏာ တော်တည်း ဟူသော ကယ်တင်တော်မူခြင်း ကျေးဇူးတော်သည် အကျွန်ုပ်၌ ရောက်ပါစေသော၊
၄၂ ထိုသို့အကျွန်ုပ် သည် နှုတ်ကပတ် တ်ာကို ကိုးစားသည်ဖြစ်၍ ကဲ့ရဲ့သောသူ၏ စကားကို ချေစရာ အကြောင်းရှိပါလိမ်မည်၊၊
၄၃ စီရင် တော်မူချက်တို့ကို အကျွန်ုပ် မြော်လင့်သည်ဖြစ်၍ အကျွန်ုပ်၏နှုတ်ထဲက သစ္စာစကားကို အလျှင်း ရုပ်သိမ်းတော် မမူပါနှင့်၊၊
၄၄ ကိုယ်တော်၏ တရားကို မခြားမလပ် အစဉ်အမြဲကျင့်စောင့်ပါမည်၊၊
၄၅ ပေးတော်မူသော သြဝါဒများကို အကျွန်ုပ် ရှာဖွေမေးမြန်းသည်ဖြစ်၍ အဆီးအတားမရှိဘဲ သွားလာရပါ၏၊၊
၄၆ သက်သေခံတော်မူချက်တို့ကို မင်းများ ထံမှာ ပြန် ပြော၍ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်၊၊
၄၇ အကျွန်ုပ်သည် နှစ်သက်သော ပညတ်တော်တို့၌ မွေ့လျော်ပါမည်၊၊
၄၈ နှစ်သက်သော ပညတ်တော်တို့အား လက်တို့ကို ချီ၍ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင် အောက်မေ့ ပါမည်။
၄၉ အကျွန်ုပ် မြော်လင့်စရာအကြောင်း ကိုယ်တော်၏ ကျွန်၌ ထားတော်မူသော နှုတ်ကပတ်တော်ကို အောက်မေ့တော်မူပါ၊၊
၅၀ ဗျာဒိတ်တော်အားဖြင့် အကျွန်ုပ်အသက်ရှင်သည်ဖြစ်၍ ဆင်းရဲကို ခံရစဉ်တွင် ထိုနှုတ်ကပတ် တော်သည် အကျွန်ုပ်သက်သာစရာအကြောင်းဖြစ်ပါ၏၊၊
၅၁ မာနကြီးသော သူတို့သည် အကျွန်ုပ်ကို အလွန် ကဲ့ရဲ့သော် လည်း ကိုယ်တော်၏ တရားလမ်းကို အကျွန်ုပ်မရှောင်ပါ၊၊
၅၂ အိုထာဝရဘုရား ရှေးကာလ၌ စီရင်တော်မူချက်တို့ကို အကျွန်ုပ် အောက်မေ့၍ ကိုယ်ကိုကိုယ် နှစ်သိမ့်စေပါ၏၊၊
၅၃ တရားတော်ကို စွန့်ပယ်သော အဓမ္မလူတို့ကြောင့် အကျွန်ုပ် ၌ ပူလောင်သော စိတ်စွဲလန်းလျက် ရှိပါ၏၊၊
၅၄ အကျွန်ုပ်ဧည့်သည်နေရာအိမ်တွင် အထုံးအဖွဲ့တော် တို့သည် အကျွန်ုပ်သီချင်းဆိုရာ အကြောင်းဖြစ်၏၊၊
၅၅ အိုထာဝရဘုရား ညဥ့်အချိန်၌ နာမတော်ကို အကျွန်ုပ်အောက်မေ့၍ တရားတော်ကို စောင့်ပါ၏၊၊
၅၆ ပေးတော်မူသော သြဝါဒများကို နားထောင်သောအားဖြင့် အားရပါ၏။
၅၇ အိုထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ အဘို့ ဖြစ်တော်မူ၏၊၊ နှုတ်ကပတ်စကားတော်တို့ ကို နားထောင်ပါမည်ဟု အကျွန်ုပ်ပြောထားပါပြီ၊၊
၅၈ ကျေးဇူးတော်ကို ခံရပါမည်အကြောင်း ကိုယ်တော်ကို စိတ်နှလုံး အကြွင်းမဲ့တောင်းပန်ပါ၏၊၊ ဗျာဒိတ်တော်အတိုင်း အကျွန်ုပ်ကို သနားတော်မူပါ၊၊
၅၉ ကိုယ်လိုက်ရာလမ်းကို ဆင်ခြင်သော အခါ သက်သေခံတော်မူချက်တို့သို့ လှည့်၍ လိုက်ပါ၏၊၊
၆၀ ပညတ်တော်တို့ကို စောင့်ခြင်းငှါ မဖင့်မနွဲ့ အလျင်အမြန်ပြု ပါ၏၊
၆၁ မတရားသောသူအစည်းအဝေးတို့သည် အကျွန်ုပ်ကို ဝိုင်းကြသော်လည်း အကျွန်ုပ်သည် တရားတော်ကို မမေ့မလျော့ပါ၊
၆၂ တရားသဖြင့် စီရင်တော်မူချက်တို့ကို ထောက်၍ ၊ဂုဏ်တော်ကို ချီးမွမ်းခြင်းငှာ၊သန်းခေါင်အချိန်၌ အကျွန်ုပ်ထတက်ပါသည်။
၆၃ ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ ပေးတော်မူသောသြဝါဒကို နားထောင်သောသူရှိသမျှ တို့နှင့် အကျွန်ုပ် ပေါင်းဘော်တတ်ပါ၏။
၆၄ အိုထာဝရဘုရား၊ မြေကြီးသည် ကရုဏာတော်နှင့် ပြည့်ဝပါ၏။အထုံးအဖွဲ့ တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။
၆၅ အိုထာဝရဘုရား၊ နှုတ်ကပတ်တော်အတိုင်း ကိုယ်တော်၏ ကျွန်၌ ကျေးဇူးပြုတော်မူ၏။
၆၆ ပညတ်တော် တို့ကို အကျွန်ုပ် ယုံကြည်သည်ဖြစ်၍၊ ကောင်းသောဥာဏ်နှင့် ပညာတော်အတတ်ကို သွင်းပေးတော်မူပါ။
၆၇ အကျွန်ုပ် သည် ဆင်းရဲမခံမီ လမ်းလွှဲပါ၏။ ယခုမူကား ဗျာဒိတ်တော်အတိုင်း ကျင့်စောင့်ပါ၏။
၆၈ ကိုယ်တော်သည် ကောင်းသောသဘော ကျေးဇူးပြုတက်သောသဘော ရှိတော်မူ၏။အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။
၆၉ မာနကြီးသော သူတို့သည် အကျွန်ုပ်တဘက် ၌မုသာ စကားကို ကြံစည်သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို စိတ်နှလုံးအကြွင်းမဲ့ ကျင့်ပါ၏။
၇၀ သူတို့နှလုံးသည် ဆီဥကဲ့သို့ ခဲလျက်ရှိ၏။ အကျွန်ုပ်မူကား၊ ကိုယ်တော်၏တရား၌ မွေ့လျော်ပါ၏။
၇၁ အထုံးအ ဖွဲ့တော်တို့ကို သွန်သင်စေခြင်းငှာ၊ အကျွန်ုပ် ဆင်းရဲခံရသော ကျေးဇူးသည် ကြီးမားပါ၏။
၇၂ နှုတ်တော်ထွက် တရားတော်သည် ရွှေငွေအထောင်၊အသောင်း ထက်မက၊ အကျွန်ုပ်၌သာ၍ကောင်းပါ၏။
၇၃ ကိုယ်တော်၏ လက်တို့သည် အကျွန်ုပ်ကို ဖန်ဆင်း၍၊ ပုံသဏာန်ကို ပေးတော်မူပြီ။ ပညတ်တော်တို့ကို အကျွန်ုပ် သင်နိုင်သော ဥာဏ်နှင့် ပြည့်စုံစေတော်မူပါ။
၇၄ နှုတ်ကပတ်တော်ကို အကျွန်ုပ် မြော်လင့်သောကြောင့်၊ ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့သည် အကျွန်ုပ်ကို မြင်၍ ဝမ်းမြောက်ကြပါ လိမ့်မည်။
၇၅ အိုထာဝရဘုရား၊ စီရင်တော်မူချက်တို့သည် ဟုတ်မှန်ကြောင်းကို၎င်း၊ သစ္စာတော်နှင့်အညီ အကျွန်ုပ်ကို ဆင်းရဲတော်မူစေကြောင်းကို၎င်း၊ အကျွန်ုပ်သိပါသည်။
၇၆ ကိုယ်တော်၏ကျွန်၌ မိန့်တော်မူချက် အတိုင်း၊ ကရုဏာတော်သည် အကျွန်ုပ်ကိုချမ်းသာပေးပါ စေသောဟု ဆုတောင်းပါ၏။
၇၇ ကိုယ်တော်၏ တရားသည် အကျွန်ုပ်မွေ့လျော်ရာဖြစ်ပါ၏။ ထို့ကြောင့် အကျွန်ုပ် အသက်ရှင်မည်အကြောင်း သနားစုံမက် တော်မူခြင်းသည် သက်ရောက်ပါစေသော။
၇၈ မာနကြီးသော သူတို့သည် ရှက်ကြောက်ကြပါစေသော။ အကြောင်းမရှိဘဲ အကျွန်ုပ်၌ မတရားသဖြင့် ပြုကြပါပြီ။ အကျွန်ုပ်မူကား ကိုယ်တော်၏ ဥပဒေသများကို ဆင်ခြင် အောက်မေ့ပါသည်။
၇၉ ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ သက်သေခံတော်မူချက်တို့ကို သိသောသူတို့သည် အကျွန်ုပ်ထံသို့ လှည့်ကြပါစေသော။
၈၀ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ အကျွန်ုပ်နှလုံးသည် အထုံးအဖွဲ့တော်တို့၌ စုံလင်ပါစေသော၊၊
၈၁ အကျွန်ုပ်ဝိညာဉ်သည် ကယ်တင်တော်မူခြင်းကျေးဇူးကို တောင့်တလျက်နှင့် ခွန်အားလျော့ပါ၏။ သို့သော်လည်း၊ နှုတ်ကပတ်တော်ကို မြော်လင့်ပါ၏။
၈၂ အကျွန်ုပ်ကို အဘယ်ကာလမှ ချမ်းသာပေးတော်မူ မည်နည်း ဟူ၍၊ အကျွန်ုပ် မျက်စိတို့သည် ဗျာဒိတ်တော်ကို မြော်လင့်လျက်အား ကုန်ပါ၏။
၈၃ မီးခိုး၌ရှိသော သားရေဘူးကဲ့သို့ အကျွန်ုပ်ဖြစ်ပါ၏။ သို့သော်လည်း အထုံးအဖွဲ့တော်တို့ကို မမေ့မလျော့ပါ။
၈၄ ကိုယ်တော်၏ ကျွန်နေရသော နေ့ရက် ကာလအဘယ်မျှလောက်ကြာရပါမည်နည်း။ အကျွန်ုပ်ကိုညှင်းဆဲသောသူတို့အား၊ အဘယ်ကာလမှ တရားဆုံးဖြတ် တော်မူမည်နည်း။
၈၅ မာနကြီးသောသူ၊ ကိုယ်တော်၏ တရားကို လွန်ကျူးသော သူတို့သည် အကျွန်ုပ်အဘို့ တွင်းများကို တူးကြပါပြီ။
၈၆ အလုံးစုံးသော ပညတ်တော်တို့သည် သစ္စာနှင့်ပြည့်စုံကြပါ၏။ သူတပါးတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကို ညှဉ်းဆဲကြသည်ဖြစ်၍၊မစတော်မူပါ။
၈၇ သူတို့သည် အကျွန်ုပ်ကို မြေကြီးပေါ် ကသုတ်သင် ပယ်ရှင်းလုပါပြီ။ သို့သော်လည်း ကိုယ်တော်၏ ဥပဒေသများကို အကျွန်ုပ် မစွန့်ပါ။
၈၈ ဂရုဏာ တော်ရှိသည့်အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ နှုတ်တော်ထွက် ဗျာဒိတ်တော်ကို စောင့်ပါမည်။
၈၉ အိုထာဝရဘုရား၊ နှုတ်ကပတ်တော်သည်ကောင်းကင်ဘုံ၌အစဉ်အမြဲတည်ပါ၏။
၉၀ သစ္စာတော်သည် လူမျိုးအဆက်ဆက် မြဲမြံပါ၏။ မြေကြီးကိုတည်စေတော်မူသဖြင့်၊ သူသည် အမြဲနေပါ၏။
၉၁ ခပ်သိမ်းသော အရာတို့ သည် ကိုယ်တော်၏ ကျွန်ဖြစ်၍ စီရင်တော်မူသည်နှင့်အညီ၊ ယနေ့တိုင်အောင် အမြဲနေကြပါ၏။
၉၂ အကျွန်ုပ်သည် ကိုယ်တော်၏ တရား၌ မွေ့လျော်ခြင်းမရှိလျှင် အထက်က ဆင်းရဲခံစဉ်ပျက်စီးပါပြီ။
၉၃ ကိုယ်တော်၏ ဥပဒေများကို အစဉ်မမေ့လျော့နိုင်ပါ။ အကြောင်းမူကား၊ ထိုဥပဒေသများအားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူ၏။
၉၄ အကျွန်ုပ်သည်ကိုယ်တော်၏ ကျွန်ဖြစ်ပါ၏။ ကိုယ်တော်၏ ဥပဒေများကို ရှာဖွေလိုက်စစ်သောကြောင့်အကျွန်ုပ်ကို ကယ်တင်တော်မူပါ။
၉၅ အကျွန်ုပ်ကို ဖျက်ဆီးခြင်းငှါ၊ မတရားသော သူတို့သည် စောင့်လျက်နေကြပါ၏။ သို့သော်လည်း၊ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဆင်ခြင်အောက်မေ့ပါမည်။
၉၆ ခပ်သိမ်းသော စုံလင်ခြင်း၏ အဆုံးကို အကျွန်ုပ်မြင်ပါပြီ၊၊ ပညတ်တရား တော်မူ ကား အလွန်ကျယ်ဝန်းပါ၏၊၊
၉၇ ကိုယ်တော်၏ တရားကို အကျွန်ုပ်သည် အလွန်နှစ်သက်ပါ၏၊၊ တနေ့လုံး ဆင်ခြင်အောက်မ့ လျက်နေပါ၏၊
၉၈ ပညတ်တရားတော်သည် အကျွန်ုပ်ရန်သူတို့ထက် အကျွန်ုပ်ကိုသာ၍ ပညာရှိစေပါ၏၊၊ ပညတ်တရားတော်သည် အကျွန်ုပ်၌ အစဉ်တည်ပါ၏၊၊
၉၉ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်သည် ဆင်ခြင်အောက်မေ့သောကြောင့် အကျွန်ုပ်၏ ဆရာအပေါင်းတို့ ထက်သာ၍ နားလည်ပါ၏၊၊
၁၀၀ ဝကိုယ်တော်၏ ဥပဒေသများကို စောင့်သောကြောင့် အသက် ကြီးသူတို့ထက် သာ၍ ဥာဏ်ကောင်းပါ၏၊၊
၁၀၁ နှုတ်ကပတ်တော်ကို စောင့်လိုသောငှါ မကောင်းသောလမ်း ရှိသမျှတို့ကို လွှဲရှောင်ပါ၏၊၊
၁၀၂ ကိုယ်တော်သည် သွန်သင်တော်မူသောကြောင့် စီရင်တော်မူချက်တို့မှ အကျွန်ုပ်လွှဲ၍ မသွားပါ၊၊
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၄ (Matt 4:4);
၎ ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာ လာသည်ဟုပြန်ပြောတော်မူ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၄ (Matt 14:22-36);
၂၂ ယေရှုသည် စည်းဝေးသောသူတို့ကိုလွှတ်တော်မူစဉ်တွင်၊ တပည့်တော်တို့ကို လှေစီးစေ၍ကမ်း တဘက်သို့ အရင်ကူးစေတော်မူ၏။
၂၃ စည်းဝေးသောသူတို့ကိုလွှတ်ပြီးမှဆုတောင်းပဌနာပြုအံ့သောငှါ တောင်ပေါ် ၌ဆိတ် ကွယ်ရာအရပ်သို့ တက်ကြွသဖြင့်၊ ညအချိန်ရောက်သောအခါ၊ တယောက်တည်း ရှိနေတော်မူ၏။
၂၄ လှေမူကား အိုင်အလယ်၌ရှိ၍ လေမသင့်သောကြောင့် လှိုင်းတံပိုးလှုပ်ရှားခြင်းကို ပြင်းစွာခံရ၏။
၂၅ ညသုံးချက်တီးကျော်ချိန်၌ ယေရှုသည် အိုင်ပေါ်မှာစက်တော်ဖြန့်လျက် တပည့်တော်တို့ ရှိရာသို့ ကြွတော်မူ၏။
၂၆ ထိုသို့အိုင်ပေါ်မှာစက်တော် ဖြန့်၍ကြွတော်မူသည်ကို သူတို့သည်မြင်လျှင် ထိတ်လန့်၍၊ ဖုတ်တစ္ဆေ ဖြစ်သည်ဟုကြောက်သောစိတ်နှင့် အော်ဟစ်ကြ၏။
၂၇ ယေရှုသည် ချက်ခြင်းနှုတ်ဆက်၍ တည်ကြည်သောစိတ်ရှိကြလော့။ ငါပင်ဖြစ်သည်။ မကြောက်လန့် ကြနှင့်ဟု မိန့်တော်မူ၏။
၂၈ ပေတရုကလည်း၊ သခင်ကိုယ်တော်မှန်လျှင်အကျွန်ုပ်သည် ကိုယ်တော်ထံသို့ရေပေါ်မှာ လာရမည်အကြောင်းမိန့်တော်မူပါဟု လျှောက်လျှင်၊
၂၉ လာခဲ့လော့ဟုမိန့်တော်မူ၏။ ပေတရုသည်လှေပေါ်က ဆင်း၍ ယေရှုထံသို့ရောက်အံ့သောငှါ ရေပေါ်မှာလှမ်းသွား၏။
၃၀ လေပြင်းသည်ကိုမြင်လျှင် ကြောင့်လန့်၍ နစ်မွန်းလုသည် ရှိသော်၊ ကယ်မတော်မူပါသခင်ဟု ဟစ်ကြော်လေ၏။
၃၁ ယေရှုသည်လက်တော်ကိုချက်ချင်း ဆန့်၍ပေတရုကို ကိုင်တော်မူလျက်၊ ယုံကြည်အားနည်းသောသူ၊ အဘယ်ကြောင့်ယုံမှားသောစိတ် ဝင်သနည်းဟု မေးတော်မူ၏။
၃၂ လှေ ပေါ်သို့ရောက်ကြလျှင် လေသည်ငြိမ်းလေ၏။
၃၃ လှေသားတို့သည် ချဉ်းကပ်၍၊ စင်စစ် ကိုယ်တော်သည် ဘုရားသခင် ၏သားတော်မှန်ပါသည်ဟု ညွတ်ပြပ်၍လျှောက်ကြ၏။
၃၄ ကမ်းတဘက်သို့ကူးလျှင် ဂင်္နေသရက်နယ်သို့ရောက်ကြ၏။
၃၅ ထိုအရပ်သားတို့သည်မျက်နှာ တော်ကို မှတ်မိလျှင်၊ ပတ်ဝန်းကျင်အရပ်ရှိသမျှသို့စေလွှတ်သဖြင့် လူနာရှိသမျှတို့ကိုဆောင်ခဲ့၍၊
၃၆ အဝတ်တော်၏ပန်းပွားကိုမျှသာ တို့ရပါမည်အကြောင်းအခွင့်တောင်းကြ၏။ တို့သမျှသောသူတို့သည် လည်း ချမ်းသာရကြ၏။