Fri the 13th: Gen 3:1-8; Ps 32:1-7; Acts 16:14; Mark 7:31-37
ကမ္ဘာဦးကျမ်း အခန်းကြီး ၃(Gen 3:1-8);
၁ မြွေသည် ထာဝရအရှင် ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား၊ သင်တို့သည် ဥယျာဉ်၌ရှိသမျှသော အပင်တို့၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော် မူသလောဟု မေး၏။
၂ မိန်းမကလည်း၊ ငါတို့သည် ဥယျာဉ်၌ရှိသော အပင်တို့၏ အသီးကိုစားရသောအခွင့် ရှိ၏။
၃ ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ သင်တို့သည် မကိုင်မစားဘဲနေကြလော့။ သို့မဟုတ် သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။
၎ မြွေကလည်း၊ သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။
၅ အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတံ့သည်ကို၊ ဘုရားသခင် သိတော်မူသည်ဟု မိန်းမအားဆိုလေ၏။
၆ ထိုအပင်သည် စားဘွယ်ကောင်း၏၊ အဆင်းလည်း လှခြင်း၊ ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက်ဘွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင်၊ အသီးကိုယူ၍စား၏။ မိမိခင်ပွန်းအားလည်း ပေး၍ သူသည်လည်းစား၏။
၇ ထိုသူနှစ်ယောက် တို့သည် မျက်စိပွင့်လင်း၍၊ မိမိတို့၌ အဝတ်အချည်းစည်းရှိသည်ကို မြင်လျှင်၊ မိမိတို့ဝတ်ရန်ဘို့ သင်္ဘောသဖန်းပင် အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကိုလုပ်ကြ၏။
၈ နေဧသောအချိန်တွင်၊ ထိုဥယျာဉ်၌ ထာဝရအရှင် ဘုရားသခင် ကြွတော်မူသောအသံကို လူလင်မယား တို့သည် ကြားလျှင်၊ အထံတော်မှ လွတ်ခြင်းငှါ၊ ဥယျာဉ်အပင်တို့တွင် ပုန်းကွယ်လျက်နေကြ၏။
ဆာလံကျမ်း အခန်းကြီး ၃၂ (Ps 32:1-7);
၁ အပြစ်မှလွှတ်ခြင်း ဒုစရိုက်အပြစ်ကိုဖုံးအုပ်ခြင်းသို့ ရောက်သောသူသည်မင်္ဂလာရှိ၏၊၊
၂ ထာဝရဘုရား အပြစ်တင်တော်မူခြင်းနှင့် လွတ်၍လှည့်စားတတ်သော စိတ်သဘောထားနှင့် ကင်းစင်သောသူသည် မဂ်လာရှိ၏၊၊
၃ ငါသည်အပြစ်ကို မဘော်မပြဘဲ နေစဉ်အခါတနေ့လုံး ညည်းတွားသောအားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ ခြင်းသို့ရောက်ရ၏၊၊
၎ နေ့ညဥ့်မပြတ် ကိုယ်တော်၏လက်သည် အကျွန်ုပ်ပေါ်မှာလေး၍ အကျွန်ုပ်၏ချွေးသည် နွေကာလ၌ သွေ့ခြောက်ခြင်းကဲ့သို့ ဖြစ်ပါ၏၊၊
၅ တဖန်အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏၊၊ ပြုမိသောဒုစရိုက်ကို ဝှက်၍မထားပါ၊၊ ငါလွန်ကျုးသောအရာကို ထာဝရဘုရားအား ဘော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါ ကိုယ် တော်သည်အကျွန်ုပ်ပြစ်မှားခြင်း အပြစ်ကိုလွှတ်တော် မူ၏၊၊
၆ ထို့ကြောင့်ကိုယ်တော်ကို တွေ့သင့်သောအချိန်ကာလ၌ သန့်ရှင်းသူအပေါင်းတို့သည်ရှေ့တော်၌ တောင်းလျှောက် ကြပါလိမ့်မည်၊၊ အကယ်စင်စစ် လွှမ်းမိုးတတ်သော ရေကြီးသည် သူတို့ထံသို့မချဉ်းရပါ၊၊
၇ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏၊၊ အကျွန်ုပ်ကို ဘေးလွတ်စေ ခြင်းငှါ ကွယ်ကာစောင့်မ တော်မူ၏၊၊ ကယ်လွှတ်ကြောင်းကို ဆိုသောသီချင်းနှင့် အကျွန်ုပ်ကို ခြံရံစေတော်မူ၏၊၊
တမန်တော်ဝတ္ထု အခန်းကြီး ၁၆ (Acts 16:14);
၁၄ ထိုအခါ နီမောင်းသောအထည်အလိပ်ကို ရောင်းသော သွားတိရဲမြို့သူလုဒိအမည်ရှိသော မိန်းမတစ်ယောက်သည် ဘုရားသခင်ကိုကိုးကွယ်သောသူ ဖြစ်၍၊တရားနာစဉ်တွင် ပေါလုဟောပြောသောအရာကိုမှီဝဲဆည်းကပ်စေခြင်းငှါသူ၏ စိတ်နှလုံးကိုသခင်ဘုရားဖွင့် တော်မူ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၇ (Mark 7:31-37);
၃၁ တဖန် ကိုယ်တော်သည် တုရုမြို့နှင့်ဇိဒုန်မြို့၏ကျေးလက်မှထွက်၍ ဒေကာပေါလိပြည်နယ်ကို ရှောက်သွားသဖြင့်၊ ဂါလိလဲအိုင်သို့ရောက်တော်မူ၏။
၃၂ ထိုအခါ နားပင်း၍ စကားအသောသူတယောက်ကို အထံတော်သို့ဆောင်ခဲ့၍၊ သူ့အပေါ်မှာလက်တော်ကိုတင်ပါမည်အကြောင်း တောင်းပန်ကြ၏။
၃၃ ကိုယ်တော်သည် ထိုသူကို လူအစုအဝေးထဲက ခေါ်၍၊ ဆိတ်ကွယ်ရာအရပ်သို့သွားပြီးလျှင် လက်ညှိုးတော်ကို သူ၏နားပေါက်၌ သွင်းတော်မူ၏။ တံထွေးနှင့်ထွေး၍ သူ၏လျှာကိုလည်း တို့တော်မူ၏။
၃၄ ထိုနောက် ကောင်းကင်သို့ကြည့်မျှော်၍ ညီးတွားသံကိုပြုလျက်၊ ဧဖသ ဟု မိန့်တော်မူ၏။ အနက်ကား၊ ပွင့်စေဟု ဆိုလို သတည်း။
၃၅ ထိုခဏခြင်းတွင် သူသည်နားပွင့်ခြင်း၊ လျှာကြောလွတ်ခြင်းရှိသဖြင့် စကားပြီပြီပြောနိုင်၏။
၃၆ ထိုအကြောင်းကို အဘယ်သူအားမျှ မပြောစေခြင်းငှါ သူတို့ကိုပညတ်တော်မူ၏။ ပညတ်တော်မူသော်လည်း သူတို့သည် သာ၍အလွန် သိတင်းကြား ပြောကြ၏။
၃၇ အတိုင်းထက်အလွန်မိန်းမောတွေဝေလျက်ရှိ၍၊ သူသည် အလုံးစုံတို့ကို လျောက်ပတ်စွာပြုတော်မူပြီ။ နားပင်းသောသူတို့ကို ကြားစေတော်မူသည် အသောသူတို့ကို စကားပြော စေတော်မူပြီဟု ဆိုကြ၏။