Mon the 2nd: Feast of Presentation of the Lord.
Presentation of the Lord Readings: Mal 3:1-4; Ps 24:7-10; Heb 2:14-18; Luke 2:22-40
Heb 11:32-40; Ps 31:20-24; Luke 7:16; Mark 5:1-20
Presentation of the Lord Readings:
မာလခိအနာဂတ္တိကျမ်း အခန်းကြီး ၃( Mal 3:1-4);
၁ ကြည့်ရှုလော့။ ငါသွားရာလမ်းကိုပြင်ရသောငါ၏တမန်ကို ငါစေလွှတ်မည်။ သင်တို့ရှာသောသခင်၊ သင်တို့ တောင့်တသော ပဋိညာဉ်တမန်တော်သည် မိမိဗိမာန်တော်သို့ ချက်ခြင်းလာကြလိမ့်မည်။ ကြည့်ရှုလော့။ ထိုသခင် လာလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။
၂ လာတော်မူသောနေ့ရက်ကို အဘယ်သူသည် မတိမ်းမရှောင်ဘဲ နေလိမ့်မည်နည်း။ ပေါ်ထွန်းတော်မူသော အခါ အဘယ်သူသည် ခံရလိမ့်မည်နည်း။ ထိုသခင်သည် ငွေစစ်သောသူ၏မီး၊ ခဝါသည်သုံးသော ဆပ်ပြာကဲ့သို့ဖြစ်တော်မူမည်။
၃ ငွေကိုချွတ်၍ သန့်ရှင်းစေသော သူကဲ့သို့ထိုင်လျက်၊ ရွှေငွေကို ချွတ်သကဲ့သို့၊ လေဝိသားတို့ကိုချွတ်၍သန့်ရှင်းစေတော်မူသဖြင့်၊ သူတို့သည် ထာဝရဘုရားအဘို့ဖြစ်၍၊ ဖြောင့်မတ်ခြင်း ပူဇော်သက္ကာကို ပူဇော်ကြလိမ့်မည်။
၎ ယုဒပြည်သူ ယေရုရှလင်မြို့သားတို့၏ ပူဇော်သက္ကာသည် ရှေးလွန်လေပြီးသောနှစ်၊ လ၊ နေ့ရက်ကာလ၌ဖြစ်သကဲ့သို့၊ ထာဝရဘုရားနှစ်သက်တော်မူဘွယ် ဖြစ်လိမ့်မည်။
ဆာလံကျမ်း အခန်းကြီး ၂၄ (Ps 24:7-10);
၇ အချင်းတံခါးတို့၊ တံခါးမုတ်ကို ကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီးသော ရှင်ဘုရင် ဝင်တော်မူမည်။
၈ ဘုန်းကြီးသော ရှင်ဘုရင်ကား အဘယ်သူနည်း။ အစွမ်းတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရဘုရား၊ စစ်တိုက်ခြင်းငှာ တန်ခိုးကြီးတော်မူသော ထာဝရဘုရားပေတည်း။
၉ အချင်းတံခါးတို့၊ တံခါးမုတ်ကို ကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီးသော ရှင်ဘုရင် ဝင်တော်မူသည်။
၁၀ ဘုန်းကြီး သော ရှင်ဘုရင်ကား အဘယ်သူနည်း။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားပေတည်း။ ထိုဘုရားသည် ဘုန်းကြီး သော ရှင်ဘုရင်ဖြစ်တော်မူသတည်း။
ဟေဗြဲသြဝါဒစာ အခန်းကြီး ၂ (Heb 2:14-18);
၁၄-၁၅ ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသောအားဖြင့်၊ သေခြင်းတရားကိုအစိုးရသောသူတည်းဟူသော မာရ်နတ်၏ တန်ခိုးကိုချိုးဖဲ့ဖျက်ဆီးခြင်းငှါ၎င်း၊ သေဘေးကို ကြောက်၍ တသက်လုံးကျွန်ခံရသော သူတို့ကိုကယ်လွှတ်ခြင်းငှါ၎င်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။
၁၆ အကြောင်းမူကား၊ ခရစ်တော်သည် ကောင်းကင်တမန်တို့ကို မစတော်မူသည်မဟုတ်၊ အာဗြဟံအမျိုးကိုမစတော်မူ၏။
၁၇ ထိုကြောင့်၊ ခရစ်တော်သည် လူတို့၏ အပြစ်ဖြေစရာ အကြောင်းကို စီရင်၍၊ ဘုရား သခင်နှင့် စပ်ဆိုင်သောအရာတို့၌ ကရုဏာနှင့် ၎င်း၊ သစ္စာနှင့်၎င်း ပြည့်စုံသော ယဇ်ပုရောဟိတ်အကြီးဖြစ်အံ့သောငှါ၊ မိမိညီအစ်ကိုတို့နှင့် လုံးလုံးတူရသောအကြောင်းရှိ၏။
၁၈ ထိုသို့စုံးစမ်း နှောင့်ရှက်ခြင်းကို ကိုယ်တော်တိုင်ခံ၍ ဒုက္ခ ဆင်းရဲခြင်း၌ ကျင်လည်သောကြောင့်၊ စုံးစမ်းနှောင့်ရှက်ခြင်းအမှုနှင့် တွေ့ကြုံသောသူတို့ကို မစခြင်းငှါ တတ်နိုင် တော်မူ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၂ (Luke 2:22-40);
၂၂ ထိုနောက် မောရှေ၏ ပညတ်တရားအတိုင်းစင်ကြယ်ခြင်းကိုပြုရသော နေ့ရက် စေ့သောအခါ၊ မိဘတို့သည် သူငယ်ကိုယေရုရှလင်မြို့သို့ ဆောင်သွား၍၊
၂၃ သားဦးယောက်ျားအပေါင်းတို့သည်ဘုရား အဘို့သန့်ရှင်း ရကြ၏ဟု ထာဝရဘုရား၏ပညတ္တိကျမ်း လာသည်နှင့်အညီ၊ ထာဝရဘုရားအားဆက်ကပ်ပြီးမှ၊
၂၄ ခိုနှစ်ကောင် ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တခုခုကိုပူ ဇော်ရမည်ဟု ထာဝရဘုရား၏ ပညတ္တိကျမ်း လာပြန်သည်နှင့်အညီ ယဇ်ပူဇော်ကြ၏။
၂၅ ထိုအခါ ရှုမောင်အမည်ရှိသောသူတယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည်ဖြောင့် မတ်သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မြော်လင့်သော သူဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်သည်သူ့အပေါ်၌တည်သည်ဖြစ်၍၊
၂၆ သူသည်ထာဝရဘုရား၏ ခရစ်တော်ကိုမမြင်မှီမသေရဟု ဗျာဒိတ်တော်ကိုရ၏။
၂၇ ထိုအခါသူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့ သွား၍၊ မိဘတို့သည် သူငယ်ယေရှုကို ပညတ်တရားထုံးတမ်းအတိုင်းပြုခြင်းငှါ ဆောင်သွားစဉ်တွင်၊
၂၈ ရှုမောင်သည် ယေရှုကိုလက်နှင့်ချီပိုက်၍၊
၂၉ ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းလျက်၊ အစိုးရတော် မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်းကိုယ်တော်၏ ကျွန်သည်ငြိမ်ဝပ်စွာစုတေ့ရသောအခွင့်ကိုကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏။
၃၃ ထိုစကားများကို ယောသပ်နှင့် မယ်တော်သည်ကြားလျှင်အံ့သြခြင်းရှိကြ၏။
၃၄ ရှုမောင်သည်လည်း သူတို့ကိုကောင်းကြီး ပေး၍မယ်တော် မာရိအား၊ ဤသူငယ်ကားဣသရေလလူအများလဲမည်အကြောင်း၊ အများထမည် အကြောင်း၊ လူအများ တို့၏ အကြံအစည်ကို ထင်ရှားစေခြင်းငှါငြင်းခုံစရာဖြစ်မည်အကြောင်း ခန့်ထားသော သူဖြစ်၏။
၃၅ ထိုမှတပါး သန်လျက်သည် သင်၏စိတ် နှလုံးကိုခွင်းလိမ့်မည်ဟု မြွက်ဆို၏။
၃၆ အာရှာအမျိုးဖြစ်သော ဖနွေလ၏ သမီး၊ အန္နအမည်ရှိသော ပရောဖက်မတယောက်ရှိ၏။ သူသည် ပျိုသော အရွယ်မှစ၍ ခုနစ်နှစ်သာလင်နှင့်နေပြီးလျှင်၊
၃၇ အသက်ကြီးရင့်၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှ တိုင်တိုင် မုတ်ဆိုးမဖြစ်လျက်၊ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့်နေ့ညဥ့်မပြတ်ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့် မခွါဘဲနေ၏။
၃၈ သူသည်လည်းထိုခဏခြင်းတွင်ဝင်၍ထာဝရဘုရား၏ ကျေးဇူးတော်ကိုချီး မွမ်းလေ၏။ ယေရုရှလင်မြို့၌ ရွေးနှုတ်ခြင်းအရာကိုမြော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏ အကြောင်းကို ပြောလေ၏။
၃၉ မိဘတို့သည်ထာဝရဘုရား၏ ပညတ်တရားအတိုင်း ပြုရသမျှတို့ကို အကုန်အစင်ပြုပြီးမှ၊ ဂါလိလဲပြည်၊ နာဇရက်အမည်ရှိသောမိမိတို့မြို့သို့ပြန်ကြ၏။
၄၀ သူငယ်သည်လည်း ကြီးပွါး၍ပညာဥာဏ်သတ္တိနှင့်ပြည့်စုံ၏။ ဘုရားသခင်၏ကျေးဇူးတော်သည်လည်းသူ့အပေါ်၌တည်၏။
ဟေဗြဲသြဝါဒစာ အခန်းကြီး ၁၁ (Heb 11:32-40);
၃၂ ထိုမှတပါး၊ အဘယ်သို့ပြောစရာရှိသေးသနည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလ မှစ၍ ပရောဖက်တို့အကြောင်းများကို ပြော၍မကုန်နိုင်။
၃၃ ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် အခြားသောတိုင်းနိုင်ငံ ကို အောင်ခြင်း၊ တရားသဖြင့်စီရင်ခြင်း၊ ဂတိတော်ကို ဝင်စားခြင်း၊ ခြင်္သေ့နှုတ်ကိုပိတ်ခြင်း၊
၃၄ မီးအရှိန်ကိုငြိမ်းစေခြင်း၊ ထားလက်နက်ဘေးနှင့် ကင်းလွတ်ခြင်း၊ အနာမှထမြောက်၍ ကျန်းမာခြင်း၊ စစ်တိုက်သောအခါ ခွန်အားနှင့်ပြည့်စုံ ခြင်း၊ တပါးအမျိုးသားတို့၏ တပ်များကို ဖျက်ဆီးခြင်းအမှုများကို ပြုကြ၏။
၃၅ မိန်းမတို့သည်လည်း၊ သေခြင်းမှထ မြောက်သော မိမိတို့သားကို ရပြန်ကြ၏။ အချို့သောသူတို့သည်၊ သာ၍မြတ်သော ထမြောက်ခြင်းသို့ ရောက်လို သောငှါ၊ လွှတ်ခြင်းကို မခံမယူဘဲ ပြင်းစွာသောညှဉ်းဆဲခြင်းကို ခံကြ၏။
၃၆ အချို့သောသူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ခြည်နှောင်ခြင်းကိုခံ၍ ထောင်ထဲမှာနေရသဖြင့်၊ စုံစမ်းခြင်းကို ခံရကြ၏။
၃၇ ကျောက်ခဲနှင့်ပစ်ခြင်း၊ လွှနှင့်အပိုင်းပိုင်း တိုက်ဖျက်ခြင်း၊ စုံစမ်းနှောက်ရှက်ခြင်း၊ ထားလက်နက်နှင့်ကွပ်မျက်ခြင်းကို ခံရကြ၏။ အလွန်ဆင်းရဲလျက် ညှဉ်းဆဲ နှိပ်စက်ခြင်းကိုခံလျက်၊ သိုးရေ၊ ဆိတ်ရေကို ဝတ်၍လှည့်လည်ရကြ၏။
၃၈ ဤလောကသည် ထိုသူတို့နှင့် မထိုက် မတန်။ သူတို့သည် တောကြိုတောင်ကြား၊ ဥမင်မြေတွင်းထဲမှာ အပြောင်းပြောင်းအလည်လည် နေရကြ၏။
၃၉ ထိုသူ အပေါင်းတို့သည် ယုံကြည်ခြင်းအားဖြင့် ချီးမွမ်းခြင်းသို့ ရောက်သော်လည်း၊ ဂတိတော်အတိုင်း အကျိုးကျေးဇူးကို မခံရကြ။
၄၀ အဘယ်ကြောင့်နည်းဟူမူကား၊ ထိုသူတို့သည် ငါတို့မပါဘဲ စုံလင်ခြင်းသို့ မရောက်ရမည်အကြောင်း ဘုရားသခင်သည် ငါတို့အဘို့အလိုငှါ သာ၍မြတ်သော ကျေးဇူးကို ကြံစည်တော်မူ၏။
ဆာလံကျမ်း အခန်းကြီး ၃၁ (Ps 31:20-24);
၂၀ လူတို့ပြုတတ်သော ပရိ ယာယ် နှင့် ကင်းလွတ်စေခြင်းငှါ ကျိန်းဝပ်တော်မူရာအတွင်း အရပ်၌ ထိုသူတို့ကို ဝှက်ထားတော်မူပါ၊၊ ရန်တွေ့ခြင်း အသံကို ကွယ်ကာလျက် တဲတော်တွင် သူတို့ကို စောင့်မတော်မူ၏၊၊
၂၁ ထာဝရဘုရား၌ မင်္ဂလာဖြစ်စေသတည်း၊၊ အကြောင်းမူကား၊ ခိုင်ခံ့သော မြို့၌ အံ့ဘွယ်သော မေတ္တာကရုဏာတော်ကို အကျွန်ုပ်အား ထင်ရှားပြတော်မူပြီ၊၊
၂၂ အကျွန်ုပ်သည် ကိုယ်တော်၏ မျက်နှာကွယ်ရာ၌ ဆုံးရှုံးပါပြီဟု အကျွန်ုပ်တုန်လှုပ်လျက် ဆိုမိသော်လည်း ကိုယ်တော်ကို အော်ဟစ်သောအခါ အကျွန်ုပ်ပြုသော ပဌနာစကားသံကို ကိုယ်တော်နားထောင်တော်မူသတည်း။
၂၃ ထာဝရဘုရား၏သန့်ရှင်းသူအပေါင်းတို့ ထာဝရဘုရားကိုချစ်ကြလော့၊၊ ထာဝရဘုရားသည် သစ္စာရှိ သောသူတို့ကို စောင့်မတော်မူ၏၊၊ မာနထောင်လွှား သူတို့ကိုကား၊ အပြစ်များစွာပေးဆပ် တော်မူသတည်း၊၊
၂၄ ထာဝရဘုရားကို ကိုးစားသောသူအပေါင်းတို့ အားယူ၍ရဲရင့်သော စိတ်နှလုံးရှိကြလော့၊၊
ရှင်လုကာခရစ်ဝင် အခန်းကြီး ၇ (Luke 7:16);
၁၆ လူအပေါင်းတို့သည် ကြောက်ရွံ့ခြင်း သို့ရောက်၍၊ ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှုကြွလာတော်မူပြီဟူ၍ ဘုရားသခင်၏ဂုဏ်တော် ကို ချီးမွမ်းကြ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၅ (Mark 5:1-20);
၁ အိုင်တဘက်၊ ဂါဒရ ပြည်သို့ရောက်ကြ၍၊
၂ ယေရှုသည် လှေထဲကထွက်တော်မူသည်ခဏခြင်းတွင်၊ ညစ်ညူးသောနတ်စွဲသောသူသည် သင်္ချိုင်းတစပြင်မှထွက်လာ၍ ကိုယ်တော်ကို ခရီးဦးကြိုပြုလေ၏။
၃ ထိုသူသည် သင်္ချိုင်းတစပြင်၌ နေတတ်၏။ သူ့ကို သံကြိုးနှင့်ပင်အဘယ်သူမျှ ချည်၍မနိုင်။
၎ ခြေချင်း၊ သံကြိုးနှင့်အဖန်များစွာ ချည်စမ်းသော်လည်း၊ သံကြိုးကိုဆွဲဖြတ်၍ ခြေချင်းကိုဖြဲတတ်၏။ သူ့ကိုယဉ်စေခြင်းငှါ အဘယ်သူမျှမတတ်နိုင်၊
၅ နေ့ညဥ့်မပြတ် သင်္ချိုင်းတစပြင်၌၎င်း၊ တောင်ပေါ်၌၎င်း၊ ဟစ်ကြော်လျက်၊ ကျောက်စောင်းနှင့်ကိုယ်ကို ရှစေလျက်နေတတ်၏။
၆ ယေရှုကိုအဝေးကမြင်လျှင်၊ အထံတော်သို့ပြေးလာ၍ ပြပ်ဝပ်လျက်၊
၇ အမြင့်ဆုံးသော ဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အဘယ်သို့ ဆိုင်သနည်း၊ အကျွန်ုပ်ကို ညှင်းဆဲတော် မမူမည်အကြောင်း ဘုရားသခင်ကိုအမှီပြု၍ အကျွန်ုပ်တောင်းပန်ပါသည်ဟု ကြီးသောအသံနှင့် ဟစ်၍ လျှောက်လေ၏။
၈ လျှောက်သည်အကြောင်းကား၊ ညစ်ညူးသောနတ်၊ ထိုလူမှထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။
၉ ကိုယ်တော်ကလည်း၊ သင်သည် အဘယ်အမည်ရှိသနည်းဟု မေးတော်မူလျှင်၊ အကျွန်ုပ်အမည်ကား၊ လေဂေါင်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အများဖြစ်ကြပါ၏ဟု လျှောက်ပြီးမှ၊
၁၀ ထိုပြည်ထဲက အခြားသို့ မနှင်ပါမည် အကြောင်း များစွာတောင်းပန်လေ၏။
၁၁ ထိုအရပ်၌ တောင်ပေါ်မှာ များစွာသောဝက်အစုသည် ကျက်စားလျက်ရှိ၏။
၁၂ နတ်ဆိုး အပေါင်းတို့လည်း၊ အကျွန်ုပ်တို့သည် ထိုဝက်ထဲသို့ဝင်ရပါမည်အကြောင်း စေလွှတ်တော်မူပါဟု တောင်းပန်ပြန်လျှင်၊
၁၃ ယေရှုသည် ချက်ခြင်းအခွင့်ပေးတော်မူ၏။ ညစ်ညူးသောနတ်တို့သည် ထွက်၍ ဝက်ထဲသို့ ဝင်သဖြင့်၊ ဝက်အစုသည် အိုင်ကမ်း စောက်ကို တဟုန်တည်းပြေးဆင်း၍ အိုင်၌အသက်ဆုံးကြ၏။ အရေအတွက်အားဖြင့် နှစ်ထောင်လောက် ရှိ၏။
၁၄ ၀က်ကျောင်းသောသူတို့သည် ပြေး၍ မြို့ရွာတို့၌ သိတင်းကြားပြောလျှင်၊ လူများတို့သည် ထိုအမှုအရာတို့ကို ကြည့်ရှုအံ့သောငှါထွက်လာကြ၏။
၁၅ အထံတော်သို့ ရောက်သောအခါ၊ နတ်ဆိုးလေဂေါင်စွဲသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ်နှင့် ထိုင်နေသည်ကိုမြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။
၁၆ နတ်ဆိုးစွဲသောသူ၌၎င်း၊ ဝက်တို့၌၎င်း၊ အဘယ်သို့ဖြစ်သည်ကို သိမြင်သောသူတို့သည် နောက်လာသောသူတို့အား ပြန်ကြားပြီးမှ၊
၁၇ မိမိတို့ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ၏။
၁၈ လှေထဲသို့ဝင်တော်မူသောအခါ နတ်ဆိုးစွဲဘူးသောသူသည် ကိုယ်တော်နှင့်အတူရှိပါမည်အကြောင်း တောင်းပန်လျှင်၊
၁၉ ကိုယ်တော်သည် အခွင့်မပေး။ သင်သည် ကိုယ်အိမ်သို့သွားလော့။ ထာဝရဘုရားသည် သနားခြင်းစိတ်တော်နှင့် သင်၌ အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို သင်၏အဆွေအမျိုးတို့အား ပြန်ကြားလော့ဟု မိန့်တော်မူလျှင်၊
၂၀ ထိုသူသည်သွား၍၊ ယေရှုသည် အဘယ်မျှလောက် ကျေးဇူးပြုတော် မူသည်ကို၊ ဒေကာပေါလိပြည်တွင် သိတင်းကြားပြောသည်ဖြစ်၍၊ ခပ်သိမ်းသောသူတို့သည် အံ့သြခြင်းရှိကြ၏