Sunday, 1 February 2015

1-FEBRUARY-2015-(READING)


Sun the 1st:    Psalter IV, Ordinary Time Week 4.
Deut 18:15-20; Ps 95:1-9; 1 Cor 7:32-35; Matt 4:16; Mark 1:21-28

တရားဟောရာကျမ်း အခန်းကြီး ၁၈ (Deut 18:15-20);

၁၅ သင်၏ဘုရားသခင်ထာဝရဘုရားသည်၊ သင်၏အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသော ပရောဖက် တပါးကို သင့်အဘို့ ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက်၏ စကားကို နားထောင်ရမည်။
၁၆ ဟောရပ်အရပ်တွင် စည်းဝေးကြ သောနေ့၌ သင်က၊ နောက်တဖန်အကျွန်ုပ်ဘုရားသခင်ထာဝရဘုရား၏ စကာတော်အသံကို မကြားရပါစေနှင့်။ ထိုကြီးစွာသောမီးကို မမြင်ရပါစေနှင့်။ အကျွန်ုပ်သေမည်ကို စိုးရိမ်ပါသည်ဟု သင်၏ဘုရား သခင်ထာဝရဘုရားရှေ့တော် ၌ တောင်းပန်သမျှအတိုင်း၊
၁၇ ထာဝဘုရားက သူတို့စကားသည် လျောက်ပတ် ပေ၏။
၁၈ သူတို့အမျိုးသားခြင်းတို့ အထဲ၌ သင်နှင့်တူသော ပရောဖက်တပါးကို သူတို့အဘို့ငါပေါ်ထွန်းစေ၍၊ ထိုပရောဖက်နှုတ်၌ ငါ့စကားကို ငါအပ်သဖြင့် ငါမှာထားသမျှတို့ကို သူတို့အား ဆင့်ဆိုရလိမ့်မည်။
၁၉ ထိုပရောဖက်သည် ငါ့အခွင့်နှင့် ဟောပြောသော ငါ့စကား တို့ကို အကြင်သူသည် နားမထောင်ဘဲနေအံ့၊ ထိုသူကိုငါစစ်ကြောမည်။
၂၀ ငါမမှာထားဘဲ ငါ့အခွင့်ကို ဆောင်၍ ရဲရင့်စွာ ဟောပြောသော ပရောဖက်၊ အခြားတပါးသော ဘုရားအခွင့်နှင့် ဟောပြောသော ပရောဖက်သည် အသေသတ်ခြင်း ကိုခံရမည်ဟု ငါ့အားမိန့်တော်မူ၏။

ဆာလံကျမ်း အခန်းကြီး ၉၅ (Ps 95:1-9);

၁ လာကြ။ ထာဝရဘုရားအား ရွှင်လန်းသီချင်း ဆိုကြကုန်အံ့။ ငါတို့သည် ကယ်တင်ခြင်းသို့ရောက်ရာ ကျောက်ကို  ကျူးဧကြကုန်အံ့။
၂ ကျေးဇူးတော်ကို ချီးမွမ်းလျက် ရှေ့တော်သို့ဝင်၍၊ ဆာလံသီချင်းဆိုလျက် ကျူးဧသောအသံကို ပြုကြကုန်အံ့။
၃ ထာဝရဘုရားသည် ကြီးမြတ်သောဘုရား၊ ဘုရားတကာတို့ထက် ကြီးမြတ် သောဘုရင်ဖြစ်တော်မူ၏။
၎ မြေကြီးနက်နဲရာ အရပ်တို့သည် လက်တော်၌ ရှိကြ၏။ တောင်ထိပ်တို့ကိုလည်း ပိုင်တော်မူ၏။
၅ ပင်လယ်ကို လည်းဖန်ဆင်း၍ ပိုင်တော်မူ၏။ ကုန်းကိုလည်း လက်တော်နှင့် ပြုပြင်တော်မူ၏။
၆ လာကြ။ ပြပ်ဝပ်၍ ကိုးကွယ်ကြကုန်အံ့။ ငါတို့ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၏ ရှေ့တော်၌ ဒူးထောက်ကြကုန်အံ့။
၇ ထာဝရဘုရားသည် ငါတို့၏ ဘုရား ဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ အထံတော်၌ ကျက်စားသောသူ၊ လက်တော် အောက်၌ နေသောသိုးစု ဖြစ်ကြ၏။
၈ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။
၉ သင်တို့အဘများ သည် အနှစ်လေးဆယ်ပတ်လုံး ငါ့ကိုအနည်းနည်းစုံစမ်း၍၊ ငါ၏အမှုတို့ကို မြင်ရသောတောတွင်၊ ငါ့ကိုဆန့်ကျင်ဘက် ပြု၍၊ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။

ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၇ (1 Cor 7:32-35);

၃၂ သင်တို့သည် စိုးရိမ်ခြင်းနှင့် ကင်းလွတ်စေခြင်းငှါ ငါအလိုရှိ၏။ ခင်ပွန်းမရှိသော သူသည် သခင်ဘုရား၏ စိတ်တော်နှင့် တွေ့စေခြင်း ငှါသခင်ဘုရား၏ အမှုကိုသာသတိထားတတ်၏။
၃၃ ခင်ပွန်းရှိသောသူမူကား၊ မိမိမယား၏စိတ်နှင့် တွေ့စေခြင်းငှါ လောကီအမှုကို သတိထားတတ်၏။
၃၄ ထိုနည်းတူ၊၊ ခင်ပွန်းမရှိသောမိန်းမနှင့် ခင်ပွန်းရှိသောမိန်းမသည် ခြားနားခြင်းရှိ၏။ ခင်ပွန်းမရှိသောမိန်းမသည်  ကိုယ်ခန္ဓွာစိတ် ဝိညာဉ်နှစ်ပါးကို သန့်ရှင်းစေခြင်းငှါ သခင်ဘုရား၏ အမှုကိုသာသတိထားတတ်၏။ ခင်ပွန်းရှိသောမိန်းမမူကား၊ မိမိခင်ပွန်း၏စိတ်နှင့် တွေ့စေခြင်းငှါ လောကီအမှုကို သတိထားတတ်၏။
၃၅ ထိုသို့ငါဆိုသော်၊ သင်တို့အကျိုးကိုသာ ထောက်၍ ဆို၏။ သင်တို့ကို နှောင့်ရှက်ချင်သော စိတ်နှင့် ဆိုသည်မဟုတ်။ သင်တို့သည် လျောက်ပတ်စွာကျင့်၍ စိတ်ရှုပ်ထွေးခြင်းမရှိဘဲ၊ သခင်ဘုရား၏ ဝတ်ကိုအမြဲပြုစေခြင်းငှါသာဤသို့ဆို၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၄ (Matt 4:16);

၁၆ မှောင်မိုက်ထဲမှာရှိနေသောလူများတို့သည် ကြီးစွာသောအလင်း ကိုမြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ်တွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏ ဟု ဟောထားသတည်း။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၁ (Mark 1:21-28);

၂၁ ကပေရနောင်မြို့သို့သွားကြလျှင်၊ ဥပုသ်နေ့၌ ကိုယ်တော်သည်ချက်ခြင်း တရားစရပ်သို့ဝင်၍ ဆုံးမ သြဝါဒပေးတော်မူ၏။
၂၂ ပရိသတ်တို့သည်လည်း ဆုံးမသြဝါဒပေးတော်မူခြင်းကို အလွန်အံ့သြကြ၏။ အကြောင်းမူကား၊ ကျမ်းပြုဆရာနည်းတူမဟုတ်၊ အစိုးရသောသူနည်းတူ ဆုံးမသြဝါဒပေးတော်မူ၏။
၂၃ ထိုသူတို့၏ တရားစရပ်၌ ညစ်ညူး သောနတ်စွဲသောသူရှိ၍၊
၂၄ သြော် နာဇရက်မြို့သားယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးခြင်းငှါလာသလော။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ဘုရား သခင်၏ သန့်ရှင်းတော်မူသောသူဖြစ်ပါသည်ဟု ဟစ်ကြော်လေ၏။
၂၅ ယေရှုကလည်း၊တိတ်ဆိတ်စွာနေလော့။ ထိုသူ၏ အထဲကထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊
၂၆ ညစ်ညူးသောနတ်သည် ထိုသူကို တောင့်မာစေပြီးမှ၊ ကြီးသော အသံနှင့်အော်ဟစ်၍ ထွက်သွား၏။
၂၇ လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤအမှုသည် အဘယ်သို့နည်း။ ဤဆုံးမခြင်းအသစ်သည် အဘယ်သို့နည်း။ ညစ်ညူးသောနတ်တို့ကိုပင် အာဏာနှင့်မှာထား၍၊ သူတို့သည် နားထောင်ကြသည်တကား ဟု အချင်းချင်းမေးမြန်းပြောဆိုကြ၏။
၂၈ သိတင်းတော်သည်လည်း ဂါလိလဲပြည် အရပ်ရပ် တို့၌ ချက်ခြင်းနှံ့ပြား ကျော်စောလေ၏။