Wednesday, 4 February 2015

4-FEBRUARY-2015-(READING)

Wed the 4th:    Heb 12:4-15; Ps 103:1-18; John 10:27; Mark 6:1-6

ဟေဗြဲသြဝါဒစာ အခန်းကြီး ၁၂ (Heb 12:4-15);

၎ သင်တို့သည် ဒုစရိုက်အပြစ်ကို ဆိုင်ပြိုင်တိုက်လှန်၍ ကိုယ်အသွေးထွက်သည်တိုင်အောင် မခံရကြသေး။
၅ ထိုမှတပါး၊ ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကို စစ်ဆေးတော်မူသော အခါ စိတ်မပျက်နှင့်။
၆ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ်တော်မူတတ်၏ဟု သူငယ်တို့ကို ဆိုသကဲ့သို့၊ သင်တို့ကို ပြောဆိုသော သြဝါဒစကားကို မေ့လျော့ကြသလော။
၇ သင်တို့သည် ဆုံးမတော်မူခြင်းကိုခံလျှင်၊ သားတို့ကိုပြုသကဲ့သို့၊ ဘုရားသခင်သည် သင်တို့ ကိုပြုတော်မူ၏။ အကြောင်းမူကား၊ အဘမဆုံးမသောသား တစုံတယောက်ရှိသလော။
၈ သားအပေါင်းတို့သည် ခံတတ်သော ဆုံးမခြင်းကို သင်တို့သည် မခံဘဲနေလျှင်၊ သားအရင်းမဟုတ်၊ မင်းဦးမင်းလွင်ရသော သားဖြစ်ကြ၏။
၉ တနည်းကား၊ ကိုယ်ကာယနှင့်စပ်ဆိုင်သော အဘတို့လက်ဖြင့် ငါတို့သည် ဆုံးမခြင်းကို ခံရသောအခါ၊ သူတို့ကို ရိုသေကြ၏။ ထိုမျှမက၊ စိတ်ဝိညာဉ်တို့၏ အဘအလိုသို့လိုက်၍၊ အသက်ချမ်းသာရကြမည် မဟုတ်လော။
၁၀ အကြောင်းမူကား၊ ထိုအဘတို့သည် မိမိအလိုသို့လိုက်၍ တခဏသာဆုံးမပေးကြ၏။ ကိုယ်တော်မူကား၊ မိမိ သန့်ရှင်းခြင်းပါရမီတော်ကို ငါတို့သည် ဆက်ဆံစေခြင်းငှါ၊ ငါတို့အကျိုးကိုထောက်၍သာ ဆုံးမပေးတော်မူ၏။
၁၁ ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာထင်တတ်၏။ သို့သော်လည်း၊ ဆုံးမခြင်း ကိုခံရသောသူတို့သည်၊ နောက်မှ ငြိမ်သက်ခြင်းနှင့်သက်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။
၁၂ ထိုကြောင့်၊ တွဲလွဲနေသောလက်တို့နှင့် အားမရှိသောဒူးတို့ကို ခိုင်ခံ့စေကြလော့။
၁၃ ခြေမစွမ်းသောသူ တို့သည် အဆစ်မပြုတ်သည်သာမက ချမ်းသာရစေခြင်းငှါ၊ သင်တို့သွားဘို့ရာ ဖြောင့်သောလမ်းတို့ကို ပြင်ဆင်ကြ လော့။
၁၄ လူအပေါင်းတို့သည် အတင့်အသင့်နေ၍ ငြိမ်သက်ခြင်းကို၎င်း၊ သန့်ရှင်းခြင်းပါရမီကို၎င်း၊ မှီအောင်လိုက် ကြလော့။ သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။
၁၅ သင်တို့တွင် တစုံတယောက်မျှ ဘုရားသခင်၏ ကျေးဇူးတော်ကို မရဘဲမနေစေခြင်းငှါ၎င်း၊ ခါးစွာသော  ပင်မြစ်ပေါက်၍ သင်တို့နှောက်ရှက်သဖြင့်၊ လူအများတို့သည် အပြစ်နှင့်မညစ်ညူးစေခြင်းငှါ၎င်း၊
၁၆ မတရားသောမေထုန်၌ မှီဝဲသောသူမရှိစေခြင်းငှါ၎င်း၊ တနပ် စာအဘို့နှင့် သားဦးအရာကို ရောင်းသော ဧသောကဲ့သို့ ဘုရားတရားကို မရိုသေပြုသောသူမရှိစေခြင်းငှါ၎င်း၊ သတိနှင့်ကြည့်ရှုကြလော့။

ဆာလံကျမ်း အခန်းကြီး ၁၀၃ (Ps 103:1-18);

၁ အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကိုကောင်းကြီးပေးလော့။ ငါ၏ အထဲမှာ ရှိသမျှတို့ ၊ သန့်ရှင်းသော နာမတော်ကို ကောင်းကြီး ပေးကြလော့။
၂ အိုငါ့ဝိညာဉ်၊ထာဝရဘုရားကိုကောင်းချီးပေးလော့။ ကျေးဇူးတော် အပေါင်းကို မမေ့လျော့နှင့်။
၃ သင်၏ အပြစ် အလုံးစုံတို့ကို ဖြေလွှတ်၍ သင်၏အနာရောဂါရှိသမျှတို့ကို လည်း ပျောက်စေတော်မူ၏။
၎ သင်၏ အသက်ကို ဖျက်ဆီးခြင်း ထဲကရွေး၍ ကျေးဇူးတော် ကရုဏာတော်များနှင့် သင်၏ ခေါင်းကို ရစ်ပတ်တော်မူ၏။
၅ သင့်ကို အသက်ကြီးစဉ်၊ ကောင်းသော အရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည်  ရွေလင်းတ၏ အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။
၆ ထာဝရဘုရားသည် ညှင်းဆဲခြင်းကိုခံရသမျှ သော သူတို့အဘို့တရားပေး၍ စီရင်ဆုံးဖြတ်တော်မူ၏။
၇ ဘာသာဓလေ့တော်တို့ကိုမောရှေ၌၎င်း၊ စီရင်တော်မူသောအရာတို့ကို ဣသရေလအမျိုးသားတို့၌၎င်း ပြတော်မူပြီ။
၈ ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတက်သောသဘော၊ စိတ်ရှည်၍ ကရုဏာ ကြွယ်ဝသော သဘောရှိတော်မူ၏။
၉ အစဉ်မပြတ် အပြစ်တင်တော်မူသည်မဟုတ်။ အငြိုးကို အမြဲထားတော်မူသည်မဟုတ်။
၁၀ ငါတို့ပစ်မှားခြင်းနှင့် အလျောက် ငါတို့၌ပြုတော်မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ်။
၁၁ မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည့်အတိုင်း ထာဝရဘုရားကိုကြောက်ရွံသောသူတို့၌ ဂရုဏာတော်သည် အားကြီးပေ၏၊၊
၁၂ အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့် ဝေးသည်အတိုင်း၊ ငါတို့ အပြစ်များကို ငါတို့နှင့် ဝေးစေတော်မူ၏၊၊
၁၃ အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သော သူတို့ကို  သနားစုံမက်တော် မူ၏။
၁၄ အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓြွာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်း ကို အောက်မေ့တော်မူ၏။
၁၅ လူတို့၏ နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ ဖြစ်၏။လူသည် လယ်ပြင် ၌ရှိသောပန်းပွင့်ကဲ့သို့ ပွင့်တတ်၏။
၁၆ လေသည် လွန်သွားလျှင် အပွင့်ပျောက်၍၊ သူ၏ နေရာသည် နောက်တဖန် သူ့ကို မသိရာ။
၁၇ ထာဝရဘုရား၏  ကရုဏာတော်မူကား၊ ကြောက်ရွံ့သော သူတို့အပေါ်သို့ ကာလအစဉ်အဆက် သက်ရောက်တက်၏။
၁၈ သစ္စာတော်ကို စောင့်၍ ပညတ်တော်တို့ကို ကျင့်ခြင်းငှာ ၊ သတိပြုသော သူတို့၏ သားစဉ် မြေးဆက်တို့သည် ကုသလတရားတော်နှင့် ဆိုင်ရကြ၏။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၀ (John 10:27);

၂၇ ငါ့သိုးတို့သည် ငါ့စကားသံကိုနား ထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၆ (Mark 6:1-6);

၁ ထိုအရပ်မှကြွ၍ တပည့်တော်တို့သည် လိုက်ကြသဖြင့် မိမိမြို့သို့ရောက်တော်မူ၏။
၂ ဥပုသ်နေ့ ရောက်လျှင် တရားစရပ်၌ ဆုံးမသြဝါဒပေးတော်မူ၏။ လူများတို့သည် ကြားနာရလျှင် မိန်းမောတွေဝေခြင်းသို့ ရောက်၍၊ ဤသူသည် ဤအရာတို့ကိုအဘယ်မှာရသနည်း။ သူရသောပညာကား အဘယ်ပညာနည်း။ ဤမျှလောက်သော တန်ခိုးများကို အဘယ်သို့ပြနိုင်သနည်း။
၃ သူသည် လက်သမားမဟုတ်လော။ မာရိ၏ သားမဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒ၊ ရှိမုန်တို့၏ အစ်ကိုမဟုတ်လော။ သူ့နှမများသည်လည်း ငါတို့နှင့် အနီးအပါးနေကြသည် မဟုတ်လောဟု ပြောဆိုလျက် စေတနာစိတ်ပျက်ကြ၏။
၎ ယေရှုကလည်း၊ ပရောဖက်သည် မိမိမြို့၊ မိမိအဆွေနေရာ၊ မိမိအိမ်မှတပါး အခြားသောအရပ်၌ အသရေရှိသည်ဟု ထိုသူတို့အားမိန့်တော်မူ၏။
၅ မကျန်းမာသော သူအချို့တို့အပေါ်မှာ လက်တော်ကိုတင်၍ အနာကိုငြိမ်းစေခြင်းမှတပါး အဘယ်တန်ခိုးတော်ကိုမျှ ထိုအရပ်၌ ပြတော်မမူနိုင်။
၆ ထိုသူတို့သည် မယုံကြည်ကြသည်ကို အံ့သြခြင်းရှိတော်မူ၏။ ပတ်လည်၌ရှိသော မြို့ရွာများသို့ ဒေသစာရီလှည့်လည်၍ ဆုံးမသြဝါဒပေးတော်မူ၏။