Friday, 6 February 2015

6-FEBRUARY-2015-(READING)

Fri the 6th:        Memorial of Paul Miki and companions, martyrs.
Heb 13:1-8; Ps 27:1-9; Luke 8:15; Mark 6:14-29

ဟေဗြဲသြဝါဒစာ အခန်းကြီး ၁၃(Heb 13:1-8);

၁ ညီအစ်ကိုခြင်း ချစ်ခြင်းမေတ္တာ၌ တည်ကြလော့။ ဧည့်သည်ဝတ်ပြုခြင်းအမှုကို မမေ့မလျော့ကြနှင့်။
၂ အချို့သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ဧည့်ခံကြပြီ။
၃ အကျဉ်း ခံရသောသူတို့နှင့်အတူ ကိုယ်ခံရသကဲ့သို့ မှတ်၍၊ သူတို့ကို အောက်မေ့ကြလော့။ သင်တို့သည် ကိုယ်ခန္ဓွာနှင့် မကင်းမလွတ်သောသူဖြစ်၍၊ ညှဉ်းဆဲခံရသောသူတို့ကို အောက်မေ့ကြလော့။
၎ ခပ်သိမ်းသောသူတို့၌ မင်္ဂလာ ဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသရေရှိစေလော့။ မတရားသောမေထုန်ကို ပြုသောသူနှင့် သူ့မယားကို ပြစ်မှားသောသူကို ဘုရားသခင် စစ်ကြောစီရင်တော်မူလိမ့်မည်။
၅ သင်တို့၏ ကျင့်ကြံပြုမူခြင်းသည် ငွေကို တပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည် သင့်ကိုမစွန့်၊ သင့်ကို အလျှင်းပစ်၍မထားဟု ဂတိတော်ရှိ၏။
၆ ထိုကြောင့် ထာဝရဘုရားသည် ငါ့ကိုမစတော်မူ သည်ဖြစ်၍၊ လူသည် ငါ၌ပြုနိုင်သမျှကို မကြောက်ဟု၊ ငါတို့သည် ရဲရင့်သောစိတ်နှင့် ပြောဆိုရသောအခွင့်ရှိကြ၏။
၇ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြော၍၊ သင်တို့ကို အုပ်သောသူတို့ကို အောက်မေ့ကြလော့။ သူတို့သည် အဘယ်သို့ကျင့်ကြံပြုမူ၍ စုတေ့သည်ကို စေ့စေ့ဆင်ခြင်လျက်၊ သူတို့၏ယုံကြည် ခြင်းကို မှီအောင်လိုက်ကြလော့။
၈ ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလအစဉ်အမြဲ မပြောင်းမလဲနေတော် မူ၏။

ဆာလံကျမ်း အခန်းကြီး ၂၇(Ps 27:1-9);

၁ ထာဝရဘုရားသည် ငါ၏အလင်း ငါ့ကိုကယ်တင်သော အရှင်ဖြစ်တော်မူ၏၊၊ ငါသည်အဘယ်သူကို ကြောက် ရအံ့နည်း၊၊ ထာဝရဘုရားသည် ငါ၏ အသက်ခိုလှုံရာဖြစ်တော်မူ၏၊၊ ငါသည်အဘယ်သူကို ကြောက်လန့်ရအံ့နည်း၊၊
၂ ငါ့ကို အငြိုးထားသောရန်သူလူဆိုးတို့သည် ငါ့အသားကို ကိုက်စားမည်ဟု လာကြသောအခါ ခြေတိုက်မိ၍ လဲကြ၏၊
၃ ငါ့တဘက်၌ တပ်ချကြသော်လည်း ငါနှလုံး မကြောက်တတ်၊၊ စစ်ချီ၍ လာကြသော်လည်း ထိုအမှုတွင်ပင် တည်ကြည် သော စိတ်ရှိလိမ့်မည်၊၊
၎ ထာဝရဘုရား၏ တင့်တယ်ခြင်း အသရေတော်ကို ဖူးမြင်၍ ဗိမာန်တော်၌ မွေ့လျော်ခြင်းအလို့ငှါ ထာဝရ ဘုရား၏ အိမ်တော်မှာ တသက်လုံးနေရမည် အကြောင်းတည်းဟူသော အခွင့်တခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ၊ ထိုအခွင့်ကို ရှာရဦးမည်၊၊
၅ အကြောင်းမူကား ဘေးအန္တရာယ်ရောက်သည် ကာလ တဲတော်တွင် င့ါကို ကွယ်ကာတော် မူမည်၊၊ ဗိမာန်တော်အတွင်း အရပ်၌ ငါ့ကို ဝှက်ထားတော်မူမည်၊၊ ကျောက်ပေါ်မှာလည်း ငါ့ကို တင်ထားတော်မူမည်။
၆ ယခုပင် ငါ့ပတ်လည်၌ ရှိသော ရန်သူတို့၏ အပေါ်သို့ ငါ၏ ဦးခေါင်းကို မြှောက်တော်မူ၏၊၊ ထိုကြောင့် ဗိမာန်တော် မှာ တံပိုးမှုတ်ခြင်းနှင့် တကွ ယဇ်ပူဇော်ပါမည်၊၊ သီချင်းဆိုပါမည်၊၊ ထာဝရဘုရားကို ထောမနာ သီချင်းဆိုပါမည်၊၊
၇ အို ထာဝရဘုရား အကျွန်ုပ်အော်ဟစ်သော အသံကို နားထောင်တော်မူပါ၊၊ အကျွန်ုပ်ကို သနား၍ ထူးတော်မူပါ၊၊
၈ ငါ၏ မျက်နှာကိုရှာကြလော့ ဟူသော အမိန့်တော်ကို ရှေ့တော်၌ အကျွန်ုပ်သည် သတိပြုလျက် အိုထာဝရ ဘုရား ကိုယ်တော်၏မျက်နှာကို ရှာပါမည်၊၊
၉ အကျွန်ုပ်မျက်နှာလွှဲတော်မမူပါနှင့်၊၊ အမျက်ထွက်၍ ကိုယ်တော်၏ ကျွန်ကို ပယ်တော်မမူပါနှင့်၊၊ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစတော် မူဘူးသည်ဖြစ်၍ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်၊၊

ရှင်လုကာခရစ်ဝင် အခန်းကြီး ၈ (Luke 8:15);

၁၅ ကောင်းသောမြေ၌ရှိသောသူကား၊ ဖြောင့်မတ်စင် ကြယ်သောစိတ်နှလုံးနှင့် တရားစကားကိုကြားလျှင်၊ စွဲလမ်းသောအားဖြင့် မြဲမြံစွာအသီးသီးသောသူကို ဆိုလိုသတည်း။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၆ (Mark 6:14-29);

၁၄ ထိုအခါ သိတင်းတော်ကျော်စောသည်ဖြစ်၍၊ ဟေရုဒ်မင်းကြီးသည် ကြားလျှင်၊ ဗတ္တိဇံ ဆရာယောဟန် သည် သေခြင်းမှထမြောက်လေပြီ။ ထိုကြောင့် တန်ခိုးများကိုပြနိုင်သည်ဟုဆို၏။
၁၅ လူအချို့က၊ ဤသူသည် ဧလိယဖြစ်သည် ဆိုကြ၏။ အချို့က၊ ရှေးပရောဖက်ကဲ့သို့ ပရောဖက်ဖြစ်သည်ဟု ဆိုကြ၏။
၁၆ ဟေရုဒ်သည် ကြားလျှင်၊ ဤသူကား ငါ၏အမိန့်နှင့် လည်ပင်းကိုဖြတ်သောယောဟန်ဖြစ်၏။ သေခြင်းမှထမြောက်လေပြီဟု ဆိုလေ၏။
၁၇ အထက်ကဟေရုဒ်သည် မိမိညီဖိလိပ္ပု၏ ခင်ပွန်း ဟေရောဒိ ကိုသိမ်းယူသဖြင့်၊ ထိုမိန်းမအကြောင်း ကြောင့် စေလွှတ်၍ယောဟန်ကို ဘမ်းဆီးပြီးလျှင် ထောင်ထဲမှာချုပ်နှောင်လေ၏။
၁၈ အကြောင်းမူကား၊ ယောဟန်က အရှင်မင်းကြီးသည် ညီတော်၏ခင်ပွန်းကို မသိမ်းအပ်ဟု ဟေရုဒ်အားဆိုလေပြီ။
၁၉ ထိုကြောင့်၊ ဟေရောဒိ သည် ယောဟန်ကိုရန်ငြိုးဖွဲ့သဖြင့် သတ်ခြင်းငှါအလိုရှိ၏။
၂၀ သို့သော်လည်း ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသော သူဖြစ်ကြောင်းကို ဟေရုဒ်သည်သိ၍ သူ့ကိုကြောက်ရွံ့ရိုသေ၏။ သူ့ကိုလည်း စောင့်မ၏။ အမှုအရာများတို့၌ သူ၏စကားကိုနားထောင်၍ ဝမ်းမြောက်သောစိတ်နှင့်လည်း နားထောင်တတ်သည်ဖြစ် သောကြောင့် ထိုမိန်းမသည် အခွင့်မရနိုင်။
၂၁ ထိုနောက်မှ အဆင်သင့်သောအခါ ဟေရုဒ်ကိုဘွားသောနေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ မှူးမတ်၊ စစ်သူကြီး၊ ဂါလိလဲပြည်၌ အကြီးအကဲဖြစ်သောသူတို့ကို ကျွေးတော်မူစဉ်တွင်၊
၂၂ ဟေရောဒိ ၏သမီးသည် ဝင်၍ကသဖြင့်၊ ဟေရုဒ်မှစ၍ အပေါင်းအဘော်တို့အား နူးညွတ်သောစိတ်ကိုဖြစ်စေ၏။ ထိုအခါမင်းကြီးက၊ သင်သည်အလိုရှိ သမျှကိုတောင်းလော့၊ ငါပေးမည်ဟု ထိုမိန်းမငယ်အားဆိုလေ၏။
၂၃ တဖန်လည်း၊ သင်တောင်းသမျှကို ငါ့နိုင်ငံတဝက်တိုင်အောင် ငါပေးမည်ဟု ကျိန်ဆိုလေ၏။
၂၄ ထိုမိန်းမငယ်သည် ထွက်၍အဘယ်အရာကို တောင်းရမည်နည်းဟု သူ၏အမိကိုမေးလျှင် အမိက၊ ဗတ္တိဇံ ဆရာယောဟန်၏ ဦးခေါင်းကိုတောင်းလော့ဟု ပြန်ဆိုသော်၊
၂၅ ချက်ခြင်းမိန်းမငယ်သည် မင်းကြီးထံသို့ အလျင်တဆောဝင်၍၊ ဗတ္တိဇံ ဆရာဟောဟန်၏ဦးခေါင်းကို ဤလင်ပန်း၌ အလျင်အမြန်ပေးတော်မူစေခြင်းငှါ ကျွန်မအလိုရှိပါသည်ဟု တောင်းလျှောက်၏။
၂၆ မင်းကြီးသည် အလွန်ဝမ်းနည်းခြင်းရှိသော်လည်း၊ ကျိန်ဆိုခြင်းကို၎င်း၊ အပေါင်းအဘော်တို့၏မျက်နှာကို၎င်း၊ ထောက်သော ကြောင့်၊ ထိုမိန်းမငယ်ကိုမငြင်းမပယ်လို၍၊
၂၇ ဦးခေါင်းကိုယူခဲ့ဟု အမိန့်တော်ရှိလျက် လူစောင့်တယောက်ကို ချက်ခြင်း စေလွှတ်လျှင်၊ လူစောင့်သည်သွား၍ ယောဟန်၏လည်ပင်းကိုထောင်ထဲမှာဖြတ်လေ၏။
၂၈ ဦးခေါင်းကို လင်ပန်း၌ ဆောင်ခဲ့၍ ထိုမိန်းမငယ်အားပေးပြီးမှ မိန်းမငယ်သည်လည်း သူ့အမိကိုပေးလေ၏။
၂၉ ယောဟန်၏ တပည့် တို့သည်လည်း ကြားသောအခါလာ၍ အလောင်းကိုဆောင်သွားပြီးလျှင် သင်္ချိုင်းတွင်း၌ထားကြ၏။