Wed the 17th: Ezek 34:1-11; Ps 23:1-6; Heb 4:12; Matt 20:1-16
ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၃၄ (Ezek 34:1-11);
၁ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
၂ အချင်းလူသား သင်သည် ဣသရေ လအမျိုးသိုးထိန်းတို့တဘက်၌ ပရောဖက်ပြု၍ ဟောပြောလျက်၊ သိုးထိန်းတို့အား အရှင်ထာဝရဘုရား မိန့်တော် မူသောစကားကိုဆင့်ဆိုရမည်မှာ၊ ကိုယ်ကိုသာ ကျွေးမွေးသော ဣသရေလအမျိုး သိုးထိန်းတို့သည် အမင်္ဂလာ ရှိကြ၏။ သိုးထိန်းသည် သိုးတို့ကို မကျွေးမွေးရသလော၊၊
၃ သင်တို့သည် သိုးနို့ကိုစားကြ၏၊ သိုးမွေးကို ဝတ်ကြ၏၊ ဆူဖြိုးသော သိုးတို့ကိုလည်း သတ်ကြ၏၊ သို့ရာတွင် သိုးတို့ကို မကျွေးမွေးပါတကား။
၎ အားနည်းသောသိုးကို မမစကြ၊ နာသောသိုးကို ဆေးမကုကြ၊ အရိုးကျိုးသောသိုးကို အဝတ်နှင့် မစည်းကြ၊ သူတပါးနှင်သော သိုးကို လိုက်၍ မဆောင်ခဲ့ကြ။ ပျောက်သောသိုးကို မရှာကြ၊ အနိုင်အထက်ပြု၍ ကြမ်းတမ်းစွာ စီရင်ကြပြီ၊
၅ သိုးထိန်းမရှိသော သူကြောင့် သိုးတို့သည် ကွဲပြားကြ၏။ ကွဲပြားလျက်ရှိနေသောအခါ ခပ်သိမ်းသောတောသားရဲစားစရာဖြစ်ကြ၏၊၊
၆ ငါ့ သိုးတို့သည် တောင်များ၊ မြင့်သောကုန်းများအပေါ်မှာလဲ၍ မြေတပြင်လုံးတွင် အရပ်ရပ်သို့ ကွဲပြားပြန့်လွင့်လျက် နေ၍၊ အဘယ်သူမျှ မလိုက်မရှာကြ၊
၇ သို့ဖြစ်၍၊ အချင်းသိုးထိန်းတို့ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြ လော့။
၈ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့အသက်ရှင်သည်အတိုင်း သိုးထိန်းမရှိ၊ အဘယ်သိုးထိန်းမျှ ငါ့သိုးတို့ကိုမရှာ၊ သိုးထိန်းတို့သည် ငါ့သိုးတို့ကို မကျွေးမွေး၊ ကိုယ်ကိုသာ ကျွေးမွေးသဖြင့်၊ ငါ့သိုးတို့သည်လုယူစရာ ခပ်သိမ်းသော တောသားရဲ စားစရာဖြစ်သောကြောင့်၊
၉ အချင်းသိုးထိန်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။
၁၀ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်သိုးထိန်းတို့တဘက်၌ နေ၏။ ငါ့သိုးများကို သူတို့၌ ငါတောင်း၍ သိုးထိန်းအရာကိုနှုတ်မည်။ သိုးထိန်းတို့သည် နောက်တဖန် ကိုယ်ကိုမကျွေးမွေးရကြ။ ငါ့သိုးများ ကိုသူတို့ပစပ်မှ ငါနှုတ်၍ နောက်တဖန်မကိုက်မစားရကြ။
၁၁ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်ကိုယ်တိုင်လိုက်၍ ငါ့သိုးတို့ကိုရှာမည်။
ဆာလံကျမ်း အခန်းကြီး ၂၃ (Ps 23:1-6);
၁ ထာဝရဘုရားသည် ငါ၏ သိုးထိန်းဖြစ်တော်မူ၏၊၊ ငါသည် ဆင်းရဲမခံရ၊
၂ စိမ်းလန်းသော ကျက်စားရာ အရပ်၌ ငါ့ကို အိပ်စေတော်မူ၏၊၊ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏၊၊
၃ ငါ့ဝိညာဉ်ကို အားဖြည့်၍ နာမတော် အဘို့အလို့ငှါ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏၊၊
၎ အကယ်၍ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ ရှောက် သွားရသော်လည်း ဘေးအန္တရာယ် ကို မကြောက်ပါ၊၊ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့် အတူရှိတော် မူသည်ဖြစ်၍ လှံတံတော်နှင့် တောင်းဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏၊၊
၅ အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့စားပွဲကို ခင်းတော်မူ၏၊၊ အကျွန်ုပ်ခေါင်းကို ဆီနှင့် လိမ်းတော်မူ၏။ အကျွန်ုပ်ခက်ဖလားသည် လျှံလျက်ရှိ ပါ၏။
၆ အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူနှင့် ကရုဏာကို တသက်လုံးခံစား၍၊ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။
ဟေဗြဲသြဝါဒစာ အခန်းကြီး ၄ (Heb 4:12);
၁၂ ဘုရားသခင်၏ နှုတ်ကပတ်တရား တော်သည် အသက်ရှင် ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်ခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံ အစည်များကိုလည်း သိမြင်တတ်၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၀(Matt 20:1-16);
၁ ဥပမာကား၊ ကောင်းကင်နိုင်ငံတော်သည် စပျစ်ဥယျာဉ်ကိုလုပ်ဆောင်သောသူတို့ ငှါးခြင်းငှါ နံနက်စောစော ထွက်သွားသော အိမ်ရှင်နှင့်တူ၏။
၂ ထိုသူသည် တနေ့လျှင် ဒေနာရိတပြားစီပေးမည်ဟူ၍ လုပ်ဆောင်သောသူ တို့နှင့် ဝန်ခံပြီးမှ စပျစ်ဥယျာဉ်သို့ စေလွှတ်လေ၏။
၃ နံနက်တချက်တီးအချိန်၌ ထွက်ပြန်လျှင်၊ အခြားသောသူတို့သည် အလုပ်ကိုမလုပ်၊ ဈေး၌ရပ်နေသည်ကိုမြင်၍၊
၎ သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့သွားကြ၊ တော်လျော်စွာ ငါပေးမည်ဟု ဆိုလျှင် ထိုသူတို့သည်သွားကြ၏။
၅ တဖန် နှစ်ချက်တီးအချိန်၊ တဖန်သုံးချက်တီးအချိန်၌ ထွက်၍ ရှေ့နည်းအတူ ပြုလေ၏။
၆ ဆယ်တနာရီအချိန်၌လည်း ထွက်ပြန်လျှင် အခြားသောသူတို့သည် အလုပ်ကိုမလုပ်၊ ရပ်နေသည်ကိုတွေ့၍၊ သင်တို့သည် တနေ့လုံးအလုပ်ကိုမလုပ်ဘဲ ဤအရပ်၌အဘယ်ကြောင့် နေကြသနည်းဟုမေးသော်၊
၇ ထိုသူတို့က၊ ကျွန်တော်တို့ကို အဘယ်သူမျှမငှါးပါဟု ပြောဆိုကြလျှင်၊ သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့သွားကြ၊ တော်လျော် စွာရကြလိမ့်မည်ဟု ဆိုလေ၏။
၈ ညအချိန်ရောက်သောအခါ စပျစ်ဥယျာဉ်ရှင်က၊ လုပ်ဆောင်သောသူတို့ကို ခေါ်ခဲ့လော့။ နောက်ဝင်သော သူမှစ၍ အရင်အဦးဝင်သောသူတိုင်အောင် အခကိုပေးလော့ဟု မိမိစာရေးကို မှာလိုက်လေ၏။
၉ ထိုကြောင့် ဆယ်တနာရီအချိန်၌ ဝင်သောသူတို့သည် လာ၍ဒေနာရိတပြားစီ ခံကြ၏။
၁၀ အရင်ဝင်သောသူတို့သည် လာကြ သောအခါ ငါတို့သည် သာ၍ရမည်ဟု စိတ်ထဲမှာထင်မှတ်သော်လည်း ဒေနာရိတပြားစီခံရကြ၏။
၁၁ ထိုသို့ခံပြီးလျှင် အိမ်ရှင်ကိုကဲ့ရဲ့ပြစ်တင်၍၊
၁၂ နောက်ဝင်သောသူတို့သည် တနာရီခန့်မျှသာ လုပ်ဆောင်သော်လည်း တနေ့လုံးအမှု ဝန်ကိုထမ်းရွက်၍ နေပူဆင်းရဲခံရသော အကျွန်ုပ်တို့နှင့် အညီအမျှကိုယ်တော်စီရင်ပါပြီတကားဟု ဆိုကြ၏။
၁၃ အိမ်ရှင်ကလည်း အဆွေ၊ သင်၌မတရားသောအမှုကို ငါမပြု၊ ဒေနာရိတပြားကို အမှတ်ပြု၍ သင်သည် ငါနှင့်ဝန်ခံသည် မဟုတ်လော။
၁၄ သင်၏ဥစ္စာကို ယူ၍သွားလော့။ နောက်ဝင်သောသူတို့အား သင်နှင့်အညီအမျှပေးခြင်းငှါ ငါအလို ရှိ၏။
၁၅ ငါသည် ကိုယ်ဥစ္စာကို ပြုလိုသမျှ မပြုရာသလော၊ ငါ့သဘောကောင်းသောကြောင့် သင်သည်မျက်မုန်း ကြိုးရသလောဟု ဆို၏။
၁၆ ထိုနည်းတူ နောက်ကျသောသူတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူတို့သည် နောက်ကျကြလိမ့်မည်။ ခေါ်တော်မူသောသူအများရှိသော်လည်း၊ ရွေးကောက် တော်မူသော သူနည်းသည် ဟု မိန့်တော်မူ၏။