Friday, 5 August 2016

5-AUG-2016 (READING ORD18 -YC-C2)

Fri the 5th:    Optional memorial of The Dedication of St. Mary Major.
Nah 2:1-7; Deut 32:35-41; Matt 5:10; Matt 16:24-28

နာဟုံအနာဂတ္တိကျမ်း အခန်းကြီး ၂( Nah 2:1-7);

၁ ဖျက်ဆီးသောသူသည် သင့်ရှေ့သို့ရောက်လာပြီ။ သင်၏ရဲတိုက်ကို သတိပြုလော့။ လမ်းကိုစောင့်လော့။ ကိုယ်ခါးကိုခိုင်စေလော့။ ကျပ်ကျပ်အားယူလော့။
၂ အကြောင်းမူကား၊ ထာဝရဘုရား သည် ဣသရေလ၏ဘုန်းကဲ့သို့ ယာကုပ်၏ဘုန်းကို ပြုပြင်တော်မူ၏။ သုတ်သင်သောသူတို့သည် ယာကုပ်အမျိုးကို သုတ်သင်၍ သူ၏အခက်အလက် တို့ကို ပယ်ရှင်ကြပြီ။
၃ သူရဲတို့သည် နီသောဒိုင်းလွှားကိုဆောင်၍၊ နီသောအဝတ်ကိုဝတ်ကြ၏။ ခင်းကျင်းသောနေ့၌ ရထားတို့သည် သံလက်နက်နှင့်တောက်ပ၍၊ လှံတံတို့သည် အလွန်လှုပ်ရှားကြ၏။
၎ ရထားတို့သည် လမ်း၌ဟုန်း ဟုန်းမြည်၍၊ လမ်းမတို့၌ တောင်မြောက်ပြေးကြ၏။ မီးရှုးအဆင်းအရောင်ရှိ၍၊ လျှပ်စစ်ကဲ့သို့ပြေးကြ၏။
၅ စစ်သူရဲ တို့ကို နှိုးဆော်တော်မူ၏။ သူတို့သည် ချီသွားစဉ် သူတပါးကို တွန်းချကြ၏၊ မြို့ရိုးသို့အလျင်အမြန်သွား၍ ပြအိုးတို့ကို ပြင်ဆင်ကြ၏။
၆ မြစ်တံခါးပွင့်လျင်၊ နန်းတော်သည် ကွယ်ပျောက်၏။ နိနေဝေသတို့သမီးကို အဝတ်ချွတ်၍ ထုတ်ရမည်။
၇ အပျိုတော်တို့သည် ချိုးကဲ့သို့ကူ၍ ရင်ပတ်ကိုတီးလျက် လိုက်ရကြ၏။

တရားဟောရာကျမ်း အခန်းကြီး ၃၂ (Deut 32:35-41);

၃၅ အပြစ်တရားကို စီရင်ရသော အခွင့်၊ အပြစ်နှင့်အလျောက် ဆပ်ပေးရသော အခွင့်ကိုငါပိုင်၏။ အချိန်တန်မှ သူတို့ခြေသည် ချော်လိမ့်မည်။ သူတို့၌ ဘေးရောက်သောအချိန်နီးပြီ။ သူတို့တွေ့ကြုံ ရသောအမှုသည် အလျင်အမြန် ရောက်လာလိမ့်မည်။
၃၆ ထာဝရဘုရားသည် မိမိလူတို့အဘို့တရားစီရင်တော်မူမည်။ ကိုယ်တော်၏ ကျွန်တို့သည် တန်းခိုးကုန်ကြောင်း၊ အချုပ်ခံရသောသူ၊ လွတ်သောသူတယောက်မျှမရှိကြောင်းကို မြင်သောအခါ၊ သူတို့အမှုကြောင့် နောင်တ ရတော်မူလျက်၊
၃၇ သူတို့ဘုရား၊ သူတို့ခိုလှုံသော ကျောက်သည်အဘယ် မှာ ရှိသနည်း။
၃၈ သူတို့ပူဇော်သော ဆီဥကိုစား၍ သွန်းလောင်းရာ ပူဇော်သက္ကာ စပျစ်ရည်ကို သောက်သော သူတို့သည် အဘယ်မှာရှိသနည်း။ သူတို့သည်ထ၍ သင်တို့ကို ကွယ်ကာစောင့်မပါလေစေ။
၃၉ ငါသည်ကိုယ်တိုင် အားဖြင့် ဘုရားဖြစ်ကြောင်းကိုင်း၊ ငါမှတပါးအခြားသောဘုရားမရှိကြောင်းကိုင်း ကြည့်ရှုကြလော့။ ငါသည်အသက် ကိုသေစေ၏။ အသက်ကိုလည်း ရှင်စေ၏။ ငါသည် အနာပေါ်စေခြင်းငှာ ဒဏ်ခတ်၏။ အနာကိုလည်းပျောက်စေ၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနှုတ်နိုင်။
၄၀ ငါသည် အစဉ်အမြဲအသက်ရှင်ပေ၏ဟု ငါ့လက်ကို ကောင်းကင်သို့ချီ၍ ကျိန်ဆို၏။
၄၁ ငါသည် ပြောင်လက်သော ထားကိုသွေး၍၊ တရားစီရင်စပြုလျက် ငါ့ရန်သူတို့၌ အပြစ်တရားကို စီရင်မည်။ ငါ့ကိုမုန်းသောသူတို့ ခံထိုက်သောအပြစ်အလျောက်ငါဆပ်ပေးမည်။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:10);

၁၀ ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှင်းဆဲခြင်းကို ခံရသောသူ တို့သည်မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၆ (Matt 16:24-28);

၂၄ ထိုအခါ ယေရှုက၊ ငါ၌ဆည်းကပ်လိုသောသူ ဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါး ကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့လိုက်ရမည်။
၂၅ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏၊ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏၊ ထိုသူသည် အသက်ကိုတွေ့လိမ့်မည်။
၂၆ လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။
၂၇ လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ ကောင်းကင်တမန်အခြံအရံတို့နှင့် ကြွလာတော်မူလတံ့။ ထိုအခါ လူအသီးသီးကျင့်သော အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတံ့။
၂၈ ငါအမှန်ဆိုသည်ကား၊ လူသားသည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသည်ကို၊ ဤအရပ်၌ရှိသောသူအချို့တို့သည် မမြင်မှီ သေခြင်းသို့ မရောက်ရကြဟု တပည့်တော်တို့အား မိန့်တော်မူ၏။