Sun the 25th: Psalter II, Ordinary Time Week 26.
Amos 6:1-7; Ps 146:6-10; 1 Tim 6:11-16; 2 Cor 8:9; Luke 16:19-31
အာမုတ်အနာဂတ္တိကျမ်း အခန်းကြီး ၆( Amos 6:1-7);
၁ ဇိအုန်မြို့၌ ငြိမ်သက်စွာနေသောသူ၊ ရှမာရိတောင်ပေါ်မှာ စိုးရိမ်ခြင်းနှင့်ကင်းလွတ်လျက် နေသောသူ၊ လူမျိုးတို့တွင် အထွဋိအမြတ်ဟူ၍ ခေါ်ဝေါ်သောသူ၊ ဣသရေလအမျိုး ဆည်းကပ်သောသူတို့သည် အမင်္ဂလာရှိ ကြ၏။
၂ ကာလနေမြို့သို့ သွား၍ကြည့်ရှု့ကြလော့။ ထိုမြို့မှ ဟာမတ်ကြီးမြို့သို့င်း၊ ဖိလိတ္တိလူတို့နေသော ဂါသမြို့သို့ င်း သွားကြလော့။ ထိုနိုင်ငံတို့သည် ဤနိုင်ငံထက်သာ၍ ကောင်းသလော။ သူတို့နယ်အပိုင်းအခြားသည် သင်တို့နယ်အပိုင်းအခြားထက်သာ၍ ကျယ်သလော။
၃ ဆိုးယုတ်သောနေ့ရက်ကို ရွေ့၍၊ မတရားသဖြင့် စီရင်ရာ ပလ္လင်ကို အနီးမှာတည်စေခြင်း၊
၎ ဆင်စွယ်ခုတင်ပေါ်မှာအိပ်၍ မွေ့ရာပေါ်မှာလျောင်းခြင်း၊ သိုးစုထဲက သိုးငယ်တို့ကိုင်း၊ နွားတင်းကုပ်ထဲက နွားသငယ်တို့ကိုင်း ယူ၍စားခြင်း၊
၅ တယောထိုးသံနှင့်ပြိုင်လျက် သီချင်းဆိုခြင်း၊ တီးမှုတ်ရာ တုရိယာမျိုးအသစ်ကို ဒါဝိဒ်မင်းရှာ၍လုပ်သကဲ့သို့လုပ်ခြင်း၊
၆ စပျစ်ရည်ကို ဖလားနှင့်သောက်၍၊ အဘိုးထိုက်သော နံ့သာဆီနှင့်လိမ်းခြင်းတို့ကိုပြု၍၊ ယောသပ်အမျိုးဆင်းရဲခံရသည်ကို စိတ်မကြင်နာဘဲ နေသော၊
၇ ထိုသူတို့သည် အဦးဆုံးသိမ်းသွားခြင်းကို ခံရသောသူတို့နှင့်အတူ ပါသွားကြလိမ့်မည်။ လျောင်း၍နေသောသူတို့၏ ပွဲသည်လည်း ပျောက်ရလိမ့်မည်။
ဆာလံကျမ်း အခန်းကြီး ၁၄၆ (Ps 146:6-10);
၆ ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် တကွ အရပ်ရပ်၌ ရှိသမျှတို့ကို ဖန်ဆင်းတော် မူ၏၊၊ သစ္စာတော်ကို အစဉ်အမြဲ စောင့်တော်မူ၏၊၊
၇ ညှဉ်းဆဲခြင်းကို ခံရသော သူတို့အား တရားပြတော်မူ၏၊၊ ငတ်မွတ် သောသူတို့ကို ကျွေးမွေးတော်မူ၏၊၊ ထာဝရဘုရားသည် ချုပ်ထားခြင်းကို ခံရသောသူတို့ကို လွှတ်တော်မူ၏၊၊
၈ ထာဝရ ဘုရားသည် မျက်စိကန်းသောသူတို့ကို မြင်စေတော်မူ၏၊၊ ထာဝရဘုရားသည် နှိမ့်ချသောသူတို့ကို ကြွပင့်တော် မူ၏၊ ထာဝရဘုရားသည် ဖြောင့်မတ်သော သူတို့ကို ချစ်တော်မူ၏၊
၉ ထာဝရဘုရားသည် ဧည့်သည်တို့ကို စောင့်မ တော်မူ၍ မုတ်ဆိုးမနှင့် မိဘမရှိသော သူတို့ကို ထောက်မတော်မူ၏၊၊ မတရားသောသူတို့၏ လမ်းကိုကား ကွေ့ကောက်စေတော်မူ၏၊၊
၁၀ အိုဇိအုန်မြို့ သင်၏ ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ကာလအစဉ်အမြဲ ကမ္ဘာအဆက်ဆက် စိုးစံတော်မူလတံ့သတည်း၊၊ ဟာလေလုယ၊၊
တိမောသေသြဝါဒပဌမစောင် အခန်းကြီး ၆ (1 Tim 6:11-16);
၁၁ သို့ဖြစ်၍၊ အိုဘုရားသခင်၏လူ၊ သင်သည် ထိုအပြစ်များကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်စွာကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မှီအောင်လိုက်လော့။
၁၂ ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသောတိုက်လှန်ခြင်းကို ပြုလော့။ ထာဝရအသက်ကို ကိုင်ယူလော့။ ထိုအသက် ကိုရမည်အကြောင်း၊ သင်သည်ခေါ်တော်မူခြင်းကို ခံရ၍၊ သက်သေအများတို့ရှေ့၌ ကောင်းမွန်စွာ ဝန်ခံပြီ။
၁၃ ငါတို့ သခင်ယေရှုခရစ် ထင်ရှားပေါ်ထွန်းတော်မူသည်တိုင်အောင်၊ သင်သည် အညစ်အကြေးနှင့် ကင်းစင်၍ အပြစ်တင်ခွင့် မရှိဘဲလျက်၊ ပညတ်တော်ကို စောင့်ရှောက်မည်အကြောင်း၊
၁၄ အလုံးစုံတို့ကို အသက်ရှင်စေတော်မူသော ဘုရားသခင်ရှေ့မှာ၎င်း၊ ပုန္တိပိလတ်မင်းထံ ကောင်းသောဝန်ခံခြင်းဘက်၌ သက်သေခံ တော်မူသော ယေရှုခရစ်ရှေ့မှာ၎င်း၊ ငါသည် သင့်ကိုပညတ်ထား၏။
၁၅-၁၆ မရဏာနှင့် ကင်းလွတ်သောသူ တပါးတည်းဖြစ်တော်မူထသော၊ အဘယ်သူမျှ မချဉ်းကပ်နိုင်သော အလင်းထဲ၌ နေတော်မူထသော၊ အဘယ်သူမျှ မမြင်ဘူးရာ၊ မမြင်နိုင်ရာဖြစ်တော်မူထသော၊ မင်္ဂလာရှိသော တပါးတည်းသောအရှင် ဖြစ်တော်မူထသော၊ ဘုရင်တကာတို့ထက်ဘုရင်၊ သခင်တကာတို့၏သခင် သည်၊ ကာလအချိန်ရောက်သောအခါ၊ သခင်ယေရှုခရစ်၏ ထင်ရှားပေါ်ထွန်းခြင်းကို ပြတော်မူလိမ့်မည်။ ထိုဘုရား သခင်သည် ထာဝရဂုဏ်အသရေ အစွမ်းသတ္တိ ရှိတော်မူစေသတည်း။ အာမင် ။
ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၈ (2 Cor 8:9);
၉ အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည်စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၆ (Luke 16:19-31) ;
၁၉ ယဖန်တုံ၊ သူဌေးတယောက်သည် နီမောင်းသောကမ္ပလာနှင့် ပိတ်ချောကိုဝတ်ဆင်၍၊ ကာမဂုဏ်စည်းစိမ် ၌ နေ့တိုင်းပျော်မွေ့လျက်နေ၏။
၂၀ လာဇရုအမည်ရှိသော သူဆင်းရဲတယောက်သည် တကိုယ်လုံး၌ အနာစိမ်းပေါက်၍၊
၂၁ သူဌေး၏စားပွဲမှကျသော စားနုပ်စားပေါက်ကို စားပါရစေဟု တောင့်တသောစိတ်နှင့် သူဌေးအိမ်တံခါးနားမှာ တုံးလုံးနေ၏။ ခွေးတို့သည်လာ၍ အနာစိမ်းများကို လျက်ကြ၏။
၂၂ တနေ့သ၌ ထိုဆင်းရဲသားသည် သေလွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ ရင်ခွင်သို့ပို့ဆောင်ကြ၏။ သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။
၂၃ မရဏာနိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာကို ခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကိုင်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကိုင်း အဝေးကမြင်လျှင်၊
၂၄ အိုအဘ အာဗြဟံ၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ အကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာခံရသောကြောင့်၊ လာဇရုသည် မိမိလက်ဖျားကို ရေ၌နှစ်၍ အကျွန်ုပ်လျှာကို အေးစေခြင်းငှါ သူ့ကိုအကျွန်ုပ်ရှိရာသို့ စေလွှတ်တော်မူပါဟု ဟစ်ကြော်လေ၏။
၂၅ အာဗြဟံကလည်း၊ ငါ့သား၊ သင်သည် အသက် ရှင်စဉ်အခါ ချမ်းသာရသည်ကို၎င်း၊ လာဇရုသည် ဆင်းရဲစွာနေရသည်ကို၎င်း အောက်မေ့လော့။ ယခုမူကား၊ သူသည် သက်သာခြင်းရှိ၏။ သင်သည် ဒုက္ခဝေဒနာကိုခံရ၏။
၂၆ ထိုမှတပါး၊ ငါတို့နှင့် သင်တို့စပ်ကြား၌ အလွန်နက်လှသော ချောက်ကြီးတည်လျက်ရှိ၏။ ထိုကြောင့် ဤအရပ်မှသင်တို့ရှိရာသို့ ကူးချင်သောသူမကူးနိုင်။ ထိုအရပ်မှ ငါတို့ရှိရာ သို့ ကူးချင်သောသူလည်း မကူးနိုင်ဟုဆို၏။
၂၇ သူဌေးကလည်၊ အိုအဘ၊ ထိုသို့မှန်လျှင်၊
၂၈ အကျွန်ုပ်၌ ညီငါးယောက် ရှိပါသည်ဖြစ်၍ သူတို့သည် ဤပြင်းပြစွာခံရာအရပ်သို့ မရောက်မည်အကြောင်း၊ သူတို့အား သက်သေခံစေခြင်းငှါ၊ လာဇရုကို အကျွန်ုပ်အဘ၏အိမ်သို့ စေလွှတ်တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု ပြောဆိုလျှင်၊
၂၉ အာဗြဟံက၊ သင်၏ညီတို့၌ မောရှေမှစ၍ ပရောဖက်များရှိကြ၏။ ပရောဖက်တို့၏စကားကို နားထောင်ကြစေဟု ဆို၏။
၃၀ သူဌေးကလည်း၊ မဟုတ်ပါအဘအာဗြဟံ၊ သေသောလူစုထဲက တယောက်သောသူသည် ထမြောက်၍ သူတို့ ရှိရာသို့သွား လျှင်၊ သူတို့သည် နောင်တရကြပါလိမ့်မည်ဟု ဆိုသော်၊
၃၁ အာဗြဟံက၊ သူတို့သည် မောရှေ၏ စကား၊ ပရောဖက်တို့၏စကားကို နားမထောင်လျှင်၊ တယောက်သောသူသည် သေခြင်းမှထမြောက်သော်လည်း မယုံကြည်နိုင်ကြဟု အာဗြဟံဆိုသည်ဟု မိန့်တော်မူ၏။