Thu the 13th: Eph 1:1-10; Ps 98:1-6; John 14:6; Luke 11:47-54
ဧဖက်သြဝါဒစာ အခန်းကြီး ၁( Eph 1:1-10);
၁ ဘုရားသခင်၏ အလိုတော်အားဖြင့်၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုသည် ဧဖက်မြို့၌ နေသော သန့်ရှင်းသူတည်း ဟူသော ယေရှုခရစ်ကို ယုံကြည်သောသူတို့ကို ကြားလိုက်ပါ၏။
၂ သခင်ယေရှုခရစ်နှင့် ငါတို့အဘ တည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
၃ ငါတို့သည် ဘုရားသခင့်ရှေ့တော်၌ မေတ္တာအားဖြင့် သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက် ဖြစ်မည်အကြောင်း၊
၎ ဤကမ္ဘာ မတည်မရှိမှီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ၊ ကောင်းကင်ဘုံနှင့်ဆိုင်သော အရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
၅ ထိုဘုရားသခင်သည် ချစ်တော် မူသော သားတော်ကြောင့်၊ ငါတို့အား ပေးတော်မူသော ကျေးဇူးတော်၏ ဘုန်းအသရေကို ချီးမွမ်းစေခြင်းငှါ၊ ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကို ရမည်အကြောင်း၊ အလိုတော်ရှိသော စေတနာအတိုင်း ရှေးမဆွက ခွဲခန့် မှတ်သားတော်မူ၏။
၆ ခပ်သိမ်းသော သတိပညာတော်နှင့်လျော်စွာ ငါတို့၌ အတိုင်းထက်အလွန် များလှစွာသော ကျေးဇူးတော် သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊ ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်း ဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည်ခံရကြ၏။
၇ ဘုရားသခင်သည် နှလုံးသွင်တော်မူသော စေတနာတော်နှင့် လျော်သောအလိုတော်၏ နက်နဲသောအရာကို ငါတို့အား ပြတော်မူ၏။
၈ ထိုနက်နဲသော အရာဟူမူကား၊ ကာလ အချိန်စေ့စုံခြင်း၏ သာသနာတွင် ကောင်ကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကို ပေါင်း၍ခရစ်တော်၌ ချုပ်ခြာစေတော် မူလိမ့်သတည်း။
၉ မိမိစေတနာ၏ အလိုတော်သို့လိုက်၍ အလုံးစုံတို့ကို စီရင်ပြုပြင်တော်မူတတ်သော သူ၏ကြံစည် ခြင်းရှိသည်အတိုင်း၊ ရှေးမဆွက ခွဲခန့်မှတ်သား တော်မူသည်နှင့်အညီ၊ ငါတို့သည် ထိုခရစ်တော်အားဖြင့် အမွေခံ ဖြစ်ကြ၏။
၁၀ အကြောင်းမူကား၊ ခရစ်တော်ကို မြော်လင့်နှင့်သော ငါတို့အားဖြင့် ဘုန်းတော်ကို ချီးမွမ်းစေခြင်းအကြောင်း ဖြစ်သတည်း။
ဆာလံကျမ်း အခန်းကြီး ၉၈ (Ps 98:1-6);
၁ ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့၊၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ၊၊ လက်ျာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ၊၊
၂ ထာဝရ ဘုရားသည် ကယ်တင်တော်မူခြင်း ကျေးဇူးကိုထင်းရှားစေ၍ ဖြောင့်မတ်တော်မူခြင်းတရားကိုလည်း တပါးအမျိုးသား တို့ အားဘော်ပြတော်မူပြီ၊၊
၃ ဣသရေလအမျိုးသား တို့၌ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့တော်မူပြီ၊၊ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ကျေးဇူးကိုမြေကြီးစွန်း အပေါင်းတို့သည် မြင်ကြရပြီ။
၎ မြေကြီးသား အပေါင်းတို့ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကိုပြု၍ ရွှင်လန်းစွာသီချင်းဆိုလျက် ချီးမွမ်းကြလော့။
၅ စောင်းတီး၍ ထာဝရဘုရားအား သီချင်းဆိုကြလော့၊၊ စောင်းတီး၍ တုရိယသံကိုပြုကြလော့၊၊
၆ တံပိုးနှဲခရာကိုမှုတ်၍၊ ရှင်ဘုရင်တည်းဟူသော ထာဝရဘုရား ရှေ့တော်၌ ကြွေးကြော်ကြလော့။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:6);
၆ ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင်အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁ (Luke 11:47-54);
၄၇ ကိုယ်လက်ဖျားနှင့်မျှ မတို့ကြ။ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ပရောဖက်တို့၏ သင်္ချိုင်းများကို တည်လုပ်၍၊ သင်တို့၏ဘိုးဘေး များသည် သူတို့ကိုသတ်ကြ၏။
၄၈ အကယ်စင်စစ် သင်တို့သည် ဘိုးဘေးတို့၏အပြုအမှုကို လက်ခံကြ၏။ ဘိုးဘေးတို့သည် ပရောဖက်များကို သတ်ကြပြီ။ သင်တို့မူကား၊ သင်္ချိုင်းတို့ကိုတည်လုပ်ကြ၏။
၄၉ ထိုကြောင့်၊ ဘုရားသခင်၏ ဥာဏ်စီရင်တော်မူသည်ကား၊ ပရောဖက်၊ တမန်တော်တို့ကို သူတို့ရှိရာသို့ ငါစေလွှတ်မည်။ သူတို့သည်ထိုပရောဖက်၊ တမန်တော်အချို့တို့ကို ညှင်းဆဲကြလိမ့်မည်။ အချို့တို့ကိုသတ်ကြလိမ့်မည်။
၅၀ ထိုကြောင့်၊ အာဗေလအသွေးမှစ၍၊ ယဇ်ပလ္လင်နှင့် အိမ်တော်၏ အကြား၌ သတ်ခဲ့ပြီးသော ဇာခရိ၏ အသွေးတိုင် အောင် ကမ္ဘာဦးမှစ၍ သွန်းပြီးသောပရောဖက်အပေါင်းတို့၏ အသွေးကြောင့် ယခုဖြစ်သောလူတို့သည် စစ်ကြောခြင်း ကိုခံရကြမည်။
၅၁ ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူတို့သည် ထိုစစ်ကြောခြင်းကိုခံရကြမည်။
၅၂ ကျမ်းတတ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပညာဖွင့်သောသော့ကို သိမ်းထားကြပြီ။ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်းဆီးတားကြသည်ဟု မိန့်တော်မူ၏။
၅၃ ထိုသို့ပရိသတ် တို့အားမိန့်တော်မူစဉ်တွင် ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့် ကိုရမည်အကြောင်း၊
၅၄ ချောင်းမြောင်းလျက်စကားတော်ကို ဘမ်းခြင်းငှါ ရှာကြံလျက်၊ ကျပ်ကျပ်တိုက်တွန်း၍ အရာရာတို့၌ မေးစစ်ကြ၏။