Sunday, 16 October 2016

16-OCT-2016 (READING ORD29 -YC-C2)

Sun the 16th: Psalter I, Ordinary Time Week 29.
(Optional memorial of Hedwig, religious; Margaret Mary Alacoque, virgin.)
Exod 17:8-13; Ps 121:1-8; 2 Tim 3:14-4:2; Heb 4:12; Luke 18:1-8

ထွက်မြောက်ရာကျမ်း အခန်းကြီး ၁၇ ( Exod 17:8-13);

၈ ထိုအခါ အာမလက်လူတို့သည် လာ၍၊ ရေဖိဒိမ်အရပ်၌ ဣသရေလလူတို့ကို စစ်တိုက်ကြ၏။
၉ မောရှေ ကလည်း၊ လူတို့ကိုရွေး၍ အာမလက်လူတို့ကို စစ်တိုက်ခြင်းငှါ ထွက်လော့။ နက်ဖြန်နေ့၌ ဘုရားသခင်၏ လှံတံကို ကိုင်လျက်၊ တောင်ထိပ်ပေါ်မှာ ငါရပ်နေမည်ဟု ယောရှုအားဆို၏။
၁၀ မောရှေမှာ လိုက်သည်အတိုင်း ယောရှုပြု၍၊ အာမလက်လူတို့ကို စစ်တိုက်လေ၏။ မောရှေ၊ အာရုန်၊ ဟုရတို့သည် တောင်ထိပ်ပေါ်သို့ တက်ကြ၏။
၁၁ မောရှေသည် လက်ကို ချီသောအခါ၊ ဣသရေလလူတို့သည် နိုင်ကြ၏။ လက်ကိုချသောအခါ၊ အာမလက်လူတို့သည် နိုင်ကြ၏။
၁၂ သို့ရာတွင် မောရှေ၏လက်သည် ညောင်းသောကြောင့်၊ သူတို့သည် ကျောက်ကို ယူ၍ မောရှေကို ထိုင်စေပြီးလျှင်၊ အာရုန်နှင့် ဟုရတို့သည် တယောက်တဘက်နေ၍ သူ၏လက်ကိုမကြ၏။ သို့ဖြစ်၍နေဝင်သည်တိုင်အောင် သူ၏ လက်တို့သည် အမြဲနေလေ၏။
၁၃ ယောရှုသည်လည်း အာမလက်မင်းနှင့် လူများတို့ကို ထားလက်နက်ဖြင့် လုပ်ကြံ လေ၏။
၁၄ ထာဝရဘုရားကလည်း၊ ဤအမှုကို အောက်မေ့စရာဘို့ စာရေးထား၍ ယောရှုအား ဘတ်ရွတ်လော့။ အကြောင်းမူကား၊ ကောင်းကင်အောက်၌ အာမလက်၏အမှတ်ရှိသမျှကို ငါပယ်ရှင်းမည်ဟု မောရှေအား မိန့်တော် မူ၏။

ဆာလံကျမ်း အခန်းကြီး ၁၂၁ (Ps 121:1-8);

၁ ငါ့ကိုမစခြင်း အကြောင်းသည် ပေါ်ထွက်ရသောတောင်ရိုးသို့ ငါမျှော်ကြည်၏၊၊
၂ ကောင်းကင်နှင့် မြေကြီး ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား ထံတော်မှ ငါ့ကို မစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏၊၊
၃ သင်၏ ခြေကို ချော်စေခြင်းငှါ အခွင့်ပေးတော်မမူ၊၊ သင့်ကို စောင့်သောသူသည် အိပ်တော်မမူ၊၊
၎ အကယ် စင်စစ် ဣသရေလအမျိုးကို စောင့်သောသူကို ငိုက်မျည်းအိပ်ပျော်ခြင်း ရှိတော်မမူ၊၊
၅ ထာဝရဘုရား သည် သင့်ကို စောင့်တော်မူ၏၊၊ ထာဝရဘုရားသည် သင်၏ လက်ျာဘက်၌ရှိသော သင်ခိုလှုံရာအရိပ် ဖြစ်တော်မူ၏၊၊
၆ နေ့အချိန်၌ နေအားဖြင့်၎င်း၊ ညဥ့်အချိန်၌ လအားဖြင့်၎င်း အထိအခိုက်မရှိရာ၊
၇ ထာဝရဘုရားသည် မကောင်းသောအမှုအရာ အလုံးစုံတို့ကို ကွယ်ကာ၍၊ သင်၏ အသက်ကို စောင့်တော်မူလိမ့်မည်၊၊
၈ ထာဝရဘုရားသည် သင်၏ ထွက်ခြင်းနှင့် ဝင်ခြင်းတို့ကို ယခုမှစ၍ အစဉ်မပြတ်စောင့်တော်မူလိမ့်မည်၊၊


တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး ၃ (2 Tim 3:14-4:2);

၁၄ ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါပြင်ဆင် သောသူဖြစ်မည် အကြောင်း၊ သြဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကိုပြုတတ်၏။
၁ ကိုယ်တော်တိုင် ပေါ်ထွန်း၍ နိုင်ငံတော်ထင်ရှားသောကာလ၊ အသက်ရှင်သောသူ၊ သေသောသူတို့ကိုစစ် ကြောစီရင်တော်မူသော သခင်ယေရှုခရစ်ရှေ့မှာ၎င်း၊ ဘုရားသခင့်ရှေ့မှာ၎င်း၊ ငါသည်သင့်ကိုသစ္စာပေးသည်ကား၊
၂ နှုတ်ကပတ်တရားတော်ကိုဟောပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကိုဘော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သောစိတ်နှင့် သြဝါဒမျိုးကိုပေး၍ တိုက်တွန်းသွေးဆောင် လော့။

ဟေဗြဲသြဝါဒစာ အခန်းကြီး ၄ (Heb 4:12);

၁၂ ဘုရားသခင်၏ နှုတ်ကပတ်တရား တော်သည် အသက်ရှင် ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း၊  အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်ခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံ အစည်များကိုလည်း သိမြင်တတ်၏။


ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၈(Luke 18:1-8 );

၁ လူတို့သည် အားမလျော့ဘဲ ကြိုးစား၍ ဆုတောင်းရမည်အကြောင်းကို ဥပမာစကားအားဖြင့် မိန့်တော် မူသည်ကား၊
၂ မြို့တမြို့၌ ဘုရားသခင်ကို မကြောက်ရွံ့၊ လူကိုအားမနာတတ်သော တရားသူကြီးတယောက်ရှိ၏။
၃ ထိုမြို့၌နေသော မုတ်ဆိုးမတယောက်သည် တရားသူကြီးထံသို့သွား၍၊ ကျွန်မရန်ဘက်ကို လက်စားချေလောက် အောင် အပြစ်အလျောက် ဒဏ်စီရင်ပါဟု တောင်းပန်သော်လည်း၊
၎ တရားမစီရင်ဘဲ ကြာမြင့်စွာနေ၏။ ထိုနောက် တရားသူကြီးက၊ ငါသည် ဘုရားသခင်ကိုမကြောက်ရွံ့၊ လူကိုအားမနာတတ်သောသူဖြစ်သော်လည်း၊
၅ ဤမုတ်ဆိုးမ သည် ငါ့ကိုနှောင့်ရှက်သောကြောင့် သူ့ဘက်၌ တရားစီရင်မည်။ သို့မဟုတ် အစဉ်လာ၍ ငါ့ကိုပင်ပန်းစေလိမ့်မည် ဟု စိတ်ထဲ၌အကြံရှိ၏။
၆ မတရားသော ထိုတရားသူကြီး၏အကြံကို မှတ်ကြလော့။
၇ ဘုရားသခင်ရွေးကောက် တော်မူသောသူတို့သည် ညဥ့်နေ့မပြတ် အော်ဟစ်၍တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော။ ကြာမြင့်စွာသည်းခံတော်မူမည်လော။
၈ ငါဆိုသည်ကား၊ သူတို့ဘက်၌ အလျင်အမြန် တရားစီရင်တော်မူမည်။ သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီး ပေါ်မှာတွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ၏။