Mon the 13th: Dan 9:4-10; Ps 78:8-13; Luke 6:36-38
ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၉ (Dan 9:4-10);
၎ ထိုသို့အပြစ်ကို ဘော်ပြတောင်းပန်၍ ငါကိုးကွယ်သောဘုရားသခင် ထာဝရဘုရားထံ ငါပြုသော ပဌနာဟူမူကား၊ ကိုယ်တော်ကို ချစ်၍ ပညာတော်တို့ကို စောင့်သောသူတို့အား သစ္စာမပျက်၊ ကရုဏာတရားကိုစောင့်တော်မူထသော၊ အလွန်ကြီးမြတ်၍ ကြောက်ရွံ့ဘွယ်ဖြစ်တော်မူသော အရှင်ဘုရားသခင်၊
၅ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ ဒုစရိုက်ကို ပြုမိပါပြီ။ မတရားသဖြင့် ကျင့်မိပါပြီ။ ပုန်ကန်မိပါပြီ။ စီရင်ထုံးဖွဲ့တော်မူသော တရားလမ်းမှ လွှဲမိပါပြီ။
၆ အကျွန်ုပ်တို့၏ ရှင်ဘုရင်၊ မင်းသားအသက်ကြီးသူမှစ၍ ပြည်သူပြည်သားအပေါင်းတို့အား ကိုယ်တော်၏အခွင့်နှင့် ဟောပြောသော ကိုယ်တော်၏ကျွန် ပရောဖက်တို့မှ စကားများကို အကျွန်ုပ်တို့သည် နားမထောင်ဘဲ နေကြပါပြီ။
၇ အိုဘုရားရှင်၊ ကိုယ်တော်သည်တရားနှင့်ဆိုင်တော်မူ၏။ ကိုယ်တော်ကိုပြစ်မှားသောအပြစ်ကြောင့် နှင်ထုတ်တော်မူ၍၊ နီးသောပြည်၊ ဝေးသောပြည်၊ အရပ်ရပ်တို့၌ နေရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သားမှစ၍ ဣသရေလလူအပေါင်းတည်းဟူသော အကျွန်ုပ်တို့သည် ယနေ့၌ ရှိသည်အတိုင်း၊ မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြပါ၏။
၈ အိုဘုရားရှင်၊ ကိုယ်တော်ကိုပြစ်မှားသောကြောင့်၊ အကျွန်ုပ်တို့၏ ရှင်ဘုရင်၊ မင်းသား၊ အသက်ကြီးသူမှစ၍ အကျွန်ုပ်တို့သည် မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြပါ၏။
၉ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပုန်ကန်သော်လည်း၊ အကျွန်ုပ်တို့အရှင်ဘုရားသခင်သည် ကရုဏာကိုပြခြင်း၊ အပြစ်ကိုဖြေရှင်းခြင်းအခွင့်နှင့် ဆိုင်တော်မူ၏။
၁၀ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ကျွန်တော်ရင်း၊ ပရောဖက်တို့ဖြင့် အကျွန်ုပ်တို့၌ ထားတော်မူသော ပညတ်တရား တော်လမ်းသို့ လိုက်ခြင်းငှါ၊ ဗျာဒိတ်တော်အသံကို အကျွန်ုပ်တို့သည် နားမထောင်ဘဲနေကြပါပြီ။
ဆာလံကျမ်း အခန်းကြီး ၇၈ (Ps 78:8-13);
၆-၇ သဘော မဖြောင့်၊ ဘုရားသခင်၌ စိတ်ဝိညာဉ်အမြဲ မဆည်းကပ်သောအမျိုး၊ ငြင်းဆန်၍ ပုန်ကန်တတ်သော အမျိုးတည်းဟူသော ဘိုးဘေးတို့ကဲ့သို့ သားမြေးတို့သည်မဖြစ်၊ ဘုရားသခင်၏ အမှုတော်တို့ကိုမမေ့၊ ဘုရားသခင်ကို ယုံကြည်ကိုးစား၍၊ ပညတ်တော်တို့ကို စောင့်စေခြင်းငှာ၊ ထိုတရားတို့ကို ဘိုးဘေးတို့သည် သားတို့အားပြသ၍၊ ဖြစ်လတံ့သော အမျိုးတည်းဟူသော၊ ဘွားမြင်လတံ့သော သားတို့သည် သိနားလည်၍၊ နောက်တဖန် မြေးမြစ်တို့အား ပြသကြမည်အ ကြောင်း ပညတ်ထားတော်မူပြီ။
၉ ဧဖရိမ်အမျိုးသားတို့သည် လေးလက်နက်ကို စွဲကိုင်သော်လည်း၊ စစ်တိုက်သောအခါ နောက်သို့ လှည့်ကြပါသည်တကား။
၁၀ ဘုရားသခင်၏ သစ္စာတော်ကိုမစောင့်။ တရားတော်လမ်း၌ သွားခြင်းငှာ အလိုမရှိကြ။
၁၁ အမှုတော်တို့ကို၎င်း၊ ပြတော်မူသော အံ့သြဘွယ်တို့ကို၎င်း မေ့လျော့ကြ၏။
၁၂ အဲဂုတ္တုပြည်၊ ဇောနအရပ်တွင်၊ သူတို့အဘများ မျက်မှောက်၌ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မှု၏။
၁၃ ပင်လယ်ကိုခွဲ၍ သူတို့ကိုလျှောက်သွား စေတော်မူ၏။ ရေများကိုစုပုံ၍ ထားတော်မှု၏
ရှင်လုကာခရစ်ဝင် အခန်းကြီး ၆ (Luke 6:36-38);
၃၆ ထိုဘုရားသည် ကျေးဇူးမသိသောသူ၊ ဆိုးညစ်သောသဘောရှိသူတို့အား ကျေးဇူးပြုတော်မူ၏။ ထိုကြောင့် သင်တို့အဘသည် သနားခြင်းစိတ်ရှိတော်မူသည်နည်းတူ သင်တို့သည်လည်း သနားခြင်းစိတ် ရှိလော့။
၃၇ သူတပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ မပြုလျှင် သင်တို့သည် စစ်ကြော ဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူတပါးကို အပြစ်မစီရင်ကြနှင့်။ မစီရင်လျှင် သင်တို့သည် အပြစ်စီရင်ခြင်းနှင့်ကင်းလွတ် ကြလိမ့်မည်။ သူ့အပြစ်ကိုလွှတ်ကြလော့ လွှတ်လျှင်ကိုယ့်အပြစ်လွတ်လိမ့်မည်။
၃၈ သူတပါးအားပေးကြလော့။ ပေးလျှင်သူတပါးသည် သင်တို့အားပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက် ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။