Sunday, 8 July 2018

08-JULY-2018 (READING -ORD14-YB-C2)

Sun the 8th: Psalter II, Ordinary Time Week 14.
Ezek 2:1-5; Ps 123:1-4; 2 Cor 12:7-10; Mark 6:1-6

ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၂ (Ezek 2:1-5);

၁ ထိုဗျာဒိတ်တော်ရူပါရုံကို ငါမြင်သောအခါ ပြပ်ဝပ်လျက်နေ၏။ တဦးသောသူကလည်း၊ အချင်းလူသား မတ်တပ်နေလော့။ သင့်အား ငါပြောမည်ဟု ငါအား ဆိုသံကို ငါကြား၏။
၂ ထိုသို့ဆိုသောအခါ ဝိညာဉ်တော်သည် ငါ့အထဲသို့ဝင်၍ မတ်တပ်နေစေသဖြင့်၊ ငါနှင့်ပြောသောသူ၏ စကားကို ငါကြားသည်ကား၊
၃ အချင်းလူသား ငါ့ကို ပုန်ကန်တတ်သော အမျိုးတည်းဟူသော၊ ယနေ့တိုင်အောင် ဘိုးဘေးတို့နှင့်တကွ ငါ့ကိုအစဉ်ပုန်ကန်၍ ပြစ်မှားသော ဣသရေလအမျိုးသားတို့ရှိရာသို့သင့်ကို ငါစေလွှတ်မည်။
၎ ရဲသောမျက်နှာနှင့် ခိုင်မာသော နှလုံးရှိသော အမျိုးသား တို့ရှိရာသို့ သင့်ကို ငါစေလွှတ်၍၊ သင်က၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟု သူတို့အား ပြောရမည်၊၊
၅ သူ တို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်၍၊ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ မိမိတို့တွင် ပရောဖက်ရှိ သည်ကို သိရကြမည်။

ဆာလံကျမ်း အခန်းကြီး ၁၂၃ (Ps 123:1-4);

၁ ကောင်းကင်ဘုံ၌ ကျိန်းဝပ်တော်မူသော ဘုရား၊ ကိုယ်တော်ကိုအကျွန်ုပ် မျှော်ကြည့်ပါ၏။
၂ ကျွန်တို့သည် သခင်လက် ကို၎င်း၊ကျွန်မတို့သည် သခင်မလက်ကို၎င်းမျှော်ကြည့်သည်နည်းတူ၊ အကျွန်ုပ်တို့ သည် ကယ်မသနား တော်မူခြင်းကျေးဇူးကို မခံမှီတိုင်အောင်၊ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားကို မျှော်ကြည့်လျှက်နေကြပါ၏။
၃ အိုထာဝရဘုရား၊ကယ်မသနားတော်မူပါ။ အကျွန်ုပ်တို့သည် အလွန်အရှက်ကွဲ ခြင်းကို ခံရပါသည်ဖြစ်၍၊  ကယ်မသနားတော်မူပါ။
၎ မထီမဲ့မြင်ပြုသော သူတို့၏ကဲ့ရဲ့ခြင်းကို၎င်း၊ မာနကြီးသော သူတို့၏ အရှက်ကွဲခြင်းကို၎င်း၊ အကျွန်ုပ်တို့၏ ဝိညာဉ်သည် အလွန်ခံရပါ၏။

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၁၂ (2 Cor 12:7-10);

၇ ငါခံရသော ဗျာဒိတ်တော် အလွန်ထူးမြတ်၍ ငါသည် ထောင်လွှားသောစိတ် မရှိစေခြင်းငှါ၊ ငါ့ကိုဒဏ်ခတ်သော စာတန်၏ တမန်တည်းဟူသော ငါ့ကိုယ်၌ စူးသောဆူးကို ပေးတော်မူ၏။
၈ ထိုဆင်းရဲခြင်းနှင့် ကင်းလွတ်မည်အကြောင်း သုံးကြိမ်မြောက်အောင် သခင်ဘုရားကို ငါဆုတောင်း၍ အသနားခံတော်ခံပြီးလျှင်၊
၉ ငါ့ကျေးဇူးသည် သင့်အဘို့ လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်ဟု မိန့်တော်မူ၏။ ထိုကြောင့် ခရစ်တော်၏ တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါ့ကို၌အားနည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွား ခြင်းငှါ သာ၍ငါအလိုရှိ၏။
၁၀ သို့ဖြစ်၍ ခရစ်တော်ကြောင့် ခံရသောအားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ဆင်းရဲခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်း၊ ကျပ်တည်းစွာသော ဒုက္ခဝေဒနာခံခြင်းတို့ကို ငါနှစ်သက်၏။ အကြောင်းမူကား၊ ငါသည် အားနည်း သောအခါ တန်ခိုးနှင့်ပြည့်စုံလျက်ရှိ၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၆ (Mark 6:1-6);

၁ ထိုအရပ်မှကြွ၍ တပည့်တော်တို့သည် လိုက်ကြသဖြင့် မိမိမြို့သို့ရောက်တော်မူ၏။
၂ ဥပုသ်နေ့ ရောက်လျှင် တရားစရပ်၌ ဆုံးမသြဝါဒပေးတော်မူ၏။ လူများတို့သည် ကြားနာရလျှင် မိန်းမောတွေဝေခြင်းသို့ ရောက်၍၊ ဤသူသည် ဤအရာတို့ကိုအဘယ်မှာရသနည်း။ သူရသောပညာကား အဘယ်ပညာနည်း။ ဤမျှလောက်သော တန်ခိုးများကို အဘယ်သို့ပြနိုင်သနည်း။
၃ သူသည် လက်သမားမဟုတ်လော။ မာရိ၏ သားမဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒ၊ ရှိမုန်တို့၏ အစ်ကိုမဟုတ်လော။ သူ့နှမများသည်လည်း ငါတို့နှင့် အနီးအပါးနေကြသည် မဟုတ်လောဟု ပြောဆိုလျက် စေတနာစိတ်ပျက်ကြ၏။
၎ ယေရှုကလည်း၊ ပရောဖက်သည် မိမိမြို့၊ မိမိအဆွေနေရာ၊ မိမိအိမ်မှတပါး အခြားသောအရပ်၌ အသရေရှိသည်ဟု ထိုသူတို့အားမိန့်တော်မူ၏။
၅ မကျန်းမာသော သူအချို့တို့အပေါ်မှာ လက်တော်ကိုတင်၍ အနာကိုငြိမ်းစေခြင်းမှတပါး အဘယ်တန်ခိုးတော်ကိုမျှ ထိုအရပ်၌ ပြတော်မမူနိုင်။
၆ ထိုသူတို့သည် မယုံကြည်ကြသည်ကို အံ့သြခြင်းရှိတော်မူ၏။ ပတ်လည်၌ရှိသော မြို့ရွာများသို့ ဒေသစာရီလှည့်လည်၍ ဆုံးမသြဝါဒပေးတော်မူ၏။