Tuesday, 10 July 2018

10-JULY-2018 (READING -ORD14-YB-C2)

Tue the 10th: Hos 8:4-13; Ps 115:3-10; John 10:14; Matt 9:32-38

ဟောရှေအနာဂတ္တိကျမ်း အခန်းကြီး ၈ (Hos 8:4-13);

၎ သူတို့သည် ငါ၏အခွင့်မရှိဘဲ ကိုယ်အလိုအလျောက် ရှင်ဘုရင်ကို မြှောက်ကြပြီ။ ငါမသိရဘဲမင်းတို့ကိုခန့်ထားကြပြီ။ ကိုယ်အကျိုးနည်းစေခြင်းငှါ၊ ကိုယ်ရွှေငွေနှင့် ကိုယ်အဘို့ရုပ်တုများကို လုပ်ကြပြီ။
၅ အိုရှမာရိ၊ သင်၏နွားသငယ်ကို စွန့်ပစ်လော့။ ကိုးကွယ်သောသူများကို ငါအမျက်ထွက်၏။ သူတို့သည် အဘယ်မျှကာလပတ်လုံး သန့်ရှင်းခြင်းတရားကို မမှီနိုင်ဘဲ နေရကြလိမ့်မည်နည်း။
၆ ထိုနွားသငယ်သည် ဣသရေလအမျိုးကြံစည်၍ဖြစ်၏။ ဆရာသမားလုပ်သောကြောင့် ဘုရားမဟုတ်။ အကယ်စင်စစ် ရှမာရိနွားသငယ်သည် အပိုင်းပိုင်းကျိုးပဲ့ရလိမ့်မည်။
၇ လေမျိုးစေ့ကိုကြဲ၍ လေဘွေစပါးကို ရိတ်ရကြလိမ့်မည်။ စပါးပင်မရှိရ။ အနှံထဲကမုန့်ညက်မထွက်ရ။ ထွက်သော်လည်း တကျွန်းတနိုင်ငံသားတို့သည် စားကြလိမ့်မည်။
၈ ဣသရေလအမျိုးသည် တိမ်မြုပ်လေပြီ။ အဘယ်သူမျှမနှစ်သက်သော တန်ဆာကဲ့သို့ တပါးအမျိုးသားတို့တွင် ရှိရလိမ့်မည်။
၉ အာရှုရိပြည်သို့ အလိုလိုသွား လေပြီတကား။ ဧဖရိမ်သည် ကိုယ်အဘို့တကောင်တည်းနေသော မြည်းရိုင်းကဲ့သို့ဖြစ်၍၊ ရည်းစားတို့အား ဆုချလေပြီ။
၁၀ တပါးအမျိုးသားတို့အား ဆုချသော်လည်း၊ ချက်ခြင်းလူများကို ငါစုဝေးစေမည်။ မကြာမမြင့်မှီ ရှင်ဘုရင်နှင့် မင်းများ တင်သောဝန်ကိုပင်ပန်းစွာ ထမ်းရကြလိမ့်မည်။
၁၁ ဧဖရိမ်သည် များစွာသော ယဇ်ပလ္လင်တို့ကို အပြစ်အဘို့ လုပ်သောကြောင့်၊ ယဇ်ပလ္လင်တို့ကို သူ၏အပြစ်ဟူ၍ မှတ်ရလိမ့်မည်။
၁၂ ငါ့တရား၏ ထူးဆန်သောအရာတို့ကို သူ့အဘို့ငါရေးထားပြီ။ သို့သော်လည်း၊ ရိုင်းသောအရာ ဟူ၍ သူသည်မှတ်လေပြီတကား။
၁၃ ငါနှင့်ဆိုင်သော ပူဇော်သက္ကာတို့ကို ယဇ်ပူဇော်သောသူတို့သည် ပူဇော်၍ ကိုယ်တိုင်စားကြ၏။ ထာဝရဘုရားသည် သူတို့ကိုလက်ခံတော်မမူ။ သူတို့အပြစ်များကို ချက်ခြင်းအောက်မေ့၍ စစ်ကြောတော်မူသော အားဖြင့်၊ သူတို့သည် အဲဂုတ္တုပြည်သို့ ပြန်သွားသွားရကြလိမ့်မည်။

ဆာလံကျမ်း အခန်းကြီး ၁၁၅ (Ps 115:3-10);

၃ ငါတို့၏ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော် မူ၏၊၊ အလိုတော်ရှိသမျှအတိုင်း ပြုတော်မူ၏၊၊
၎ သူတို့၏ ရုပ်တုများမူကား ငွေလည်းဖြစ်၏၊၊ ရွှေလည်းဖြစ်၏၊၊ လူလက်ဖြင့် လုပ်သော အရာပေတည်း၊၊
၅ ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကား မပြောတတ်၊၊ မျက်စိရှိ၍ မမြင်တတ်၊၊
၆ နားရှိ၍ မကြားတတ်၊၊ နှာခေါင်းရှိ၍ မနမ်းတတ်၊၊
၇ လက်ရှိ၍ မကိုင်တတ်၊၊ ခြေရှိ၍ မသွားတတ်၊၊ သူတို့ လည်ချောင်းဖြင့် အသံမပြုတတ်ပါတကား၊၊
၈ လုပ်သောသူတို့လည်း အတူတူ၊ ကိုးစားသောသူအပေါင်းတို့လည်း အတူတူပါတကား။
၉ အိုဣသရေလအမျိုး၊ ထာဝရဘုရားကို ကိုးစားလော၊၊ ထာဝရဘုရားသည် ဣသရေလအမျိုးကို မစသောသူ ကွယ်ကာသော သူဖြစ်တော်မူ၏၊၊
၁၀ အိုအာရုန်အမျိုးအနွယ် ထာဝရဘုရားကို ကိုးစားလော့၊၊ ထာဝရဘုရားသည် အာရုန်အမျိုးအနွယ်ကို မစသောသူ၊ ကွယ်ကာသောသူဖြစ်တော်မူ၏၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၀ (John 10:14);

၁၄ ငါသည် ကောင်းသော သိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကိုသိသကဲ့သို့ ငါ၏သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၉ (Matt 9:32-38);

၃၂ ထိုသူတို့သည် ထွက်သွားကြသည်နောက်၊ နတ်ဆိုးစွဲသောလူအတယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြ၏။
၃၃ နတ်ဆိုးကို နှင်ထုတ်တော်မူပြီးမှ ထိုအသောသူသည် စကားပြော၏။ လူအစုအဝေးတို့သည် လည်းအံ့သြ၍၊ ဣသရေလအမျိုး၌ ဤကဲ့သို့မမြင်ရစဖူးဟုပြောဆိုကြ၏။
၃၄ ဖာရိရှဲတို့ကလည်း၊ နတ်ဆိုးအကြီးကို အမှီ ပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဟုပြောဆိုကြ၏။
၃၅ ယေရှုသည် တရားစရပ်တို့၌ ဆုံးမသြဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူများခံရသောအနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ မြို့ရွာရှိသမျှတို့ကို ဒေသစာရီ လှည့်လည်တော်မူ၏။ လူအစုအဝေးတို့ကိုမြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။
၃၆ အကြောင်းမူကား၊ ထိုသူတို့သည်ပင်ပန်းသည် ဖြစ်၍ ထိန်းသူမရှိဘဲပစ်ထားသောသိုးကဲ့သို့ဖြစ်ကြ၏။
၃၇ ထိုအခါ ကိုယ်တော်က၊ စပါးရိတ်စရာများစွာရှိ၏။ ရိတ်သော သူတို့သည် နည်းကြ၏။ ၃၈ ထို့ကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှါ စေလွှတ်တော်မူမည်အကြောင်း၊ စပါးရှင်ကို ဆုတောင်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူ၏။