Saturday, 28 July 2018

28-JULY-2018 (READING -ORD16-YB-C2)

Sat the 28th: Jer 7:1-11; Ps 84:3-11; James 1:21; Matt 13:24-30

ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၇ (Jer 7:1-11);

၁ ထာဝရဘုရား၏ အထံတော်က နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာ၍၊ သင်သည် ဗိမာန်တော် တံခါးဝ၌ ရပ်လျက် ကြွေးကြော်ရမည်စကားဟူမူကား၊
၂ ထာဝရဘုရားကို ကိုးကွယ်ခြင်းငှါ၊ ဤတံခါးတို့အတွင်းသို့ ဝင်သော ယုဒအမျိုးသားအပေါင်းတို့၊ ထာဝရဘုရား၏ နှုတ်ကပါတ်တော်ကို နားထောင်ကြလော့။
၃ ဣသရေလ အမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ဘာသာဓလေ့နှင့် သင်တို့အကျင့်များကို ပြုပြင်ကြလော့။ သို့ပြုလျှင် သင်တို့ကို ဤအရပ်၌ငါနေစေမည်။
၎ ဤသည်ကား၊ ထာဝရဘုရား ၏ဗိမာန်တော်၊ ထာဝရဘုရား၏ဗိမာန်တော်၊ ထာဝရဘုရား၏ဗိမာန်တော် ဖြစ်သတည်းဟု မုသာစကားကို ပြောသောသူတို့၌ မမှီဝဲကြနှင့်။
၅ သင်တို့ဘာသာဓလေ့နှင့် သင်တို့အကျင့်များကို စုံလင်စွာပြုပြင်လျှင်င်း၊ အမှုသည် ချင်းတို့ကို သေချာစွာတရားသဖြင့် စီရင်လျှင်၎င်း၊
၆ ဧည့်သည်အာဂန္တု၊ မိဘမရှိသောသူငယ်၊ မုတ်ဆိုးမကိုမညှဉ်းဆဲ၊ အပြစ်မရှိသောသူ၏အသက်ကို ဤအရပ်၌မသတ်၊ ကိုယ်အကျိုးကိုဖျက်၍ အခြားတပါးသောဘုရားတို့ကို မချဉ်း ကပ်ဘဲနေလျှင်၎င်း၊
၇ သင်တို့ဘိုးဘေးတို့အား၊ ငါသည် အစဉ်မပြတ်ပေးသောပြည်တည်း ဟူသော ဤအရပ်ဌာန၌ သင်တို့ကိုငါနေစေမည်။
၈ အကျိုးမရှိဘဲ မုသာစကားကို ပြောသောသူတို့၌ သင်တို့သည် ခိုလှုံကြ၏။
၉ သင်တို့သည် သူ့ဥစ္စာကိုခိုးလျက်၊ လူအသက်ကိုသတ်လျက်၊ သူ့မယားကိုပြစ်မှားလျက်၊ မဟုတ်မမှန်ဘဲကျိန်ဆိုလျက်၊ ဗာလဘုရား ရှေ့၌ နံ့သာပေါင်းကိုမီးရှို့လျက်၊ ကိုယ်မသိဘူးသော အခြားတပါးသောဘုရားတို့နောက်သို့ လိုက်လျက်နှင့်၊
၁၀ ငါ၏ နာမဖြင့်သမုတ်သော ဤအိမ်တော်၌၊ ငါ့ရှေ့မှာဝင်၍ရပ်လျက်၊ ဤရွံရှာဘွယ်သော အမှုအလုံးစုံတို့ကို ပြုသောကြောင့်၊ အကျွန်ုပ်တို့သည် ကယ်နှုတ်တော်မူခြင်း ကျေးဇူးတော်ကို ခံရပါပြီဟု လျှောက်ရကြမည်လော။
၁၁ ငါ၏နာမဖြင့် သမုတ်သော ဤအိမ်တော်ကို၊ သင်တို့သည် ထားပြတွင်းကဲ့သို့ ထင်ကြသလော။ ဤအမှုကို ငါ့ကိုယ်တိုင်မြင်ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။

ဆာလံကျမ်း အခန်းကြီး ၈၄ (Ps 84:3-11);

၃ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ ဘုရားသခင်၊ အကယ်စင်စစ်ယစ် ပလ္လင်တော်တို့ အနားမှာ စာငှက်သည် နေရာအရပ်ကို၎င်း၊ ဇရက်သည်လည်း သားငယ်မွေးစရာ အသိုက်ကို၎င်း တွေ့ရပါ၏။
၎ အိမ်တော်၌ နေသောသူတို့သည် မင်္ဂလာရှိပါ၏။ ကိုယ်တော်ကို အစဉ်ချီးမွမ်းကြပါလိမ့်မည်။
၅ ကိုယ်တော်ကို အားပြုသောသူသည် မင်္ဂလာရှိပါ၏။ ထိုသို့သောသူတို့သည် လမ်းခရီးတော်တို့ကို နှလုံး သွင်းတတ်ကြပါ၏။
၆ သူတို့သည် ဗာကာလွင်ပြင်၌ ရှောက်သွားစဉ်၊ ထိုလွင်ပြင်ကို စမ်းရေထွက်ရာအရပ် ဖြစ်စေကြပါ၏။ အရင်မိုဃ်းရေလည်း မင်္ဂလာများနှင့် လွှမ်းစေပါ၏။
၇ သူတို့သည် အားတိုးတက်၍ ခရီးသွားလျက်၊ ဇိအုန်မြို့မှာ ဘုရားသခင်ထံတော်၌ မျက်နှာပြကြပါ၏။
၈ ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား၊ အကျွနုပ်၏ ပဌာနာစကားကို မှတ်တော် မူပါ။ ယာကုပ်အမျိုး၏ ဘုရားသခင်၊ နားထောင်တော်မူပါ။
၉ အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသောဘုရား၊ ကြည့်ရှုတော်မူပါ။ အထံတော်၌ ဘိသိက်ခံသော်သူ၏ မျက်နှာကို ထောက်ရှုတော်မူပါ။
၁၀ တန်တိုင်းတော်တို့အတွင်း၌ နေသော တရက်သည် အခြားအရပ်၌နေသော အရက်တထောင်ထက်သာ၍ ကောင်းပါ၏။ မတရားသောသူ၏ နေရာ၌နေရ သော အခွင့်ထက်၊ အကျွန်ုပ်၏ ဘုရားသခင်အိမ်တော်၌ တံခါးစောင့်အရာကို အကျွန်ုပ်သာ၍ နှစ်သက်ပါ၏။
၁၁ ထာဝရအရှင်ဘုရားသခင်သည် နေလည်းဖြစ်တော်မူ၏။ အကွယ်အကာလည်း ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့် ဘုန်းအသရေကို ပေးတော်မူ၏။ ဖြောင့်မတ်စွာကျင့်သောသူတို့အား ကောင်းသောအရာကို ငြင်းတော်မမူ။
၁၂ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ကိုယ်တော်၌ ခိုလှုံသောသူသည် မင်္ဂလာရှိပါ၏။

ရှင်ယာကုပ်သြဝါဒစာ အခန်းကြီး ၁ (James 1:21);

၂၁ ထိုကြောင့်၊ ခပ်သိမ်းသောညစ်ညှုးခြင်း၊ မနာလိုသောစိတ်လွန်ကျူး ခြင်းကို ပယ်ရှား၍၊ သင်တို့စိတ်ဝိညာဉ် ကိုကယ်တင်နိုင်သော၊ အထဲ၌စိုက်ပျိုးသော နှုတ်ကပတ်တရားကို နူးညံ့သိမ်မွေ့သောစိတ်နှင့် ခံယူကြလော့။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၃ (Matt 13:24-30);

၂၄ အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုးစေ့ကို လယ်၌ကြဲသောသူနှင့်တူ၏။
၂၅ လူတို့သည် အိပ်ပျော်သောအခါ သူ၏ရန်သူသည် လာ၍၊ ကောင်းသောစပါးနှင့် လက္ခဏာတူသော တောမျိုးစေ့ကို စပါးအထဲ၌ ကြဲ၍သွားလေ၏။
၂၆ အပင်ပေါက်၍ အသီးအနှံထွက်သောအခါ၊ တောပင်များလည်းထင်ရှားလျှင်၊
၂၇ ကျွန်တို့သည် အိမ်ရှင်ထံသို့သွား၍ သခင်၊ ကောင်းသောမျိုးစေ့ကို လယ်၌ ကြဲတော်မူသည်မဟုတ်လော။ တောပင်တို့သည် အဘယ်ကဖြစ်သနည်းဟု လျှောက်ကြလျှင်၊
၂၈ အိမ်ရှင်က၊ ဤအမှု ကား ရန်သူပြုသောအမှုတည်းဟု ဆို၏။ အကျွန်ုပ်တို့သည်သွား၍တောပင်တို့ကို ရွေးနှုတ်စေခြင်းငှာ အလိုတော် ရှိသလော ဟု လျှောက်ကြလျှင်၊
၂၉ အိမ်ရှင်က ထိုသို့ငါအလိုမရှိ။ တောပင်တို့ကို ရွေးနှုတ်လျှင် စပါးပင်တို့ကိုရောနှော၍ နှုတ်မိမည်စိုးရိမ်စရာအကြောင်းရှိ၏။
၃၀ စပါးရိတ်သည်ကာလတိုင်အောင် အပင်နှစ်မျိုးတို့သည် အတူကြီး ပွားပါလေစေ။ စပါးရိတ်သည်ကာလရောက်လျှင်၊ တောပင်တို့ကိုရှေ့ဦးစွာ ရွေးနှုတ်၍မီးရှို့ခြင်းငှါစည်းနှောင်ကြ လော့။ စပါးကိုကား ကျီ၌စုသိမ်းသွင်းထားကြလော့ဟု ရိတ်သောသူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆိုသည် ဟု မိန့်တော်မူ၏။