ယောဘဝတ္တု အခန်းကြီး ၃၈ (Job 38:1-21, 40:3-5);
၁ ထိုအခါ ထာဝရဘုရားသည် ယောဘစကားကိုလှန်ပြန်၍ မိုဃ်းသက်မုန်းတိုင်းထဲက မိန့်တော်မူသည်ကား၊
၂ ပညာမရှိဘဲ စကားပြောကာမျှနှင့် ငါ့အကြံကိုမိုက်စေသော ဤသူကား အဘယ် သူနည်း။
၃ လူယောက်ျား ကဲ့သို့သင့်ခါးကို စီးလော့၊၊
၎ ငါ့မေးမြန်းသောပြဿနာတို့ကို ဖြေလော့၊၊ မြေကြီးအမြစ်ကို ငါတည်သောအခါ၊ သင်သည် အဘယ်မှာ ရှိသနည်း၊၊ နားလည်လျှင် ဘော်ပြလော့၊၊
၅ မြေကြီးအတိုင်း အရှည်ပမာဏကို အဘယ်သူစီရင်သနည်း၊၊ နားလည်လျှင် ပြောလော့၊၊ မျဉ်းကြိုးကို အဘယ်သူတန်း၍ ချသနည်း၊၊
၆ မြေကြီးတိုက်မြစ်ကို အဘယ်အရပ်၌ စွဲစေသနည်း၊၊
၇ နံနက် ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍ ဘုရားသခင်သား အပေါင်းတို့သည် ဝမ်းမြောက်သဖြင့် ကြွေးကြော်ကြစဉ်၊ တိုက်ထောင့်အထွဋိကျောက်ကို အဘယ်သူ တင်ထားသနည်း၊၊
၈ သမုဒ္ဒရာသည် အမိဝမ်းထဲကဘွား၍ ထွက်လာသောအခါ အဘယ်သူသည် တံခါးပိတ်နှင့် ပိတ်ထားသနည်း၊၊
၉ သမုဒ္ဒရာကို မိုဃ်းတိမ်နှင့် ငါခြုံ၍ ထူထပ်သောမှောင် မိုက်နှင့် ထုပ်ရစ်သည်ကာလ၌င်း၊
၁၀ သင်သည် ဤအရပ်တိုင်အောင် လာရ၏။
၁၁ တိုး၍မလွန်ရ ဤအရပ်၌ သင်၏ ထောင်လွှားသော လှိုင်းတံပိုးဆုံးရ၏ဟု ပညတ်လျက်၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့် ကန့်လန့်ကျင် တို့ကို ထားသည်ကာလ၌င်း၊ အဘယ်သူသည် ဝိုင်း၍ ကူညီသနည်း၊၊
၁၂ သင်သည် တသက်လုံးတွင် တခါမျှ နံနက်ကို မှာထားဘူးသလော၊၊ မိုဃ်းသောက်လင်းကို နေရာချဘူးသလော၊၊
၁၃ နံနက်အလင်းသည် မြေကြီးစွန်းကို ကိုင်လျက်၊ လူဆိုးတို့ကိုခါ၍ ပစ်စေခြင်းငှါ စီရင်ဘူးသလော၊၊
၁၄ မြေကြီးသည် တံဆိပ်ခတ် သကဲ့သို့ပုံပေါ်၍ အဝတ်တန်ဆာဆင် သကဲ့သို့ရှိ၏၊၊
၁၅ လူဆိုးတို့၏ အလင်းသည် ကွယ်၍ ချီကြွသော လက်လည်း ကျိုးတတ်၏၊၊
၁၆ သင်သည် သမုဒ္ဒရာ စမ်းရေပေါက်ထဲသို့ ဝင်ဘူးသလော၊၊ နက်နဲသောအောက်ဆုံးအရပ်၌ လှည့်လည်ဘူးသလော၊၊
၁၇ သေခြင်းတံခါးတို့ကို သင့်အား ဖွင့်ဘူးသလော၊၊ သေမင်းအရိပ်ထဲသို့ ဝင်သော လမ်းဝတို့ကို မြင်ဘူးသလော၊၊
၁၈ မြေကြီးမျက်နှာတပြင်လုံးကို ကြည့်ရှုဘူးသလော၊၊ အလုံးစုံကို သိမြင်လျှင် ဘော်ပြ လော့။
၁၉ အလင်းနေရာသို့ အဘယ်မည်သောလမ်းဖြင့် ရောက်ရ သနည်း။ မှောင်မိုက်နေရာလည်း အဘယ်မှာရှိသ နည်း။
၂၀ အကယ်စင်စစ်သင်သည် အလင်းအမိုက်အပိုင်းအခြားသို့ ငါတို့ကို ပို့ဆောင်နိုင်၏၊၊ သူတို့နေရာ အိမ်သို့ ရောက်သောလမ်းတို့ကို သိလိမ့်မည်၊၊
၂၁ သင်သည် ရှေးကာလ၌ ဘွားမြင်၍ အလွန်အသက်ကြီးသောကြောင့် သိလိမ့်မည်၊၊
၃ ယောဘက အကျွန်ုပ် သည် ဆိုးယုတ်ပါ၏၊၊
၎ ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း၊၊ အကျွန်ုပ်သည် ကိုယ်နှုတ် ကို ကိုယ်လက်နှင့် ပိတ်ပါမည်၊၊
၅ တကြိမ်ပြောမိပါမည်၊၊ တဖန်မပြောဝံပါ၊၊ နှစ်ကြိမ်တိုင်အောင် ပြောမိပါပြီ၊၊ သို့ရာတွင် ထပ်၍ မပြောဝံ့ပါဟု ထာဝရဘုရားအား ပြန်၍ လျှောက်လေ၏၊၊
ဆာလံကျမ်း အခန်းကြီး ၁၃၉ (Ps 139:1-14);
၁ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ကြော၍ သိတော်မူ၏။
၂ အကျွန်ုပ်ထိုင်ခြင်း၊ ထခြင်းအရာတို့ကို သိတော်မူ၏။ အကျွန်ုပ် အကြံအစီတို့ကို အဝေးကပင် နားလည်တော်မူ၏။
၃ အကျွန်ုပ်သွားသော လမ်းကို၎င်း၊ အိပ်ရာကို၎င်း စစ်ဆေး၍၊ အကျွန်ုပ်ကျင့်သော အကျင့်အလုံးစုံတို့ကို ကျွမ်းတော်မူ၏။ ၄ အကျွန်ုပ်သည် စကားတစ်ခွန်းကိုမျှ မမြွက်သော်လည်း၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကြွင်းမဲ့ သိတော်မူ၏။ ၅ ကိုယ်တော်သည် အကျွန်ုပ်ကို ပတ်လည်ဝိုင်းထား၍၊ အကျွန်ုပ်အပေါ်မှာ လက်တော်ကို တင်တော်မူပြီ။ ၆ ထိုသို့သာ ဥာဏ်သည် အံ့ဘွယ်ဖြစ်၍၊ အကျွန်ုပ်မတတ်နိုင်ပါ။ မြင့်မြတ်သည်ဖြစ်၍ အကျွန်ုပ်မမှီနိုင်ပါ။ ၇ ဝိညာဉ်တော်နှင့် လွတ်ခြင်းအလို့ငှာ အဘယ်အရပ်သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော်နှင့် လွတ်ခြင်းအလို့ငှာ အဘယ်အရပ်သို့ ပြေးနိုင်ပါမည်နည်း။
၈ ကောင်းကင် သို့ တက်လျှင် ကိုယ်တော်ရှိတော်မူ၏။ မရဏနိုင်ငံ၌ အိပ်ရာကိုခင်းလျှင် ကိုယ်တော် ရှိတော်မူ၏။
၉ နံနက် အတောင်တို့ကို ယူ၍ သမုဒ္ဒရာစွန်း၌နေလျှင်၊
၁၀ ထိုအရပ်၌ပင် ကိုယ်တော်၏ လက်သည် အကျွန်ုပ်ကို ပို့ဆောင်လျက်၊ လက်ျာလက်တော်သည် ကိုင်လျက်ရှိပါလိမ့်မည်။
၁၁ အကယ်၍ မှောက်မိုက်သည် ငါကိုဖုံးလွှမ်းမည်ဟု တဖန်ဆိုလျှင်၊ ညဥ့်သည်လည်း အကျွန်ုပ်ပတ်ဝန်းကျင်၌ အလင်းဖြစ်ပါလိမ့်မည်။
၁၂ အကယ်စင်စစ် မှောင်မိုက်သည် ရှေ့တော်၌ အဘယ်အရာကိုမျှ မဖုံးနိုင်ပါ။ ညဥ့်သည် နေ့ကဲ့သို့ လင်းပါ၏။ မှောင်မိုက်သဘောနှင့် အလင်းသဘောသည် တူပါ၏။၁၃ ကိုယ်တော်သည် အကျွန်ုပ်၏ ကျောက်ကပ်ကို ဖန်ဆင်း၍၊ အမိဝမ်းထဲမှာ အကျွန်ုပ်ကို ဖုံးအုပ်တော်မူပြီ။
၁၄ အကျွန်ုပ်သည် ကြောက်မက်ဘွယ်သော လက္ခဏာ၊ ထူးဆန်းသော လက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍၊ ကိုယ်တော် ကို ချီးမွမ်းပါမည်။ ပြုပြင်တော်မူသော အမှုတို့သည် အံ့သြဘွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏ စိတ်ဝိညာဉ်သည် အမှန်သိပါ၏။
ဆာလံကျမ်း အခန်းကြီး ၉၅ (Ps 95:8);
၈ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၀ (Luke 10:13-16);
၁၃ အို ခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အိုဗက်ဇဲဒမြို့၊ သင်သည်အမင်္ဂလာရှိ၏။ အကြောင်း မူကား၊ သင်တို့တွင်ပြသောတန်ခိုးကို တုရုမြို့နှင့်ဇိဒုန်မြို့တို့တွင် ပြဘူးလျှင်၊ ထိုမြို့တို့သည်ရှေးကာလ၌ လျှော်တေအဝတ်ကို ဝတ်၍၊ ပြာထဲမှာထိုင်လျက် နောင်တရကြလိမ့်မည်။
၁၄ တရားဆုံးဖြတ်တော်မူသောအခါ သင်တို့သည်တုရုမြို့နှင့် ဇိဒုန်မြို့ထက်သာ၍ ခံရကြလတံ့။
၁၅ အို ကပေရနောင်မြို့၊ သင်သည်မိုဃ်းကောင်း ကင်တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း၊ မရဏာနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကိုခံရလတံ့။
၁၆ သင်တို့၏စကားကိုနားထောင်သောသူသည် ငါ့စကားကိုနားထောင်၏။ သင်တို့ကိုပယ်သောသူသည် ငါ့ကိုပယ်၏။ ငါ့ကိုပယ်သောသူသည် ငါ့ကိုစေလွှတ်တော် မူသောသူကိုပယ်သည်ဟု မိန့်တော်မူ၏။