Sat the 27th:Eph 4:7-16; Ps 122:1-5; Ezek 33:11; Luke 13:1-9
ဧဖက်သြဝါဒစာ အခန်းကြီး ၄ (Eph 4:7-16);
၇ သို့သော်လည်း ခရစ်တော်သည် ဆုပေးတော်မူသည်အတိုင်း ငါတို့သည် ကျေးဇူးတော်ကို အသီးအသီးကိုယ်စီ ခံရကြပြီ။
၈ ထိုသို့နှင့်အညီ ကျမ်းစာ၌လာသည်ကား၊ မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်၊ များစွာသောသူ တို့ကို ဘမ်းသွားတော်မူ၍၊ လူတို့အား ဆုလပ်များကို ပေးတော်မူသည်ဟု လာသတည်း။
၉ တက်ကြွတော်မူ သည်ဟုဆိုသော်၊ အစစွာမြေကြီးအောက် အရပ်သို့ ဆင်းသက်တော်မူကြောင်းကို ရည်မှတ်၍ဆိုသည် မဟုတ်လော။
၁၀ ဆင်းသက်တော်မူသောသူသည် အခြားသူမဟုတ်၊ အလုံးစုံတို့ကို ပြည့်စုံစေခြင်းငှါ၊ ခပ်သိမ်းသော ကောင်းကင် တို့၏ အထွဋ်ကိုလွန်၍ တက်ကြွတော်မူသောသူ ဖြစ်သတည်း။
၁၁ ခရစ်တော်၏ ကိုယ်တော်ကို တည်ဆောက်၍၊ ဓမ္မဆရာ၏အမှုကို ပြုတတ်မည်အကြောင်း၊
၁၂ သန့်ရှင်းသူ တို့ကို ပြင်ဆင်ခြင်းအလိုငှါ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌၎င်း၊ အချို့တို့ကို ပရောဖက်အရာ၌၎င်း၊ အချို့တို့ကို သာသနာပြုအရာ၌၎င်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာအရာ၌၎င်း၊ ခန့်ထားတော်မူ၏။
၁၃ ငါတို့ ရှိသမျှသည် ယုံကြည်ခြင်းသို့၎င်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့၎င်း၊ တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ ပြည့်စုံခြင်းပမာဏအရပ်တည်းဟူသော ကြီးရင့်သောလူ၏အဖြစ်သို့ ရောက်ကြသည်တိုင်အောင် ဖြစ်သတည်း။
၁၄ အကြောင်းမူကား၊ သူတပါးတို့သည် လူပရိယာယ်နှင့် အပြစ်သို့သွေးဆောင်ခြင်းငှါ လှည့်ဖြားပြော ဆိုသဖြင့်၊ ငါတို့သည်နောက်တဖန် ခပ်သိမ်းသော သြဝါဒလေတိုက်၍ ဖရိုဖရဲလွင့်သွားသော သူငယ်မဖြစ်ဘဲလျက်၊
၁၅ မေတ္တာစိတ်နှင့် သမ္မာတရားကို ဟောပြောသဖြင့်၊ ဦးခေါင်းတည်း ဟူသော ခရစ်တော်မှာ အရာရာတို့၌ ကြီးပွား ကြမည်အကြောင်းတည်း။
၁၆ ထိုဦးခေါင်းမှ၊ အဆစ်အပိုင်းများ တို့သည် အားဖြည့်သဖြင့်၊ တကိုယ်လုံးသည် စေ့စပ် ထုံးဖွဲ့လျက်၊ အသီးအသီးအင်္ဂါများ ကိုယ်ငန်းကိုယ်တာ အတိုင်း ပြုပြင်သည်နှင့်အညီ၊ မိမိကိုယ်ကိုမေတ္တာ၌ တည်ဆောက်ခြင်းငှါ ကြီးပွားစေတတ်၏။
ဆာလံကျမ်း အခန်းကြီး ၁၁၂ (Ps 122:1-5);
၁ ထာဝရဘုရားကို ကြောက်ရွံ့၍၊ ပညက်တော်တို့၌ အလွန်မွေ့လျော်သော သူသည်မင်္ဂလာရှိ၏။
၂ ထိုသူ၏ သားမြေးတို့သည် မြေပေါ်မှာ အားကြီးကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့၏ အမျိုးအနွယ်သည် မင်္ဂလာရှိတတ်၏။
၃ ထိုသူ၏အိမ်၌ စည်းစိမ်ဥစ္စာ ကြွယ်ဝ၍၊ သူ၏ကောင်းကျိုးသည် အစဉ်အမြဲတည်တတ်၏။
၎ သဘောဖြောင့်သော သူတို့အဘို့၊ မှောင်မိုက်ထဲမှာ အလင်းပေါ်ထွန်းတတ်၏။ ထိုသို့သော သူသည် ကျေးဇူးပြုတတ်သော သဘောနှင့် သနားစုံမက်တတ်သော သဘောရှိ၍၊တရားသဖြင့်ပြုတတ်၏။
၅ ဂရုဏာစိတ်ရှိ၍ ချေးငှားတတ်သော သူသည် ကောင်းစားတတ်၏။ တရားဆုံးဖြတ်ရာ ကာလ၌ အောင်ခြင်းသို့ ရောက်လိမ့်မည်။
ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၃၃ (Ezek 33:11);
၁၁ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါအသက်ရှင်သည်အတိုင်း၊ ဆိုးသောသူသည် အသေခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်၊၊ ဆိုးသောသူသည် အသေခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်၊၊ ဆိုးသောလမ်းမှလွဲ၍ အသက်ရှင်ခြင်းအမှုကိုသာငါနှစ်သက်၏၊၊ အိုဣသရေလအမျိုးသးတို့ သင်တို့လိုက်သောလမ်းဆိုးမှလွှဲကြလော့၊ လွှဲ ကြလော့၊ အဘယ်ကြောင့်အသေခံလိုကြသနည်း။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၃ (Luke 13:1-9);
၁ ထိုအခါ လူအချို့တို့သည်လာ၍၊ ပိလတ်မင်းသည် ဂါလိလဲလူအချို့တို့၏ အသွေးကို မိမိတို့ပူဇော်သောယဇ် ကောင်တို့နှင့် ရောနှောကြောင်းကိုလျှောက်ကြလျှင်၊
၂ ယေရှုက၊ ထိုဂါလိလဲလူတို့သည် ထိုသို့ခံရသောကြောင့်၊ အခြားသော ဂါလိလဲလူအပေါင်းတို့ထက်သာ၍ အပြစ်ရှိသည်ဟု ထင်ကြသလော။
၃ သာ၍အပြစ်ရှိသည်မဟုတ်။ သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ဟု ငါဆို၏။
၎ ထိုမှတပါး၊ ရှိလောင်ပြ အိုးလဲ၍ ပိသောသူတကျိပ်ရှစ်ယောက်တို့သည် ယေရုရှလင်မြို့သား အပေါင်းတို့ထက်သာ၍ အပြစ်ရှိသည်ဟု ထင်ကြသလော။
၅ သာ၍အပြစ်ရှိသည်မဟုတ်။ သင်တို့ရှိသမျှ သည်လည်း နောင်တမရလျှင် ပျက်ဆီးခြင်းသို့ ရောက်ကြလိမ့်မည်၊ ငါဆိုသည်ဟု မိန့်တော်မူ၏။
၆ တဖန် ဥပမာကို မိန့်တော်မူသည်ကား၊ လူတယောက်သည် ဥယျာဉ်၌စိုက်သော သင်္ဘောသဖန်းပင် တပင်ရှိ၏။ ထိုအပင်သို့လာ၍ အသီးကိုရှာသော်လည်း မတွေ့။
၇ ထိုအခါ ဥယျာဉ်စောင့်အားလည်း၊ သုံးနှစ်ပတ်လုံး ဤသင်္ဘောသဖန်းပင်သို့ ငါလာ၍ အသီးကိုရှာသော်လည်း မတွေ့မရ။ ခုတ်ပစ်လော့။ အဘယ်ကြောင့်မြေကို နှောက်ယှက်ရသနည်းဟု အမိန့်ရှိသော်၊ ဥယျာဉ်စောင့်က၊ သခင်၊ ယခုနှစ် ရှိပါစေဦး။
၈ အကျွန်ုပ်သည် အပင်နား ပတ်လည်ကို တူးဆွ၍ နောက်ချေးကိုဖို့ပါမည်။
၉ အသီးသီးကောင်းသီးပါ လိမ့်မည်။ သို့မဟုတ် နောက်မှ ခုတ်ပစ်တော်မူပါဟု လျှောက်လေသည်ဟု မိန့်တော်မူ၏။