Sat the 4th: Acts 6:1-7; Ps 33:1-19; John 6:16-21
တမန်တော်ဝတ္ထု အခန်းကြီး ၆ (Acts 6:1-7);
၁ ထိုကာလ၌ တပည့်တော်တို့သည် များပြားသည်ရှိသော်၊ နေ့ရက်အစဉ်အတိုင်း လုပ်ကြွေးသောအခါ ဟေလေနစ်အမျိုး မုဆိုးမတို့ကို မလုပ်မကြွေးဟု ထိုအမျိုးအသားတို့သည် မြည်တမ်း၍ ဟေဗြဲလူတို့ကို အပြစ် တင်ကြ၏။
၂ ထိုအခါ တကျိပ်နှစ်ပါးသောတမန်တော်တို့သည် တပည့်တော်အပေါင်းတို့ကို ခေါ်ပြီးလျှင်၊ ငါတို့ သည်ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ထား၍ စားပွဲ၌လုပ်ကျွေးမှုကို မဆောင်သင့်။
၃ ထိုကြောင့် ညီအစ်ကိုတို့၊ ဝိညာဉ်တော်နှင့်၎င်း၊ ပညာနှင့်၎င်းပြည့်စုံလျက်၊ အသရေရှိသော လူခုနစ်ယောက်တို့ကို သင်တို့ တွင်ရှာကြလော့။ ဤအမှုကို ဆောင်ရွက်စေခြင်းငှါ ထိုသူတို့ကို ငါတို့သည် ခန့်ထားကြမည်။
၎ ငါတို့မူကား ဆုတောင်းပဌနာပြုခြင်း၊ နှုတ်ကပတ်တရားတော်ကို ဟောပြောခြင်းအမှုတို့ကို အမြဲပြု၍နေမည်ဟုဆိုကြ၏။
၅ ထိုစကားကို လူအစုအဝေးအပေါင်းတို့သည် နှစ်သက်ကြသဖြင့်၊ ယုံကြည်ခြင်းနှင့်င်း၊ သန့်ရှင်းသောဝိညာဉ် တော်နှင့် ပြည့်စုံသော သတေဖန်မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေန၊ ယုဒဘာသာဝင်သော အန္တိအုတ်မြို့သား နိကောလတို့ကို ရွေးကောက်၍၊
၆ တမန်တော်တို့ရှေ့၌ ထားကြ၏။ တမန်တော်တို့သည် လည်းဆုတောင်းပြီးလျှင် ထိုသူတို့၏ခေါင်းပေါ်၌ လက်ကိုတင်ကြ၏။
၇ ဘုရားသခင်၏ သာသနာတော်သည် တိုးပွားသဖြင့် ယေရုရှလင်မြို့၌ တပည့်တော်တို့သည် အလွန် ပွားများ၍၊ ယဇ်ပုရောဟိတ်အပေါင်းတို့သည် ယုံကြည်ခြင်းတရားကို နားထောင်ကြ၏။
ဆာလံကျမ်း အခန်းကြီး ၃၃ (Ps 33:1-19);
၁ ဖြောင့်မတ်သောသူတို့ ထာဝရဘုရားကိုအမှီပြု၍ ရွှင်လန်းစွာသီချင်းဆိုကြလော့၊၊ ထောမနာပြုခြင်း အကျင့်သည် သဘောဖြောင့်သောသူတို့နှင့် ထိုက်တန်လျောက်ပတ်ပေ၏၊၊
၂ စောင်းတီး၍ ထာဝရဘုရားကို ချီမွမ်းကြလော့၊၊ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့် ထောမနာသီချင်းဆိုကြလော့၊၊
၃ ရှေ့တော်၌အသစ်သော သီချင်းကို ဆိုကြလော့၊၊ တံပိုးမှုတ်ခြင်းနှင့်တကွ သာယာစွာတီးကြလော့၊၊
၎ အကြောင်းမူကား ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ဖြောင့်မတ်ပေ၏၊၊ စီရင်တော်မူသမျှသော အမှုတို့သည်လည်း သစ္စာတရားနှင့် ညီကြ၏၊၊
၅ ဖြောင့်မတ်စွာ ကျင့်ခြင်း တရားသဖြင့်စီရင်ခြင်းကို နှစ်သက်တော်မူ၏၊၊ ပထဝီမြေကြီးသည် ထာဝရဘုရား၏ ကျေးဇူးတော်နှင့် ပြည့်ဝလျက်ရှိ၏၊၊
၆ ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို၎င်း နှုတ်တော်အသက်အားဖြင့် မိုဃ်း ကောင်းကင်တန်ဆားများကို၎င်း ဖန်ဆင်းတော်မူ၏၊၊
၇ သမုဒ္ဒရာရေကို စုပုံစုဝေးစေတော်မူ၏၊၊ နက်နဲသောသမုဒ္ဒရာ ကိုလည်း လုံခြုံရာအရပ်တို့၌ သိုထားတော်မူ၏၊၊
၈ ထာဝဘုရားကို မြေကြီးတပြင်လုံး ကြောက်ရွံ့စေ၊၊ လောကီနိုင်ငံ သား အပေါင်းတို့သည် ရိုသလေးမြတ်ကြစေ၊၊
၉ အကြောင်းမူကား ထာဝရဘုရားမြွက်ဆို၍ မြွက်ဆိုတော်မူသည်အတိုင်း ဖြစ်၏၊၊ အမိန့်တော်ရှိ၍ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏၊၊
၁၀ ထာဝရဘုရားသည် တပါးအမျိုသားတို့၏ တိုင်ပင်ခြင်းကို ပယ်တော်မူ၏၊၊ လူစုတို့၏ကြံစည်ခြင်း ကိုလည်း ဖျက်ဆီးတော်မူ၏၊၊
၁၁ ထာဝရဘုရား၏ ပြဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍ စိတ်နှလုံးတော်၏ အကြံ အစည်တို့သည် သားစဉ်မြေးဆက် အဆုံးတိုင်အောင် တည်ကြလိမ့်မည်၊၊
၁၂ ထာဝရဘုရားသည် အကြင်အမျိုး၏ ဘုရားဖြစ်၍ အကြင်လူစုကို မိမိအမွေဥစ္စာဘို့ ရွေးကောက်တော်မူ၏၊၊ ထိုအမျိုးနှင့် ထိုလူစုသည် မင်္ဂလာရှိ၏၊၊
၁၃ ထာဝရဘုရားသည်ကောင်းကင်ဘုံကကြည့်ရှု၍ လူသားအပေါင်းတို့ကိုမြင်တော်မူ၏၊၊
၁၄ ကျိန်းဝပ် တော်မူ ရာအရပ်ကကြည့်ရှု၍ မြေကြီးပေါ်မှာနေသော သတ္တဝါအပေါင်းတို့ကို မှတ်တော်မူ၏၊၊
၁၅ သူတို့၏စိတ်နှလုံး ရှိသမျှ တို့ကိုဖန်ဆင်း၍ သူတို့ကျင့်သမျှသောအကျင့်တို့ကိုလည်း ဆင်ခြင်တော်မူ၏၊၊
၁၆ ရှင်ဘုရင်မည်သည်ကား များစွာသော အလုံးအရင်းအားဖြင့် ချမ်းသာမရ၊၊ သူရဲသည်လည်း ခွန်အားကြီးခြင်းအားဖြင့် ကယ်လွှတ်ခြင်းမရောက်၊
၁၇ မြင်းသော် လည်း ဘေးလွှတ်ခြင်းအမှုကို မတတ်နိုင်၊၊ ကြီးစွာသော ခွန်အားဗလနှင့် မကယ်မယူနိုင်၊၊
၁၈ ထာဝရဘုရားကို ကြောက် ရွံ့သောသူတို့နှင့် ကရုဏာတော်ကိုခိုလှုံသောသူတို့သည်၊
၁၉ သေဘေးနှင့် ကင်းလွတ်မည်အကြောင်း အစာခေါင်းပါး သည့်ကာလ၌ အသက်ရှင်မည်အကြောင်း သူတို့ကိုကြည့်ရှု့လျက် ရှိတော်မူ၏၊၊
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၆ (John 6:16-21);
၁၆ ညအချိန်ရောက်သောအခါ တပည့်တော်တို့သည် အိုင်သို့သွား၍ လှေထဲသို့ဝင်ပြီးလျှင်၊ ကပေရနောင် မြို့သို့ ရောက်အံ့သောငှါ အိုင်ကိုကူးကြ၏။
၁၇ ထိုအခါ မှောင်မိုက်ဖြစ်၍ ယေရှုသည် သူတို့ရှိရာသို့မရောက်သေး။
၁၈ လေပြင်းမုန်တိုင်းလာ၍ လှိုင်းတံပိုးထလေ၏။
၁၉ ခရီးတတိုင်ခွဲ နှစ်တိုင်လောက် တက်ခတ်၍ ရောက်သောအခါ၊ ယေရှုသည် အိုင်ပေါ်မှာ စက်တော်ဖြန့်၍ လှေအနီးသို့ချဉ်းတော်မူသည်ကို သူတို့သည်မြင်၍ ကြောက်လန့်ခြင်းရှိကြ၏။
၂၀ ကိုယ်တော်ကလည်း၊ ငါပင်ဖြစ်သည်၊ မကြောက်လန့်ကြနှင့်ဟု မိန့်တော်မူလျှင်၊ လှေထဲသို့ကိုယ်တော်ကို ဝမ်းမြောက်စွာခံယူကြ၏။
၂၁ လှေသည်လည်း ရောက်လိုသော အရပ်သို့ တခဏခြင်းတွင် ဆိုက်လေ၏။