(Memorial of Philip Neri, priest.)
Acts 15:1-29; Ps 67:1-8; Rev 21:10-23; John 14:23-29
တမန်တော်ဝတ္ထု အခန်းကြီး ၁၅(Acts 15:1-29);
၁ ယုဒပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာသောသူအချို့တို့က၊ သင်တို့သည် မောရှေ၏တရားအတိုင်း အရေဖျားလှီးခြင်းကိုမခံလျှင်၊ ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်ဟု ညီအစ်ကိုတို့အား ဆုံးမသြဝါဒပေးကြ၏။
၂ ထိုသူတို့နှင့်ပေါလု၊ ဗာနဗတို့သည် ဆွေးနွှေးငြင်းခုန်ခြင်းများသောအခါ၊ ပေါလုနှင့်ဗာနဗတို့သည် အခြားသော တပည့်တော်အချို့တို့နှင့်တကွ ထိုပြဿနာ၏အကြောင်းကြောင့် ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့နှင့် သင်းအုပ်တို့ထံသို့ သွားရမည်အကြောင်းကို စီရင်ကြ၏။
၃ အသင်းတော်သည် လမ်း၌ပို့သဖြင့်၊ ပေါလုနှင့် ဗာနဗ တို့သည် ဖိနိတ်ပြည်နှင့် ရှမာရိပြည်ကိုရှောက်သွား၍ တပါးအမျိုးသားတို့ ပြောင်းလဲခြင်းအကြောင်းအရာကို ကြားပြောသဖြင့်၊ ညီအစ်ကိုအပေါင်းတို့ကို အလွန်ဝမ်းမြောက်စေကြ၏။
၎ ယေရုရှလင်မြို့သို့ရောက်လျှင်၊ တမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူများတို့တွင် လက်ခံခြင်းကျေးဇူးကိုခံ၍၊ မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြန်ကြားကြ၏။
၅ ဖာရိရှဲစုထဲက ယုံကြည်သောသူအချို့တို့သည် အရေဖျားလှီးခြင်းကို ပေးရမည်။ မောရှေ၏တရားကို ကျင့်စေခြင်းငှါ ဆုံးမရမည်ဟုဆိုကြ၏။
၆ ထိုအခါ တမန်တော်တို့နှင့် သင်းအုပ်တို့သည် ထိုအမှုကိုကြည့်ရှုဆင် ခြင်ခြင်းငှါ စည်းဝေးကြ၏။
၇ များစွာသောဆွေးနွေးငြင်းခုန်ခြင်းရှိသောအခါ ပေတရုသည်ထလျှက်၊ ညီအစ်ကိုတို့၊ ဘုရားသခင်သည် ရှေ့ဦးစွာငါတို့တွင် ရွေးကောက်တော်မူ၍၊ ငါဟောပြောသောအားဖြင့် တပါးအမျိုးသားတို့သည် ဧဝံဂေလိတရား ကိုကြားနာ၍ ယုံကြည်ရမည်အကြောင်း စီရင်တော်မူသည်ကို သင်တို့သိကြ၏။
၈ စိတ်နှလုံးကိုသိတော်မူသော ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အားပေးသည်နည်းတူ သူတို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံတော်မူ၏။
၉ ယုံကြည်ခြင်းအားဖြင့်လည်း သူတို့၏စိတ်နှလုံးကို စင်ကြယ်စေ၍ ငါတို့ကိုခြားနားစေတော်မမူ။
၁၀ သို့ဖြစ်လျှင်၊ ငါတို့နှင့်ငါတို့ဘိုးဘေးများမထမ်းနိုင်သော ထမ်းပိုးကိုတပည့်တော်တို့၏လည်ပင်းပေါ်၌ တင်စေခြင်းငှါ အဘယ်ကြောင့် ဘုရားသခင်ကို စုံစမ်းကြသနည်း။
၁၁ သခင်ယေရှု၏ ကျေးဇူးတော်အားဖြင့်သာ ထိုသူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်သည်နည်းတူ၊ ငါတို့သည်လည်း ရောက်ရမည်ကို ငါတို့သည် ယုံကြ၏ဟု ပေတရုပြောဆို၏။
၁၂ ထိုအခါဗာနဗနှင့်ပေါလုတို့သည် မိမိတို့အားဖြင့် တပါးအမျိုးသားတို့တွင် ဘုရားသခင်ပြုတော်မူသမျှသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ကြားပြောသည်ကို စုဝေးသောသူ အပေါင်းတို့သည် တိတ်ဆိတ်စွာနေ၍ နားထောင်ကြ၏။
၁၃ ထိုသူတို့သည် အကုန်အစင်ပြောဆိုပြီးမှ၊ ယာကုပ်က ညီအစ်ကိုတို့၊ ငါ့စကားကိုနားထောင်ကြလော့။
၁၄ ဘုရားသခင်သည် မိမိနာမအဘို့၊ တပါးအမျိုးသားတို့အထဲက အချို့သောသူတို့ကို နှုတ်ယူခြင်းငှါ၊ ရှေ့ဦးစွာ တပါးအမျိုးသားတို့ကို အကြည့်အရှုကြွလာတော်မူသည် အကြောင်းအရာကို ရှိမုန်သည်ဟောပြောခဲ့ပြီ။
၁၅ ထိုအကြောင်းအရာသည်လည်း ပရောဖက်တို့၏စကားနှင့်ညီ၏။
၁၆ ကျမ်းစာလာသည်ကား၊ ငါ၏နာမဖြင့် သမုတ်သော တပါးအမျိုးသားအပေါင်းတည်းဟူသော ကျန်ကြွင်းရစ်သောသူတို့သည် ထာဝရဘုရားကို ရှာစေ ခြင်းငှါ နောက်မှငါပြန်လာမည်။
၁၇ လဲလျှက်ရှိသော ဒါဝိဒ်၏တဲကို ဆောက်တည်ပြန်မည်။ ပြိုပျက်ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကို မတ်စေပြန်မည်ဟု၊
၁၈ ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရဘုရား၏ ဗျာဒိတ် တော်ရှိ၏ဟု လာသတည်း။ ဘုရားသခင်သည် ကမ္ဘာဦးမှစ၍ မိမိစီရင်တော်မူသမျှသော အမှုအရာတို့ကို သိတော်မူသည်။
၁၉ ထိုကြောင့်၊ တပါးအမျိုးသားတို့အထဲမှ ဘုရားသခင့်ထံတော်သို့ ပြောင်းလဲသောသူတို့ကို မနှောင့် ရှက်ဘဲလျက်၊
၂၀ ရုပ်တုတို့၏ညစ်ညူးရာကို၎င်း၊ မတရားသောမေထုံကို၎င်း၊ လည်ပင်းကိုညှစ်၍သတ်သော အရာကို၎င်း၊ အသွေးကို၎င်း ကြဉ်ရှောင်စေခြင်းငှါ သူတို့ကိုမှာလိုက်သင့်သည်ဟု ငါသဘောရှိ၏။
၂၁ အကြောင်းမူကား မောရှေ၏ပညတ္တိကျမ်းကို တရားစရပ်၌ ဥပုသ်နေ့တိုင်းဘတ်ရွတ်သဖြင့်၊ မောရှေ၏တရားကို ရှေးကာလမှ စ၍ ခပ်သိမ်းသောမြို့တို့၌ ဟောပြောလေ့ရှိသည်ဟု ယာကုပ်ပြောဆို၏။
၂၂ ထိုအခါ တမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူအပေါင်းတို့သည် မိမိတို့အထဲ၌ ရွေးကောက်၍ ညီအစ်ကိုတို့တွင် ထင်ရှားသောသူတည်းဟူသော ဗာရှဗအမည်သစ်ကို ရသောယုဒနှင့်သိလတို့ကို၊ အန္တိအုတ်မြို့သို့ ပေါလု၊ ဗာနဗ တို့နှင့်တကွ စေလွှတ်မည်အကြောင်း သဘောညီညွတ်ကြ၏။
၂၃ သူတို့လက်ဖြင့် ပေးလိုက်သော စာဟူမူကား၊ တမန်တော်၊ သင်းအုပ်၊ ညီအစ်ကိုများတို့သည် အန္တိအုတ်မြို့မှစ၍ ရှုရိပြည်၊ ကိလိကိပြည်တို့၌ရှိနေ၍ တပါးအမျိုးသားဖြစ်သော ညီအစ်ကိုတို့ကို မေတ္တာနှင့်ကြားလိုက်ပါ၏။
၂၄ လူအချို့တို့ သည် ငါတို့အခွင့်မရှိဘဲ ငါတို့ထံမှထွက်သွား၍၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံရမည်၊ ပညတ်တရားကို ကျင့်ရမည်ဟူသော စကားဖြင့်၊ သင်တို့၏စိတ်နှလုံးကို နှောင့်ရှက်ဖျက်ဆီးသည်ကို ငါတို့ကြားရသည်ဖြစ်၍၊
၂၅ ငါတို့သခင် ယေရှုခရစ်၏နာမ တော်ကြောင့် မိမိအသက်ကိုစွန့်စားသောသူတည်းဟူသော၊
၂၆ ငါတို့ချစ်သော ဗာနဗ၊ ပေါလုတို့နှင့်တကွ ရွေးကောက် သောသူတို့ကို သင်တို့ဆီသို့ စေလွှတ်ခြင်းငှါ တညီတညွတ်တည်း စီရင်သည်နှင့်အညီ၊
၂၇ ဤအကြောင်းအရာကို သင်တို့အား နှုတ်ဖြင့်ကြားစေခြင်းငှါ ယုဒနှင့်သိလတို့ကို စေလွှတ် ကြ၏။
၂၈ ရုပ်တုရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို၎င်း၊ အသွေးကို၎င်း၊
၂၉ လည်ပင်းကိုညှစ်၍သတ်သောအရာ ကို၎င်း၊ မတရားသောမေထုံကို၎င်း ကြဉ်ရှောင်ရမည်ဟူသော ပညတ်မှတပါး အခြားသောဝန် သင်တို့၏အပေါ်၌ တင်ခြင်းငှါ သန့်ရှင်းသောဝိညာဉ်တော်နှင့် ငါတို့သည် အလိုမရှိ။ ထိုအရာများကို ကြဉ်ရှောင်အပ်၏။ ကျမ်းမာ ကြပါစေသောဟု ရေး၍ပေးလိုက်သတည်း။
ဆာလံကျမ်း အခန်းကြီး ၆၇ (Ps 67:1-8);
၁ ဘုရားသခင်သည် အကျွန်ုပ်တို့ကို သနားခြင်း ကရုဏာစိတ်တော်ရှိသဖြင့် ကောင်းကြီးပေး၍ မျက်နှာတော် ၏ အလင်းကို လွှတ်တော်မူပါစေသော၊၊
၂ ထိုသို့သော အားဖြင့် မြေကြီးသားတို့သည် အမှုတော်တို့ကိုသိ၍ ခပ်သိမ်းသော လူမျိုးတို့သည် ကယ်တင်တော်မူခြင်း ကျေးဇူးတော်ကို ခံရကြပါစေ သော၊၊
၃ အိုဘုရားသခင်၊ လူများ တို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော၊၊ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။
၎ လူအမျိုးမျိုးတို့သည် ဝမ်းမြောက်၍ ရွှင်လန်းစွာ သီချင်းဆိုကြ ပါစေသော၊၊ အကြောင်းမူကား ကိုယ်တော်သည် လူတို့ကို ဖြောင့်မတ်စွာ တရားစီရင်၍ မြေကြီးပေါ်မှာရှိသော လူမျိုးတို့ကို ချမ်းသာပေးတော်မူမည်၊၊
၅ အိုဘုရားသခင် လူများတို့သည် ကိုယ်တော်ကိ ချီးမွမ်းကြပါစေသော၊၊ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော၊၊
၆ မြေသည် မိမိဘဏ္ဍာကိုပေး၍ ဘုရားသခင်တည်းဟူသော ငါတို့၏ဘုရားသခင်သည် ငါတို့ကို ကောင်းကြီးပေး တော်မူ၏၊၊
၇ ဘုရားသခင်သည် ငါတို့ကို ကောင်းကြီးပေးတော်မူဦးမည်၊၊ ၈ မြေကြီးစွန်း အပေါင်းတို့သည်လည်း ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်၊၊
ဗျာဒိတ်ကျမ်း အခန်းကြီး ၂၁ (Rev 21:10-23);
၁၀ ကြီးမြင့်သော တောင်သို့ဝိညာဉ်တော် အားဖြင့်ငါ့ကို ဆောင်သွား၍ သန့်ရှင်းသောယေရုရှလင်မြို့သည် ဘုရားသခင်၏ ဘုန်းတော်နှင့်ပြည့်စုံလျက်၊ ဘုရားသခင့် အထံတော်၊ ကောင်းကင်ဘုံမှဆင်းသက်သည်ကိုငါ့အားပြလေ၏။
၁၁ ထိုမြို့၏ အရောင်အဝါသည်၊ ကျောက်သလင်းနဂါးသွဲ့ ကဲ့သို့၊ အမြတ်ဆုံးသောကျောက်မျက်မွန်နှင့်တူ၏။
၁၂-၁၃ ကြီးမြင့်သော မြို့ရိုးလည်း ရှိ၏။ အရှေ့ဘက်၌ တံခါးသုံးပေါက်၊ မြောက်ဘက်၌သုံးပေါက်၊ တောင်ဘက်၌သုံးပေါက်၊ အနောက်ဘက်၌ သုံးပေါက်၊ တံခါးတဆယ်နှစ်ပေါက် ရှိ၏၊ ထိုတံခါးတဆယ်နှစ်ပေါက်၌ ကောင်းကင်တမန် တဆယ်နှစ်ပါးရှိ၏၊ ဣသရေလအမျိုးတဆယ်နှစ်မျိုး၏ နာမတို့သည် ထိုတံခါးပေါ်၌ ရေးထားလျက်ရှိ၏။ ၁၄ မြို့ရိုးအမြစ်သည် တဆယ်နှစ်ထပ်ရှိ၏။ သိုးသငယ်၏ တမန်တော်တဆယ်နှစ်ပါး၏ နာမတို့သည် မြို့ရိုးအမြစ်ပေါ်၌ ရေးထား လျက်ရှိကြ၏။
၁၅ ငါနှင့်စကားပြောသောသူသည်၊ မြို့ကို၎င်း၊ တံခါးတို့ကို၎င်း၊ မြို့ရိုးကို၎င်း တိုင်းခြင်းငှါ တိုင်းစရာ ရွှေကျူလုံး ပါ၏။
၁၆ မြို့သည် စတုရန်းလေးထောင့်ဖြစ်၏။ ထိုသူသည် ကျူလုံးနှင့်မြို့ကိုတိုင်း၍ မြို့၏အနံ၊ အလျား၊ အမြင့်၊ ယူဇနာတရာနှစ်စီရှိ၏။
၁၇ မြို့ရိုးထုကိုတိုင်း၍၊ လူအတောင်ကဲ့သို့သော ကောင်းကင်တမန် အတောင်အားဖြင့်၊ တရာလေးဆယ်လေးတောင်ရှိ၏။
၁၈ မြို့ရိုးကိုယ်သည် နဂါးသွဲ့ကျောက်ဖြစ်၏။ မြို့သည် လည်း ကြည်လင်သောဖန်နှင့် တူသောရွှေစင်ဖြစ်၏။
၁၉ မြို့ရိုးအမြစ်တို့သည် ကျောက်မြတ်အမျိုးမျိုးနှင့် ပြည့်စုံကြ၏။ ပထမအမြစ်ကား နဂါးသွဲ့ ဖြစ်၏။ ဒုတိယအမြစ်ကား နီလာ၊ တတိယအမြစ်ကား မဟူရာ၊ စတုတ္ထအမြစ်ကားမြ၊
၂၀ ပဉ္စမအမြစ်ကားကြောင်၊ ဆဌမအမြစ်ကား ကျောက်နီ၊ သတ္တမအမြစ်ကား ခရုသုလိတ်၊ အဌမအမြစ်ကား မျက်ရွဲ၊ နဝမအမြစ်ကား ဥဿဖရား၊ ဒသမအမြစ်ကား ခရုသုပြတ်၊ ဧကဒသမ အမြစ်ကား ဝါကိသု၊ ဒွါဒသမအမြစ်ကား ဂေါ်မုတ်ဖြစ်သတည်း။
၂၁ တံခါးရွက် တဆယ်နှစ်ရွက်အသီးသီး တို့သည် ပုလဲတပြားစီဖြင့်ပြီး၍ ပုလဲတဆယ်နှစ်ပြားဖြစ်ကြ၏။ မြို့လမ်းမသည် ကြည်လင် သောဖန်ကဲ့ သို့သော ရွှေစင်ဖြစ်၏။
၂၂ မြို့ထဲ၌ ဗိမာန်တော်ကို ငါမမြင်။ အကြောင်းမူကား၊ အနန္တတန်ခိုးနှင့် ပြည့်စုံ တော်မူသော ထာဝရအရှင်ဘုရားသခင်နှင့် သိုးသငယ်သည် ထိုမြို့၏ဗိမာန်တော်ဖြစ်တော်မူ၏။
၂၃ ထိုမြို့သည် နေ၏အရောင်၊ လ၏အရောင်ကိုအလိုမရှိ၊ အကြောင်းမူကား၊ ဘုရားသခင်၏ဘုန်တော်သည် ထိုမြို့ကိုလင်း စေ၏။ သိုးသငယ်သည်လည်း ထိုမြို့၏ဆီမီးဖြစ်၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:23-29)
၂၃ ယေရှုကလည်း၊ ငါ့ကိုချစ်သော သူသည် ငါ့စကားကိုနားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကိုချစ်တော်မူသည်။ ငါတို့သည်လည်း သူ့ဆီသို့ကြွ၍ နေရာချမည်။
၂၄ ငါ့ကိုမချစ်သောသူသည် ငါ့စကားကိုနားမထောင်။ သင်တို့ကြားသောစကားသည် ငါ့စကားမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏စကား တော်ဖြစ် ၏။
၂၅ ငါသည် သင်တို့နှင့်အတူ ရှိစဉ် တွင် ဤစကားကိုပြောခဲ့ပြီ။
၂၆ ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္ဈယ်ဆရာတည်း ဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသောစကားတို့ကို မှတ်မိသောဥာဏ်ကို သင်တို့အား ပေးတော်မူမည်။
၂၇ ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်။
၂၈ ငါသည် ယခုသွားသော်လည်း သင်တို့ဆီသို့လာဦးမည်ဟု ငါပြောသောစကားကို သင်တို့ကြား ရကြပြီ။ သင်တို့သည် ငါ့ကိုချစ်လျှင် ခမည်းတော်ထံသို့ ငါသွားမည်ကို ဝမ်းမြောက် ကြလိမ့်မည်။ အကြောင်း မူကား၊ ငါ့ခမည်းတော်သည် ငါ့ထက်သာ၍ ကြီးမြတ်တော်မူ၏။
၂၉ ထိုအမှုအရာရောက် သောအခါ သင်တို့သည် ယုံကြည်စေခြင်းငှါ၊ မရောက်မှီယခုပင် သင်တို့အား ငါပြောနှင့်ပြီ။