Sun the 5th: Psalter III, Easter Week 3.
Acts 5:27-41; Ps 30:1-13; Rev 5:11-14; John 21:1-19
တမန်တော်ဝတ္ထု အခန်းကြီး ၅ (Acts 5:27-41);
၂၇ ထိုသို့ခေါ် ဆောင်ပြီးလျှင်၊ လွှတ်အရာရှိတို့ရှေ့မှာထား၍ ယဇ်ပုရောဟိတ်မင်းက၊
၂၈ ထိုနာမကို အမှီပြု၍ မဆုံးမ မသွန်သင် မည်အကြောင်း ငါတို့သည်သင်တို့အား ကျပ်တည်းစွာစီရင်မှာထားသည်မဟုတ်လော။ ယခုကြည့်ကြ။ ယေရုရှလင်မြို့ကို သင်တို့အယူဝါဒနှင့်ပြည့်စသည်ဖြစ်၍၊ ငါတို့အပေါ်သို့ ထိုသူ၏အသွေးကို ရောက်စေခြင်းငှါ သင်တို့ကြံစည်ပါသည်တကားဟု မေးမြန်းပြောဆိုကြ၏။
၂၉ ပေတရုနှင့်အခြားသောတမန်တော်တို့ကလည်း၊ လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်သင့်ပါ၏။
၃၀ သင်တို့သည် သစ်တိုင်၌စွဲ၍ ကွပ်မျက်သော ယေရှုကို ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် ထမြောက်စေတော်မူပြီ။
၃၁ ဣသရေလလူတို့အား နောင်တ တရားနှင့် အပြစ်လွှတ်ခြင်းအခွင့်ကို ပေးစေခြင်းငှါ၊ ထိုသူကိုအစိုးရသောအရှင်အရာ၌၎င်း၊ ကယ်တင်သောသခင် အရာ၌၎င်း၊ ဘုရားသခင်ခန့်ထား၍ မိမိလက်ျာလက်တော်နှင့် ချီးမြှင့်တော်မူပြီ။
၃၂ ထိုအကြောင်းအရာတို့သည် အမှန်ဖြစ်ကြောင်း ကို ငါတို့သည်သက်သေခံဖြစ်ကြ၏။ ဘုရားသခင်၏စကားတော်ကို နားထောင်သောသူတို့အား ပေးသနားတော်မူ သော သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သက်သေခံဖြစ်တော်မူသည်ဟု ပြောဆိုကြ၏။
၃၃ ထိုစကားကိုကြားလျှင်၊ ထိုသူတို့နှလုံးသည် ကွဲပြားမတတ်ဖြစ်၍၊ တမန်တော်တို့ကို ကွပ်မျက်ခြင်းငှါ အချင်းချင်းတိုင်ပင်ပြောဆိုကြ၏။
၃၄ ထိုအခါ လူအပေါင်းတို့ရိုသေသောသူ၊ ဂါမလျေလအမည်ရှိသော နိဿရည်း ဆရာ၊ ဖာရိရှဲတယောက်သည် လွှတ်တော်ပေါ်၌ထ၍၊ တမန်တော်တို့ကို ပြင်သို့ခဏထွက်စေပြီးလျှင်၊
၃၅ ဣသရေလလူတို့၊ ဤသူတို့အား အဘယ်သို့ပြုမည်အရာကို သတိနှင့်ဆင်ခြင်ကြလော့။
၃၆ အကြောင်းမူကား၊ အထက်က သုဒအမည်ရှိသောသူတယောက်သည် ထသဖြင့် ငါသည်လူသာမညမဟုတ်ဟု ဆိုသည်ဖြစ်၍၊ သူ၌လူလေးရာမျှ လောက် ဆည်းကပ်ကြ၏။ ထိုသူသည် ပျက်ဆီးခြင်းသို့ရောက်၍ သူ့ကိုယုံကြည်သမျှသော သူတို့သည် ကွဲပြားပျောက်ပျက်ကြ၏။
၃၇ ထိုသူနောက် ငွေတော်ခွဲစဉ်ကာလ၊ ယုအမည်ရှိသော ဂါလိလဲလူ တယောက်သည်လည်း ထ၍၊ မိမိနောက်သို့ လူများကိုသွေးဆောင်လေ၏။ ထိုသူသည်လည်း ပျက်ဆီးခြင်းသို့ ရောက်၍ သူ့ကိုယုံကြည်သမျှ သောသူတို့သည် ပျောက်လွင့်ကြ၏။
၃၈ ယခုလည်း ဤသူတို့ကို ရှောင်ရှား၍ အလိုအလျောက်ရှိကြပါစေဟု ငါဆို၏။ ဤအကြံဤအမှုသည် လူ၏အကြံလူ၏အမှုဖြစ်လျှင် ပျက်ဆီးခြင်းသို့ ရောက်လိမ့်မည်။
၃၉ ဘုရားသခင်၏ အကြံအမှုဖြစ် လျှင် သင်တို့သည်မဖျက်ဆီးနိုင်ကြ။ သင်တို့သည် ဘုရားသခင် ၏အာဏာတော်ကို ဆန်သောသူမဖြစ်မည်အကြောင်း သတိပြုကြလော့ဟု ပြောဆို၏။
၄၀ ထိုစကားကို နားထောင်သဖြင့်၊ တမန်တော်တို့ကိုခေါ်၍ ရိုက်နှက်ပြီးမှ၊ ယေရှု၏နာမကိုအမှီပြုလျက် မဟောမပြောမည်အကြောင်း မြစ်တား၍ လွှတ်ကြ၏။
၄၁ တမန်တော်တို့သည်လည်း၊ သခင်ယေရှု၏နာမတော်ကြောင့် မိမိတို့သည် အရှက်ကွဲ ခြင်းကိုခံထိုက်ကြသည်ဟု မှတ်တော်မူသောကြောင့် ဝမ်းမြောက်သောစိတ်ရှိ၍ လွှတ်တော်မှထွက်သွားကြ၏။
၄၂ ဗိမာန်တော်၌၎င်း၊ အိမ်၌၎င်း နေ့တိုင်းအစဉ်ဆုံးမ သွန်သင်လျက်၊ ယေရှုသည်ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိ တရားကို မပြတ်ဟောပြောလျက်နေကြ၏။
ဆာလံကျမ်း အခန်းကြီး ၃၀ (Ps 30:1-13);
၁ ဒါဝဒ်သည်အိမ်တော်ကိုသန့်ရှင်းစေသောအခါ၊ အသံညှိ၍ ဆိုသောဆာလံ။ အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချီးမွမ်းပါမည်၊၊ အကျွန်ုပ်ကို ဆယ်နှုတ်တော်မူ၏၊၊ ရန်သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ဝမ်းမြောက်ရသော အခွင့်ကို ပေးတော်မမူ၊၊
၂ အိုအကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား အကျွန်ုပ်သည် ကိုယ်တော်ကို အော်ဟစ်၍ ကိုယ်တော်သည် ချမ်းသာပေးတော်မူ၏၊၊
၃ အိုထာဝရဘုရား ကိုယ်တော် သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံထဲက နှုတ်ယူတော်မူပြီ၊၊ သချိုင်းတွင်းထဲသို့ မဆင်းစေဘဲ အကျွန်ုပ်ကို အသက်ချမ်းသာပေးတော်မူပြီ၊
၎ ထာဝရဘုရား၏ သန့်ရှင်းသူတို့ ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့၊၊ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းကြလော့၊၊
၅ အမျက်တော်သည် ခဏထွက်၏၊၊ ကျေးဇူးတော်မူကား တသက်လုံး တည်၏၊၊ ညဦးယံ၌ ငိုကြွေးခြင်းသည် လာ၍ တည်းခို၏၊၊ နံနက်ယံ၌ကား သီချင်းဆိုရသော အခွင့်ရှိ၏၊၊
၆ ငါသည် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်မည်ဟု ကောင်းစားစဉ်အခါ အကျွန်ုပ်အောက်မေ့ ပါ၏၊၊
၇ အို ထာဝရဘုရား ကျေးဇူးတော်အားဖြင့်သာ အကျွန်ုပ်၏ တောင်သည် ခိုင်ခံ့မြဲမြံပါ၏၊၊ မျက်နှာလွဲတော်မူသောအခါ ဆင်းရဲခြင်းသို့ ရောက်ပါ၏၊၊
၈ အို ထာဝရဘုရား အကျွန်ုပ်သည် အသက်ဆုံး၍၊
၉ င်္သချိုင်းတွင်းထဲသို့ ဆင်းလျှင် အဘယ်အကျိုးရှိပါအံ့နည်း၊၊
၁၀ မြေမှုန့်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်လော၊၊ သစ္စာတော်ကို ဘော်ပြပါမည်လော။ အိုထာဝရဘုရား နားထောင်၍ ကယ်မသနားတော်မူပါ၊၊ အိုထာဝရဘုရား အကျွန်ုပ်ကို စောင့်မတော်မူပါဟု ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ်၍၊ထာဝရဘုရားကို တောင်းလျှောက်ပါ၏။
၁၁ ထိုအခါ အကျွန်ုပ်ညည်းတွား မြည်တမ်းခြင်းကို ကခုန်ခြင်း ဖြစ်စေတော်မူ၏။ အကျွန်ုပ်ဝတ်သော လျှော်တေအဝတ်ကို ချွတ်၍၊ ဝမ်းမြောက်ခြင်း ခါးပန်းနှင့် စည်းတော် မူ၏။
၁၂ သို့ဖြစ်၍ အကျွန်ုပ်၏ ဝိညာဉ်သည်တိတ်ဆိတ်စွာမနေ။ ကိုယ်တော်ကို သီချင်းဆိုပါမည်။ အိုအကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ ကျေးဇူးတော်ကို အစဉ်အမြဲ ချီးမွမ်းပါမည်။
ဗျာဒိတ်ကျမ်း အခန်းကြီး ၅ (Rev 5:11-14);
၁၁ ထိုအခါငါကြည့်၍၊ ပလ္လင်တော်မှစသော သတ္တဝါတို့နှင့် အသက်ကြီးသူတို့၏ ပတ်ဝန်းကျင်၌၊ ကုဋေသင်္ချေမက အတိုင်းမသိများစွာသော ကောင်းကင်တမန်တို့၏အသံကို ငါကြား၏။
၁၂ ထိုသူတို့ကလည်း၊ အသေသတ်ခြင်းကို ခံခဲ့ပြီးသောသိုးသငယ်သည်၊ တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းကြီးမင်္ဂလာကို ခံထိုက်တော်မူ၏ဟု၊ ကြီးသောအသံနှင့် ပြောဆိုကြ၏။
၁၃ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊ သမုဒ္ဒရာအထဲ၊ အရပ်ရပ်တို့၌ ရှိရှိသမျှသော ဝေနေယျသတ္တဝါအပေါင်းတို့က၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူနှင့် သိုးသငယ်သည် ကမ္ဘာ အဆက်ဆက် ကောင်းကြီးမင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိရှိတော်မူ စေသတည်းဟု ပြောဆိုကြသည်ကို ငါကြားလေ၏။
၁၄ သတ္တဝါလေးပါးတို့ကလည်း အာမင်ဟု ခေါ်ဝေါ်ကြ၏။ အသက်ကြီးသူတို့သည်လည်း ပြပ်ဝပ်၍ ကိုးကွယ်ကြ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၂၁ (John 21:1-19)
၁ တဖန် ယေရှုသည် တိဗေရိအိုင်နားမှာ တပည့်တော်တို့အား ကိုယ်ကိုပြတော်မူ၏။ ပြတော်မူသည် အကြောင်းအရာဟူမူကား၊
၂ ရှိမုန်ပေတရုနှင့် ဒိဒုမုဟုအမည်ရှိသော သောမ၊ ဂါလိလဲပြည် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏သားနှစ်ယောက်၊ အခြားသောတပည့်တော်နှစ်ယောက်တို့သည် အတူရှိကြ၏။
၃ ရှိမုန်ပေတရုက အကျွန်ုပ်သည် ငါးဘမ်းသွားမည်ဟုဆိုလျှင်၊ ထိုသူတို့က၊ အကျွန်ုပ်တို့လည်း လိုက်မည်ဟုပြောဆိုသည်နှင့် ထွက်သွားကြ၏။ ချက်ခြင်းလှေထဲသို့ဝင်၍ ထိုညဥ့်တွင် တကောင်ကိုမျှမရကြ။
၎ နံနက်ရောက်သောအခါ ယေရှုသည် ကမ်းနားမှာရပ်တော်မူ၏။ သို့ရာတွင် ယေရှုဖြစ်တော်မူသည်ကို တပည့်တော်တို့သည်မသိကြ။
၅ ယေရှုကလည်း ချစ်သားတို့၊ စားစရာတစုံတခုရှိသလောဟု မေးတော်မူလျှင် မရှိပါဟု ပြန်ပြောကြ၏။
၆ တဖန်ယေရှုက၊ လှေလက်ျာ ဘက်၌ ပိုက်ကွန်ကိုပစ်ချလော့။ ထိုသို့ပြုလျှင် ရလိမ့်မည်ဟု မိန့်တော်မူသည်အတိုင်း၊ ထိုသူတို့သည် ပစ်ချ၍ များစွာသောငါးတို့ကို အုပ်မိသောကြောင့်၊ ပိုက်ကွန်ကိုစွဲ၍ မရနိုင်။
၇ ထိုအခါ ယေရှုချစ်တော်မူသော တပည့်တော်က၊ ငါတို့သခင်ပေတည်းဟု ပေတရုအားပြောဆို၏။ သခင်ဖြစ်ကြောင်းကို ရှိမုန်ပေတရုသည်ကြားလျှင်၊ အဝတ်ကိုမခြုံဘဲရှိလျှက် အပေါ်အင်္ကျီကိုသာ ဝတ်စည်း၍ အိုင်ထဲသို့ဆင်းလေ၏။
၈ အခြားသေတပည့်တော်တို့သည် ကမ်းနှင့်မနီးမဝေး အလံငါးဆယ် လောက်ကွာ သည်ဖြစ်၍ ငါးများနှင့်ပိုက်ကွန်ကို ဆွဲငင်လျက် လှေစီး၍လာကြ၏။
၉ ကုန်းပေါ်သို့ရောက်သောအခါ မီးခဲပုံကို၎င်း၊ ကင်ထားသော ငါးကို၎င်း၊ မုန့်ကို၎င်း တွေ့မြင်ကြ၏။
၁၀ ယေရှုကလည်း ယခုရသော ငါးအချို့ ကိုယူခဲ့ကြဟု မိန့်တော်မူ၏။
၁၁ ရှိမုန်ပေတရုသည် လှေပေါ်သို့တက်၍ ငါးကြီးတရာငါးဆယ့် သုံးကောင်နှင့် ပြည့်လျက်ရှိသောပိုက်ကွန်ကို ကုန်းပေါ်သို့ဆွဲတင်လေ၏။ ထိုမျှလောက်များသော်လည်း ပိုက်ကွန်သည် မဆုတ်ပြတ်ရှိ၏။
၁၂ ယေရှုကလည်း၊ လာ၍နံနက် စာကိုစားကြလော့ဟု မိန့်တော်မူ၏။ သခင်ဖြစ်တော် မူကြောင်းကို တပည့်တော်တို့သည် သိကြသောကြောင့် ကိုယ်တော်သည် အဘယ်သူနည်း ဟူ၍ တစုံတယောက်မျှ မမေးမလျှောက်ဝံ့ကြ။
၁၃ ယေရှုသည်လာ၍ မုန့်နှင့်ငါးကို ယူပြီးလျှင် သူတို့အားပေး တော်မူ၏။
၁၄ ထိုပြတော်မူခြင်းကား၊ ယေရှုသည် သေခြင်းမှထမြောက်တော်မူသည်နောက်၊ တပည့်တော်တို့ အား ကိုယ်ကိုသုံးကြိမ်မြောက်သော ပြတော်မူခြင်းဖြစ်သတည်း။
၁၅ နံနက်စာကိုစားကြသည်နောက်၊ ယေရှုက၊ ယောန၏သား ရှိမုန်၊ ဤသူတို့သည် ငါ့ကိုချစ် သည်ထက် သင်သည်သာ၍ချစ်သလောဟု ရှိမုန်ပေတရုအားမိန့်တော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ် သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့ဟု မိန့်တော်မူ၏။
၁၆ တဖန် ယေရှုက၊ ယောန၏သား ရှိမုန်၊ သင်သည်ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေး တော်မူလျှင်၊ ဟုတ်ပါ၏သခင်၊ ကိုယ်တော်ကိုအကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟုလျှောက်သော်၊ ငါ၏သိုးတို့ကိုထိမ်းလော့ဟု မိန့်တော်မူ၏။
၁၇ ယေရှုကလည်း ယောန၏သားရှိမုန်၊ သင်သည်ငါ့ကိုချစ် သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည် စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို သိတော်မူ၏။ ကိုယ်တော်ကို ကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော် မူ၏ ဟုလျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။
၁၈ ငါအမှန်အကန်ဆိုသည်ကား၊ သင်သည် ပျိုသောအသက်ရှိစဉ် ကိုယ်ကို ကိုယ်ပတ်စည်း၍ အလိုရှိရာအရပ်ရပ်သို့ သွားလာတတ်၏။ သင်သည် အိုသောအခါ လက်နှစ်ဖက်ကို ဆန့်ပြီးလျှင်၊ သူတပါးသည် သင့်ကိုပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ၏။
၁၉ ထိုသို့မိန့်တော်မူသော်၊ အဘယ်သို့သောသေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို့မိန့်တော်မူပြီးမှ၊ ငါ့နောက်သို့လိုက်လော့ဟု ပေတရု အားမိန့်တော်မူပြန်၏။