Friday, 2 August 2019

02-AUG-2019 (READING -ORD17 -YC-C1)

Fri the 2nd:     Optional memorial of Eusebius of Vercelli, bishop.
Optional memorial of Peter Julian Eyrnard, priest.
Lev 23:1-37; Ps 81:3-11; 1 Pet 1:25; Matt 13:54-58

ဝတ်ပြုရာကျမ်း အခန်းကြီး ၂၃(Lev 23:1-37);

၁ တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
၂ သင်တို့ သည်စီရင်ရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ငါထာဝရဘုရား၏ ပွဲတော်များဟူမူကား၊
၃ ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည် ငြိမ်ဝပ်စွာနေသောဥပုသ်နေ့၊ဓမ္မစည်းဝေးခြင်းကို
၎ ပြုရသောနေ့ဖြစ်၏။ ထိုနေ့၌ သင်တို့သည် အလုပ်မလုပ်ရကြ။ သင်တို့နေရာအရပ်ရပ်၌ ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။
၅ အချိန်တန်မှ သင်တို့ကြော်ငြာရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရား၏ ပွဲတော်များ ဟူမူကား၊
၆ ပဌမလဆယ်ရက်နေ့ ညဦးယံ၌၊ ထာဝရဘုရား၏ ပသခါပွဲဖြစ်၏။
၇ ၎င်းလဆယ်ငါးရက်နေ့၌ ထာဝရဘုရား အဘို့ အဇုမပွဲကို ခံရကြမည်။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရကြမည်။ ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကိုမလုပ်ရ။
၈ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့်ပူဇော်သက္ကာကိုပြုရမည်။ သတ္တမ နေ့၌လည်း ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကိုမလုပ်ရ  ဟု မိန့်တော်မူ၏။
၉ တဖန် မောရှေအား ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
၁၀ သင်တို့သည် ငါပေးသောပြည်သို့ရောက်၍ စပါးရိတ်သောအခါ၊ အဦးရိတ်သော ကောက်လှိုင်း တစည်းကို၊ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။
၁၁ သင်တို့သည် စိတ်တော်နှင့်တွေ့ခြင်းငှါ၊ ယဇ်ပုရောဟိတ်သည် ဥပုသ်နေ့လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရမည်။
၁၂ ကောက်လှိုင်းကို ချီလွှဲသောနေ့၌ အခါမလည် အပြစ်မပါသော သိုးသငယ်အထီးကို ထာဝရဘုရားအဘို့ မီးရှို့ရာယဇ်ပြု၍ ပူဇော်ရ မည်။
၁၃ ထိုယဇ်နှင့်ဆိုင်သော ဘောဇဉ်ပူဇော်သက္ကာကား၊ ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးဖြင့်ပြုသော ပူဇော်သက္ကာတည်းဟူသော ဆီနှင့်ရောသောမုန့်ညက် နှစ်သြမဲဖြစ်ရမည်။ သွန်းလောင်းရာပူဇော်သက္ကာ၊ စပျစ်ရည် သုံးလောဃဖြစ်ရမည်။
၁၄ သင်တို့၏ဘုရား သခင်ထံတော်သို့ ပူဇော်သက္ကာကို ဆောင်ခဲ့သောနေ့မရောက်မှီ၌၊ မုန့်၊ ဆန်လှော်၊ စိမ်းသောအသီး အနှံကိုမစားရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော်ဖြစ်သတည်း။
၁၅ ချီလွှဲရာပူဇော်သက္ကာကောက်လှိုင်းကို ဆောင်ခဲ့သောနေ့၊ ဥပုသ်နေ့အလွန် နက်ဖြန်နေ့ကစ၍ သီတင်း ခုနစ်သီတင်းစေ့အောင် ရေတွက်ရမည်။
၁၆ သတ္တမဥပုသ်နေ့အလွန် နက်ဖြန်နေ့အထိ အရက် ငါးဆယ်တိုင်တိုင် ရေတွက်ပြီးလျှင်၊ ထာဝရဘုရားအား ဘောဇဉ်ပူဇော်သက္ကာအသစ်ကို ဆက်ရကြမည်။
၁၇ ထာဝရဘုရားအဘို့ အဦး သီးသောအသီး၊ တဆေးဖြင့်ဖောင်းကြွသော မုန့်ညက်နှစ်သြမဲနှင့်လုပ်သော ချီလွှဲရာမုန့်နှစ်လုံးကို သင်တို့အိမ်မှ ထုတ်ဆောင်ခဲ့၍၊
၁၈ ထိုမုန့်နှင့်တကွ အခါမလည်အပြစ်မပါသော သိုးသငယ် ခုနစ်ကောင်၊ နွားသငယ်အထီးတကောင်၊ ဆိတ်နှစ်ကောင်ကိုဆက်၍၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာနှင့်တကွ၊ ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးဖြင့်ပြုသောပူဇော် သက္ကာတည်း ဟူသောမီးရှို့ရာယဇ်ကို ထာဝရဘုရားအား ပူဇော်ရမည်။
၁၉ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို၎င်း၊ မိတ်ဿဟာရယဇ်အဘို့ အခါမလည်သောသိုးသငယ် နှစ်ကောင်ကို၎င်း ပူဇော်၍၊
၂၀ ယဇ်ပုရောဟိတ်သည် အဦးသီးသောအသီး မုန့်နှင့်တကွ ချီလွှဲသဖြင့်၊ သိုးသငယ် နှစ်ကောင်ပါလျက်၊ ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာပြုရမည်။ ထိုအရာတို့သည်လည်း၊ ယဇ်ပုရောဟိတ် အဘို့ ထာဝရဘုရားရှေ့မှာ သန့်ရှင်းသောအရာဖြစ်သတည်း။
၂၁ ထိုနေ့၌လည်း ဓမ္မစည်းဝေးခြင်းကိုစီရင်ရကြမည်။ လောကီအလုပ်ကိုမလုပ်ရ။ သင်တို့နေရပ်အရပ်၌ သင်တို့အမျိုးအဆက် စောင့်ရသော ပညတ်ဖြစ်သတည်း။
၂၂ ကိုယ်မြေ၌ဖြစ်သော စပါးကိုရိတ်သောအခါ၊ လယ်ထောင့်တို့ကို အကုန်အစင်မရိတ်ရ။ သိမ်းရာတွင် ကျန်ကြွင်းသောအရာကို ပြန်၍မကောက်သိမ်းရ။ ထိုအရာကို ဆင်းရဲသောသူ ဧည့်သည်အာဂန္တုအဘို့ ချန်ခြွင်းရ မည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
၂၃ တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
၂၄ သင်တို့သည် သတ္တမလ၊ ပဌမနေ့ရက်၌ တန်ပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသော ဥပုသ်နေ့ကို စောင့်ရကြမည်။
၂၅ လောကီအလုပ်ကို မလုပ်ရ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ရမည်ဟု မိန့်တော်မူ၏။
၂၆ တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
၂၇ သတ္တမလ၊ ဒသမနေ့သည်လည်း အပြစ်ဖြေရာနေ့၊ ဓမ္မစည်းဝေးခြင်းကို ပြုသောနေ့ဖြစ်၏။ ခြိုးခြံစွာကျင့်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည်။
၂၈ ထိုနေ့၌ အဘယ်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ကိုယ်အပြစ်ဖြေခြင်းကို ပြုရသောနေ့ဖြစ်၏။
၂၉ ထိုနေ့၌ ခြိုးခြံစွာမကျင့်သောသူမည်သည်ကား မိမိအမျိုးမှပယ်ရှင်း ခြင်းကိုခံရမည်။
၃၀ ထိုနေ့၌ အလုပ်တစုံတခုကို လုပ်သောသူမည်သည်ကို၊ သူ၏အမျိုးမှ ငါပယ်ရှားဖျက်ဆီးမည်။
၃၁ အဘယ်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်း။
၃၂ ထိုနေ့သည် ငြိမ်ဝပ်စွာနေရသောနေ့၊ ခြိုးခြံစွာကျင့်ရသောနေ့ဖြစ်၏။ နဝမနေ့ ညဦးမှစ၍ နက်ဖြန် ညဦးတိုင်အောင် ဥပုသ်စောင့်ရမည်ဟု မိန့်တော်မူ၏။
၃၃ တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ။
၃၄ သင်တို့သည် သတ္တမလ ဆယ်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားဘို့ သကေနေပွဲကို ခံရကြမည်။
၃၅ ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ အလုပ်ကိုမလုပ်ရ။
၃၆ ခုနစ်ရက်ပတ်လုံး ထာဝရဘုရား အား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည်။ အဋ္ဌမနေ့၌လည်း၊ ဓမ္မစည်းဝေးခြင်းကိုပြု၍၊ ထာဝရဘုရားအားမီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည်။ ထူးဆန်းသောစည်းဝေးခြင်းဖြစ်၍ လောကီအလုပ်ကိုမလုပ်ရ။
၃၇-၃၈ ဤရွေ့ကား၊ ထာဝရဘုရား၏ ဥပုသ်နေ့၊ ထာဝရဘုရားအား ဆက်ကပ်ရသောအလှူဒါန၊ သစ္စာဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာမှတပါး၊ နေ့ရက်အသီးသီးတို့၌ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော် သက္ကာ၊ ယဇ်ပူဇော်ခြင်း၊ သွန်းလောင်းရာပူဇော်သက္ကာကို ပြုစေခြင်းငှါ စီရင်ရသော ဓမ္မစည်းဝေးခြင်း၊  ထာဝရ ဘုရား  ၏ပွဲတော်များဖြစ်သတည်း။
ဆာလံကျမ်း အခန်းကြီး ၈၁ (Ps 81:3-11);

၃ လဆန်းနေ့၊ လပြည့်နေ့၊ ပွဲသဘင်နေ့၌ တံပိုးမှုတ်ကြ။
၎ ထိုသို့ဣသရေလအမျိုး၌ ထုံးဖွဲ့၍၊ ယာကုပ်အမျိုး၏ ဘုရားသခင်သည် ဆုံးဖြတ်တော်မူ၏။
၅ နားမလည်သော စကားကိုကြားရာအရပ်၊ အဲဂုတ္တုပြည်တဘက်၌ ကြွသွားတော်မူသောအခါ၊ ယောသပ်အမျိုး၌ ထိုသို့သောသက်သေခံချက်ကို စီရင်တော်မူ၏။
၆ ငါသည်သူ၏ ပုခုံးကိုဝန်နှင့် လွှတ်စေ၏။ သူ၏လက်ကိုလည်း တင်ခြင်းတို့အထဲက နှုတ်ယူ၏။
၇ သင်သည် ဒုက္ခကို ခံရသောအခါ၊ ငါ့ကိုခေါ်၍ ငါသည် ချမ်းသာပေး၏။ မထင်ရှားသော မိုဃ်းကြိုးနေရာ၌ ငါပြန်ပြော၏။ မေရိဘရေနားမှာ သင့်ကိုငါစုံစမ်း၏။
၈ ငါ၏လူစု၊ နားထောင်လော့။ ငါမှာထားမည်။ အိုဣသရေလအမျိုး၊ သင်သည် ငါ့စကားကိုနားထောင် ပါစေသော။
၉ သင်၌ တပါးအမျိုး၏ ဘုရားမရှိရ။ တကျွန်းတနိုင်ငံဘုရားကို မကိုးကွယ်ရ။
၁၀ ငါသည် သင့်ကိုအဲဂုတ္တပြည်မှ ကယ်နှုတ်ဆောင်ယူ ခဲ့ပြီးသော သင်၏ဘုရားသခင် ထဝရဘုရားဖြစ်၏။ သင်၏နှုတ်ကို ကျယ်ကျယ်ဖွင့်လော့။ ဝပြောစွာကျွေးမည်။
၁၁ ငါ၏လူများမူကား၊ ငါ့စကားကို နားမထောင်ကြ။ ဣသရေလအမျိုးသည် ငါ့ကိုအလိုမရှိကြပါ တကား။

ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၁ (1 Pet 1:25);

၂၅ ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား ကာလအစဉ်အမြဲတည်၏၊ ထိုနှုတ်ကပတ်တော်သည် သင်တို့အားဟောပြောသော ဧဝံဂေလိတရားဖြစ်သတည်း။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၃ (Matt 13:54-58);

၅၄ ထိုနောက်မှ မိမိမြို့သို့ရောက်တော်မူ၍ တရားစရပ်၌ ဆုံးမသြဝါဒပေးလေ၏။ မြို့သားတို့သည် မိန်းမော တွေဝေခြင်းရှိကြသဖြင်၊့ ဤသူသည် ဤပညာကို၎င်း၊ ဤတန်ခိုးကို၎င်း အဘယ်မှာရသနည်း။
၅၅ သူသည် လက်သမားသားမဟုတ်လော။ သူ့အမိကားမာရိအမည်ရှိသည်မဟုတ်လော။ သူ့ညီကား၊ ယာကုပ်၊ ယောသေ၊ ရှိမုန်၊ ယုဒဟုဆိုကြသည်မဟုတ်လော။
၅၆ သူ့နှမများတို့သည်လည်း ငါတို့နှင့်အနီးအပါး နေကြသည်မဟုတ်လော။ သို့ဖြစ်လျှင် ဤသူသည်ဤအရာများကိုအဘယ်မှာရသနည်းဟု ပြောဆိုလျက်၊
၅၇ စေတနာစိတ်ပျက်ကြ၏။ ယေရှုက လည်း၊ ပရောဖက်သည် မိမိမြို့၊ မိမိအိမ်မှတပါးအခြားသောအရပ်၌ အသရေရှိသည်ဟု ထိုသူတို့အားမိန့်တော်မူ၏။ ၅၈ မြို့သားများတို့သည် မယုံကြည်ကြသောကြောင့်၊ ထိုအရပ်၌ များစွာသောတန်ခိုးကို ပြတော်မမူ။