Wednesday, 14 August 2019

14-AUG-2019 (READING -ORD19 -YC-C1)

Wed the 14th:     Optional memorial of Maximilian Mary Kolbe, priest and martyr.
Vigil of Solemnity of The Assumption.
Deut 34:1-12; Ps 66:1-17; 2 Cor 5:19; Matt 18:15-20
Vigil Readings: 1 Chr 15:3-16, 16:1-2; Ps 132:6-14; 1 Cor 15:54-57; Luke 11:27-28

တရားဟောရာကျမ်း အခန်းကြီး ၃၄ (Deut 34:1-12);

၁ ထိုနောက်၊ မောရှေသည် မောဘလွင်ပြင်မှသွား၍ ယေရိခေါမြို့တဘက်၊ နေဗောတောင်၊ ပိသဂါထိပ် ပေါ်သို့ တက်သဖြင့်၊ ထာဝရဘုရားသည်ဒန်မြို့တိုင်အောင်၊ ဂိလဒ်ပြည် တရှောက်လုံး၊
၂ နဿလိပြည်တရှောက်လုံး၊ ဧဖရိမ် ပြည် မနောရှေပြည်နှင့်တကွ အဝေးဆုံးသော ပင်လယ်တိုင်အောင်၊ ယုဒပြည်တရှောက်လုံး၊
၃ တောင်ပြည်နှင့်တကွ ဇောရမြို့ တိုင်အောင် စွန်ပလွံမြို့တည်းဟူသော ယေရိခေါမြို့တည်သောချိုင့်နှင့် လွင်ပြင်တို့ကိုပြတော်မူ၏။
၎ ထာဝရဘုရားကလည်း၊ ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားကျိန်ဆို၍ သင်၏အမျိုးအနွယ်အား ငါပေးမည်ဟု ဂတိထားသောပြည်ကိုကြည့်လော့။ သင်သည် ကိုယ်မျက်စိနှင့် မြင်ရသော အခွင့်ကိုငါပေး၏။ သို့ရာတွင် ကူး၍ မသွားရဟု မိန့်တော်မူ၏။
၅ ထိုသို့ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ထာဝရဘုရား၏ ကျွန်မောရှေသည် မောဘပြည်၊ ထိုအရပ်၌ အနိစ္စရောက်၍၊ ၆ ဗက်ပေဂုရမြို့တဘက်၊ မောဘပြည်၊ တစုံတခုသောချိုင့်၌ သဂြိုလ်တော်မူ၏။ မောရှေ၏ သင်္ချိုင်းကို ယနေ့တိုင်အောင် အဘယ်လူမျှမသိရာ။
၇ မောရှေသည် အနိစ္စရောက်သောအခါ အသက်တရာ နှစ်ဆယ်ရှိ၏။ သူ၏မျက်စိမမှုန်သေး။ ခွန်အားလည်း မလျော့သေး။ ၈ ဣသရေလအမျိုးသားတို့သည် မောရှေကို အောက်မေ့၍၊ မောဘလွင်ပြင်၍ အရက်သုံးဆယ် ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။
၉ မောရှေအတွက် ငိုကြွေးမြည်တမ်းသော နေ့ရက်ကာလ လွန်ပြီးမှ၊ နုန်၏သားယောရှုသည် အထက်က မောရှေ၏ လက်တင်မင်္ဂလာကို ခံရသဖြင့်၊ ပညာသဘောနှင့်ပြည့်စုံသောသူဖြစ်၍၊ ဣသရေလအမျိုးသားတို့သည် ယောရှု၏ စကားကိုနားထောင်လျက်၊ မောရှေအားထာဝရဘုရား မိန့်တော်မူသည်အတိုင်း ပြုကြ၏။
၁၀-၁၂ ထာဝရဘုရားစေလွှတ်တော်မူ၍၊ အဲဂုတ္တုပြည်တွင် ဖာရောဘုရင်နှင့် သူ၏ကျွန်မှစ၍ ပြည်သား အပေါင်း တို့၌ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှု အလုံးစုံတို့ကိုပြု၍၊ ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ မဟာတန်ခိုးတော်နှင့် အလွန်ကြောက်မက်ဘွယ်သော အမှုအရာအပေါင်းတို့ကို ပြလေရာတွင်၊ ထာဝရဘုရား၏ မျက်နှာတော်ကို ကိုယ်တိုင်ကိုယ်ကြပ်ဖူးမြင်ရသော ပရောဖက်မောရှေကဲ့သို့ နောက်တဖန် ဣသရေလအမျိုး၌ သူနှင့်တူသော ပရောဖက်တစုံတပါးမျှ မပေါ်မထွန်း။

ဆာလံကျမ်း အခန်းကြီး ၆၆(Ps 66:1-17);

၁ မြေကြီးသားအပေါင်းတို့ ဘုရားသခင်ရှေ့တော်၌ ကျူးဧသောအသံကိုပြု၍၊
၂ နာမတော်၏ဂုဏ်ကို သီချင်း ဆိုကြလော့၊၊ ချီးမွမ်းခြင်း၏ ဂုဏ်အသရေကို ပြကြလော့၊၊
၃ ကိုယ်တော်စီရင်သောအမူတို့သည် အလွန်အံ့သြဘွယ် ဖြစ်ကြ ပါ၏၊၊ တန်ခိုးတော်ကြီးသောကြောင့် ရန်သူတို့သည် ကိုယ်တော်ကို တောင်းပန်ကြလိမ့်မည်။
၎ မြေကြီးသားအပေါင်း တို့သည် ကိုယ်တော်ကို ကိုးကွယ်၍၊ သီချင်းဆိုကြပါစေသော။ နာမတော်အား  သီချင်းဆိုကြ ပါစေသောဟု ဘုရားသခင်အား လျှောက်ထားကြလော့၊၊
၅ ဘုရားသခင် စီရင်တော်မူသော အမှုတော်ကို လာ၍ ကြည့်ကြ လော့၊ လူသားတို့တွင် စီရင်တော်မူသောအမှုတို့သည် အံ့သြဘွယ် ဖြစ်ကြ၏၊၊
၆ ပင်လယ်ကို ကုန်းဖြစ်စေတော်မူ၏။ သူတို့သည် ရေစီးရာ အရပ်ကို ခြေဖြင့် ရှောက်သွားကြသည်ဖြစ်၍ ငါတို့သည် ဘုရားသခင်၌ ဝမ်းမြောက်ကြ၏။
၇ တန်ခိုးတော်အားဖြင့် အစဉ်အမြဲ အုပ်စိုးတော်မူ၏၊၊ မျက်စိတော်သည် လူအမျိုးမျိုးတို့ကို ကြည့်ရှုသည်ဖြစ်၍ ငြင်းဆန်သော သူတို့သည် မဝါကြွားကြစေနှင့်၊၊
၈ အချင်းလူစုတို့ ငါတို့ဘုရား သခင်ကို ကောင်းကြီးပေးကြလော့၊၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းသောစကားသံနှင့် ကြွေးကြော်ကြလော့၊၊
၉ ငါတို့အသက်ကို မသေစေမည် အကြောင်းနှင့် ခြေကိုလည်း မချော်စေမည့်အကြောင်း စောင့်မတော်မူ၏၊၊
၁၀ အိုဘုရားသခင်၊ ကိုယ်တော်သည်အကျွန်ုပ်တို့ကို စုံစမ်းတော်မူပြီ၊၊ ငွေကိုစစ်ဆေးသကဲ့သို့ အကျွန်ုပ်တို့ကို စစ်ဆေးတော်မူပြီ၊၊
၁၁ ကျော့ကွင်းထဲမှာ ကျော့မိစေ၍ ကျောက်ကုန်းပေါ်မှာ လေးသောဝန်ကို တင်တော်မူပြီ၊၊
၁၂ အကျွန်ုပ်တို့ ခေါင်းပေါ်မှာ  သူတပါးကို စီးစေတော်မူပြီ၊၊ မီး၌၎င်း၊ ရေ၌၎င်းသွားရသော်လည်း ကျေးဇူးတော်ကြောင့်  ကြွယ်ဝခြင်းသို့ ရောက်ကြပါ၏၊၊
၁၃ မီးရှို့ရသောယဇ်ပါလျက် အိမ်တော်သို့ အကျွန်ုပ်သွားပါမည်၊၊
၁၄ ဆင်းရဲခံရစဉ်အခါ အကျွန်ုပ် သည် နှုတ်ကို ဖွင့်၍ မြွက်ဆိုသည့်အတိုင်း သစ္စာဝတ်ကို ဖြေပါမည်၊၊
၁၅ ဆူဖြိုးသော သိုးတို့ကို နံ့သာပေါင်းနှင့်တကွ မီးရှို့ရာ ယဇ်ပြု၍ ပူဇော်ပါမည်၊၊ နွားနှင့်ဆိတ်တို့ကိုလည်း စီရင်ပါမည်၊၊
၁၆ ဘုရားသခင်ကို ကြောက်ရွံ့သောလူအပေါင်းတို့ လာ၍ နားထောင်ကြလော့၊၊ ငါ့ဝိညာဉ်အဘို့ အဘယ်သို့ ကျေးဇူးပြုတော်မူသည်ကို ငါကြားပြောမည်၊၊
၁၇ ငါသည်ဘုရားသခင်ကို နှုတ်နှင့် အော်ဟစ်၍ ဂုဏ်တော်ကိုလည်း လျှာနှင့် ချီးမွမ်းရပြီ၊၊

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၅ (2 Cor 5:19);

၁၉ ထိုတရားဟူမူကား၊ ဘုရား သခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များကိုမှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကိုလည်း ငါတို့၌အပ်ပေးတော်မူ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၈ (Matt 18:15-20);

၁၅  ထိုကြောင့်သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင်၊ သူ့ဆီသို့သွား၍နှစ်ယောက်တည်းချင်းသူ၏ အပြစ် ကိုပြ၍ ဆုံးမလော့။ သူသည် သင်၏စကားကိုနားထောင်လျှင် ညီအစ်ကိုကိုရပြီ။
၁၆ သို့မဟုတ် သင်၏စကား ကိုနားမထောင်လျှင်၊ လူနှစ်ဦးသုံးဦးသက်သေခံ၍ စကားရှိသမျှတို့ကို တည်စေခြင်းငှါကိုယ်နှင့် အတူ လူတစ်ဦးနှစ်ဦး ကိုခေါ်ဦးလော့။
၁၇ ထိုသူတို့၏ စကားကိုနားမထောင်လျှင် အသင်းတော်အားကြားပြော လော့။ အသင်းတော်၏ စကားကိုနားမထောင်လျှင်၊ သာသနာပလူကဲ့သို့၎င်း၊  အခွန်ခံကဲ့သို့၎င်း ထိုသူကိုမှတ်လော့။ 
၁၈ ငါအမှန် ဆိုသည်ကား၊ မြေကြီးပေါ်မှာသင်တို့ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက်ရှိလိမ့်မည်။ မြေကြီးပေါ် မှာဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ဖြည်လွှတ်လျက်ရှိလိမ့်မည်။
၁၉ တဖန်ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင်နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆု တို့ကိုကောင်းကင်ဘုံ၌ ရှိတော်မူသောငါ၏ ခမည်းတော်သည် ပေးတော်မူလတံ့။
၂၀ အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦး သုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏။

Vigil Readings:

ရာဇဝင်ချုပ်ပဌမစောင် အခန်းကြီး ၁၅ (1 Chr 15:3-16, 16:1-2);

၃ ထာဝရဘုရား၏ သေတ္တာတော်အဘို့ ပြင်ဆင် သောအရပ်ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ဣသရေလအမျိုးသားအပေါင်းတို့ကို ယေရုရှလင်မြို့၌ စုဝေးစေသောအခါ၊
၎ အာရုန်သားတို့နှင့် လေဝိသားတို့ကိုလည်း စုဝေးစေတော်မူ၍ ရောက်လာသောသူဟူမူကား၊
၅ ကောဟတ်အမျိုး တွင် အကြီးဖြစ်သော ဥရေလနှင့် သူ၏ညီအစ်ကိုတရာနှစ်ဆယ်၊
၆ မေရာရိအမျိုးတွင် အကြီးဖြစ်သော အသာယနှင့် သူ၏ညီအစ်ကို တရာနှစ်ဆယ်၊
၇ ဂေရရှုံအမျိုးတွင် အကြီးဖြစ်သောယောလ၊ သူ၏ညီအစ်ကိုတရာသုံးဆယ်၊
၈ ဧလိဇဖန်အမျိုးတွင် အကြီးဖြစ်သော ရှေမာယနှင့် သူ၏ညီအစ်ကိုနှစ်ရာ၊
၉ ဟေဗြုန်အမျိုးတွင် အကြီးဖြစ်သော ဧလျေလနှင့် သူ၏ညီအစ်ကိုရှစ်ဆယ်၊
၁၀ သြဇေလအမျိုးတွင် အကြီးဖြစ်သော အမိနဒပ်နှင့်သူ၏ညီအစ်ကို တရာတဆယ်နှစ် ယောက်တည်း။
၁၁ ဒါဝိဒ်သည်လည်း ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် အဗျာသာနှင့် လေဝိသားသြရေလ၊ အသာယ၊ ယောလ၊ ရှေမာယ၊ ဧလျေလ၊ အမိနဒပ်တို့ကိုခေါ်၍၊
၁၂ သင်တို့သည် လေဝိသားအဆွေအမျိုးသူကြီး ဖြစ်ကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ သေတ္တာတော်အဘို့ ငါပြင်ဆင်သောအရပ်ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ကိုယ်ကိုင်း၊ ညီအစ်ကိုတို့ကိုင်း၊ သန့်ရှင်းစေကြလော့။
၁၃ အရင်ကမသန့်ရှင်း၊ တရားလမ်းသို့မလိုက်ဘဲ ငါတို့ဘုရား သခင် ထာဝရဘုရားကို ရှာသောကြောင့် ဒဏ်ခတ်တော်မူသည်ဟု သတိပေး၏။
၁၄ ထိုအခါ ယဇ်ပုရောဟိတ်တို့နှင့် လေဝိသားတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှါ ကိုယ်ကို သန့်ရှင်းစေကြ၏။
၁၅ ထာဝရဘုရား အမိန့်တော်နှင့်အညီ မောရှေမှာထားခဲ့သည်အတိုင်း၊ လေဝိသားတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို သေတ္တာတော်ထမ်းပိုးဖြင့် ထမ်းကြ၏။
၁၆ လေဝိသားအကြီးအကဲတို့သည် စောင်း၊ တယော၊ ခွက်ကွင်းအစရှိသော တူရိယာမျိုးနှင့် သီချင်းဆိုတတ်သော ညီအစ်ကိုတို့ကို ဝမ်းမြောက်စွာ အသံပြိင် ဆိုစေခြင်းငှါ ခန့်ထားရမည်အကြောင်း အမိန့်တော်ရှိသည်အတိုင်း၊
၁၇ ထိုလေဝိသားတို့သည် ယောလသားဟေမန်၊ သူ၏ညီစုထဲက ဗေရခိသားအာသပ်၊ မိမိတို့ညီစု၊ မေရာရိအမျိုးထဲက ဣရှာယသား ဧသန်တို့ကိုင်း၊
၁၈ မိမိတို့သည် ဒုတိယအရာရှိဖြစ်သော ခရာဇိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာသေယ၊ မတ္တိသိ၊  ဧလိဖလေ၊ မိတ်နေယ၊ တံခါးစောင့်သြဗဒေဒုံ၊ ယေလ၊ အာဇဇိတို့ကိုင်း ခန့်ထားကြ၏။
၁ ထိုသို့ ဘုရားသခင်၏သေတ္တာတော်ကို ဆောင်ခဲ့၍ ဒါဝိဒ်ဆောက်နှင့်သော တဲအလယ်၌ထားပြီးမှ၊ မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ်တို့ကို ဘုရားသခင့်ရှေ့တော်၌ ပူဇော်ကြ၏။
၂ မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ် ပူဇော်ခြင်းအမှုကို ဒါဝိဒ်မင်းသည် ပြီးစီးစေသောအခါ၊ ထာဝရဘုရား၏ နာမတော်ကိုမြွက်၍ ပရိသတ်တို့ကို ကောင်းကြီးပေးလေ၏။




ဆာလံကျမ်း အခန်းကြီး ၁၃၂ (Ps 132:6-14);

၆ တဲ တော်သည် ဧဖရိမ်ပြည်မှာ ရှိကြောင်းကို ငါတို့သည် ကြားရပြီ။ ယာရိမ်တော၌ တွေ့ကြပြီ။
၇ ဘုံဗိမာန်တော်သို့ ဝင်၍၊ ခြေတော် တင်ရာ ခုံအောက်၌  ပြပ်ဝပ်ကိုးကွယ်ကြကုန်အံ့။
၈ အိုထာဝရဘုရား၊ ကျိန်းဝပ်တော်မူရာသို့ ဘုန်းတော်နှင့် ယှဉ်သော ဓမ္မသေတ္တာနှင့်တကွ တက်တော်မူပါ။
၉ ကိုယ်တော်၏ယဇ်ပုရောဟိတ်တို့သည် ဖြောင့်မတ် ခြင်းတန်ဆာကို ဆင်၍၊ ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော။
၁၀ ကိုယ်တော်၏ ကျွန်ဒါဝိဒ်မင်း၏ မျက်နှာကို ထောက်သဖြင့်၊ ကိုယ်တော်ထံ၌ ဘိသိက်ခံသော သူကို ငြင်းပယ်တော်မမူပါနှင့်။၁၁ ထာဝရဘုရားသည် ဒါဝိဒ်အား ဓိဋ္ဌာန်ကျိန်ဆိုခြင်းကို ပြု၍၊ သစ္စာဖျက်တော်မမူသော စကားဟူမူကား၊ သင်၏ အမျိုးအနွယ်ကို သင်၏ပလ္လင်ပေါ်မှာ ငါတင်မည်။
၁၂ သင်၏သားတို့သည် ငါ့ပဋိညာဉ်တရားကို၎င်း၊ ငါသွန်သင်သော သက်သေခံချက်ကို၎င်း စောင့်ရှောက်လျင်၊ သူတို့၏ သားများသည်လည်း သင်၏ပလ္လင်ပေါ်မှာ အစဉ်အမြဲ ထိုင်ကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူပြီ။
၁၃ ထာဝရဘုရားသည် ဇိအုန်မြို့ကို ရွေးကောက်၍၊ အမြဲနေ တော်မူရာဘို့ အလိုတော် ရှိသည့် အရာမှာ၊
၁၄ ဤမြို့ကား ငါအစဉ်အမြဲ ကျိန်းဝပ်ရာမြို့တည်း။ ငါအလိုရှိသည်ဖြစ်၍၊ ဤမြို့၌ ငါနေမည်။

ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၁၅ (1 Cor 15:54-57); (Luke 11:27-28);

၅၄ ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်သို့၎င်း၊ ဤသေတတ်သောအရာသည် မသေနိုင်သော အဖြစ်သို့၎င်း ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌ နစ်မြုပ်ပြီဟု ကျမ်းစာ၌ လာချက် ပြည့်စုံလိမ့်မည်။
၅၅ အိုသေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာရှိသနည်း။ အိုမရဏနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။
၅၆ သေမင်း၏လက်နက်ကား၊ ဒုစရိုက်အပြစ်ပေတည်း၊ ဒုစရိုက်အပြစ်၏တန်ခိုးကား၊ ပညတ် တရားပေတည်း။
၅၇ ငါတို့သခင်ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွတကား။
၅၈ ထိုကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သင်တို့သည် ဘုရားသခင်၏အမှုတော် ကို ဆောင်ရွက်၍ အကျိုးကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သောစိတ်နှင့်ပြည့်စုံ၍၊ မရွေ့မလျော့ မတိမ်းယိမ်း ဘဲလျက် ဘုရားသခင်၏အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁ (Luke 11:27-28);

၂၇ ထိုသို့မိန့်တော်မူစဉ်တွင် မိန်းမတယောက်သည် လူအစုအဝေးထဲကခေါ်၍ ကိုယ်တော်ကိုလွယ် သော ဝမ်းနှင့်စို့တော်မူသောသားမြတ်သည် မင်္ဂလာရှိပါ၏ ဟုလျှောက်လျှင်၊
၂၈ ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုနာ၍ ကျင့်စောင့်သော သူသည်မြတ်စွာသောမင်္ဂလာရှိသည်ဟု မိန့်တော်မူ၏။