Tue the 13th: Optional memorial of Pontian, pope and martyr; Hippolytus, priest and martyr.
Deut 31:1-8; Deut 32:3-12; Matt 11:29; Matt 18:1-14
တရားဟောရာကျမ်း အခန်းကြီး ၃၁ (Deut 31:1-8);
၁ တဖန် မောရှေသည် သွား၍ဣသရေလအမျိုးသားအပေါင်းတို့အား ဟောပြောသည်ကား၊
၂ ငါသည် ယနေ့ အသက်တရားနှစ်ဆယ်စေ့ပြီ။ သင်တို့ရှေ့မှာ ထွက်ဝင်ခြင်းငှာ နောက်တဖန် မတတ်နိုင်။ ထာဝရဘုရားကလည်း၊ သင်သည် ယော်ဒန်မြစ်ကိုမကူးရဟု မိန့်တော်မူပြီ။
၃ သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့ရှေ့မှာကူး၍၊ ထိုပြည်သားအမျိုးမျိုးတို့ကို ဖျက်ဆီးတော်မူသဖြင့်၊ သူတို့နေရာကို သင်တို့စားရကြလိမ့်မည်။ ထာဝရဘုရား အမိန့်တော်အတိုင်း၊ ယောရှုသည်လည်းသင်တို့ရှေ့မှာ ကူးရလိမ့်မည်။
၎ ထာဝရဘုရားသည်လည်း၊ အာမောရိ ရှင်ဘုရင်ရှိဟုန်နှင့် သြဃတို့၌င်း၊ ဖျက်ဆီးတော်မူသော သူတို့ပြည်၌ င်းပြုသကဲ့သို့၊ ထိုပြည်သား အမျိုးမျိုး တို့၌ပြုတော်မှုလိမ့်မည်။
၅ ထာဝရဘုရားသည် သူတို့ကိုသင်တို့၌ အပ်တော်မူသဖြင့်၊ ငါမှာထားသမျှသော ပညတ်တို့အတိုင်း၊ သူတို့၌ပြုရကြလိမ့်မည်။
၆ အားယူ၍ရဲရင့်ခြင်း ရှိကြလော့။ မစိုးရိမ်ကြနှင့်။ သူတို့ကို မကြောက်ကြနှင့်။ ထာဝရဘုရားသည် သင်တို့ဘုရားသခင်ဖြစ်၍ သင်တို့နှင့်အတူ ကိုယ်တိုင်ကြွတော်မူမည်။ သင်တို့ကိုစွန့်တော်မမူ၊ ပစ်ထားတော်မမူဟုဟောပြော၏။
၇ တဖန်ယောရှုကိုခေါ်၍၊ သင်သည်အားယူ၍ ရဲရင့်ခြင်းရှိလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဤလူတို့အားပေးခြင်းငှာ၊ ဘိုးဘေးတို့အားကျိန်ဆို တော်မူတော်မူသောပြည်သို့ သင်သည် သူတို့နှင့်အတူသွား၍ အမွေခံစေရမည်။
၈ သင်ရှေ့မှာထာဝရဘုရားသည် ကိုယ်တိုင်ကြွ၍ သင်နှင့်ရှိတော်မူလိမ့်မည်။ သင့်ကိုစွန့်တော်မမူ၊ ပစ်ထားတော်မမူ။ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်ဟု ဣသရေလ အမျိုးသားအပေါင်း တို့ရှေ့မှာ ပြောဆို၏။
တရားဟောရာကျမ်း အခန်းကြီး ၃၂ (Deut 32:3-12);
၃ ငါသည်ထာဝရဘုရား၏နာမတော်ကို ဘော်ပြသည်ဖြစ်၍၊ ငါတို့ဘုရားသခင်၏ ဘုန်းအာနုဘော်ကို ချီးမွမ်း ကြလော့။
၎ ဘုရားသခင်သည်မူလအမြစ်ဖြစ်၍၊ အမှုတော်သည် စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့်ညီလျက်၊ သစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သော ဘုရားဖြစ်တော်မူ၏။
၅ သူတို့သည် ယိုယွင်းကြပြီ။ ဘုရားသခင်၏ သားမဟုတ်၊ အညစ်အကြေး ကပ်ကြ၏။ သဘောကောက်၍ ဖေါက်ပြန်သောအမျိုး ဖြစ်ကြ၏။
၆ အိုပညာမဲ့သော လူမိုက်တို့၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ဤသို့ ဆပ်မည်လော့။ ထာဝရဘုရားသည် သင်ကိုဖြစ်စေသောအဘ၊ သင့်ကိုဖန်ဆင်း၍နေရာချသောသူဖြစ်တော်မူသည် မဟုတ်လော။
၇ ရှေးကာလကို အောက်မေ့လော့။ လွန်လေပြီးသော နှစ်ပေါင်းများကို ဆင်ခြင်လော့။ သင့်အဘကိုမေးမြန်းလျှင်သူသည် ဘော်ပြလိမ့်မည်။အသက်ကြီးသူ တို့ကိုမေးမြန်းလျှင် သူတို့သည်ပြောဆို ကြလိမ့်မည်။
၈ အမြင့်ဆုံးသော ဘုရားသည်အာဒံ၏ အမျိုးအနွယ်ဖြစ်သောလူမျိုးတို့ကို ပိုင်းခြား၍အမွေမြေကို ဝေပေးသောအခါ။ ဣသရေလ အမျိုးသားတို့ အရေအတွက်ကိုထောက်ရှု၍၊ လူမျိုးတို့နေရာအပိုင်းအခြား ကိုစီရင်တော်မှု၏။
၉ ထာဝရဘုရား၏ အဘို့ကား၊ လူမျိုးတော်တည်း။ ယာကုပ်အမျိုးသည် အမွေခံတော်မူရာ ဖြစ်သတည်း။
၁၀ လူဆိတ်ညံသောအရပ်၊ သားရဲမြည်၍၊ လွတ်လပ်သော တောလွင်ပြင်၌ ယာကုပ်ကိုတွေ့တော် မူသောအခါ ဝန်းရံဆီးကာခြင်း၊ သွန်သင်ခြင်း ကျေးဇူးကိုပြု၍ မျက်ဆန်တော်ကဲ့သို့ စောင့်တော်မူ၏။
၁၁ ရွှေလင်းတသည် အသိုက်ကို မွှေလျှက်၊ သားငယ်တို့အပေါ် မှာလှုပ်ရှားလျှက်၊ အတောင်တို့ကို ဖြန့်လျှက်၊ သားငယ်တို့ကိုယူ၍ မိမိအတောင်တို့ဖြင့် ဆောင်သကဲ့သို့၊
၁၂ ထာဝရဘုရားတပါးတည်းသာလျှင်၊ ယာကုပ်ကို ဆောင်သွားတော်မူ၏။ အခြားတပါးသော ဘုရားမည်မျှမရှိ။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:29);
၂၉ ငါ့ထမ်းဘိုးကိုတင်၍ထမ်းကြလော့။ ငါ့ထံ၍ နည်းခံကြလော့။ ငါသည်နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၈ (Matt 18:1-14);
၁ ထိုအခါတပည့်တော်တို့သည် ချဉ်းကပ်၍ကောင်းကင်နိုင်ငံတော်၌ အဘယ်သူသည်သာ၍ ကြီးမြတ်ပါအံ့နည်း ဟုမေးလျှောက်ကြသော်၊
၂ သူငယ်တယောက်ကိုခေါ်တော်မူ၍၊ တပည့်တော်တို့အလယ်၌ ထားပြီးမှ၊
၃ ငါအမှန်ဆိုသည်ကား၊ သင်တို့သည်ပြောင်းလဲ၍သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မရောက်ရကြ၊
၎ ထိုကြောင့် အကြင်သူသည် ဤသူငယ်ကဲ့သို့မိမိကိုမိမိနှိမ့်ချအံ့၊ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌သာ၍ကြီး မြတ်လိမ့်မည်။
၅ အကြင်သူသည်ငါ့မျက်နှာကိုထောက်၍ဤကဲ့သို့သော သူငယ်တစုံတယောက်ကိုလက်ခံ၏၊ ထိုသူသည် ငါ့ကိုပင်လက်ခံ၏။
၆ ငါ့ကိုယုံ ကြည်သော ဤသူငယ်တစုံတယောက်ကို အကြင်သူသည်မှားယွင်းစေ၏၊ ထိုသူသည်လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲ၍ နက်နဲသောပင်လယ်၌ နှစ်မြှုပ်ခြင်းကိုခံရလျှင်အနေသာ၍ကောင်း၏။
၇ မှားယွင်းစရာအကြောင်းများရှိသောကြောင့်လောကီသားတို့သည် အမင်္ဂလာရှိကြ၏။မှားယွင်းစရာ အကြောင်းရှိရမည်။ သို့သော်လည်းမှားယွင်းစရာအကြောင်းကို ဖြစ်စေသောသူသည်အမင်္ဂလာရှိ၏။
၈ သင်၏လက်ခြေ သည်သင့်ကိုမှားယွင်းစေလျှင် လက်ခြေကိုဖြတ်ပစ်လော့။ လက်ခြေအစုံနှင့် ထာဝရမီးထဲသို့ချခြင်းကိုခံရသည်ထက် အင်္ဂါချို့တဲ့၍ အသက်ရှင်ခြင်းသို့ဝင်စားသော်သာ၍ကောင်း၏။
၉ သင်၏မျက်စိသည်လည်းသင့်ကိုမှားယွင်းစေလျှင်၊ မျက်စိကိုထုတ်ပစ်လော့။မျက်စိနှစ်ဘက်စုံနှင့် ငရဲမီးထဲသို့ ချခြင်းကို ခံရသည်ထက် မျက်စိတဘက်နှင့် အသက်ရှင်ခြင်း သို့ဝင်းစားသော်သာ၍ကောင်း၏။
၁၀ သင်တို့သည် ဤသူငယ်တစုံတယောက်ကိုမထီမဲ့မြင်မပြုမည်အကြောင်း သတိရှိကြလော့။ ငါဆိုသည်ကား၊ သူတို့၏ ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ ရှိတော်မူသောငါ့အဘ၏ မျက်နှာတော်ကိုအစဉ်မပြတ်ဖူးမြင်ကြ၏။
၁၁ ထိုမှတပါး လူသားသည်ပျောက်သောသူတို့ကို ကယ်တင် အံ့သောငှါ ကြွလာသတည်း။
၁၂ အဘယ်သို့ထင်ကြ သနည်း။ သိုးတရာရှိသောသူ၌ သိုးတကောင်သည် လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူသည် ကိုးဆယ်ကိုးကောင်သော သိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတကောင်ကိုသွား၍ ရှာတတ်သည် မဟုတ်လော။
၁၃ တွေ့ပြီးလျှင်၊ လမ်းမလွဲမပျောက်သောသိုးကိုးဆယ်ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက်၊ ထိုသိုးတကောင်၌ သာ၍ဝမ်းမြောက်ခြင်းရှိသည် ဟုငါအမှန်ဆို၏။
၁၄ ထိုနည်းတူ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်မျှ ပျက်စီးစေခြင်းငှါ အလိုရှိတော်မရှိ။