Mon the 27th: Eph 4:32-5:8; Ps 1:1-6; John 17:17, 17; Luke 13:10-17
ဧဖက်သြဝါဒစာ အခန်းကြီး ၄ (Eph 4:32-5:8);
၃၂ အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏ အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။
၁ ထိုသို့ သင်တို့သည် ဘုရားသခင်၏ ချစ်သားဖြစ်ကြသည်နှင့်အညီ၊ ဘုရားသခင်ကျင့်တော်မူသည် နည်းတူ ကျင့်ကြလော့။
၂ ခရစ်တော်သည် ငါတို့ကို ချစ်တော်မူသောအားဖြင့် ဘုရားသခင့်ရှေ့တော်၌ မွှေးကြိုင်သော အနံ့ ရှိစေခြင်းငှါ၊ ကိုယ်ကိုကိုယ် ဆက်ကပ်၍ ယဇ်ပူဇော်လျက်၊ ငါတို့အတွက် စွန့်တော်မူသည် နည်းတူ၊ သင်တို့သည် မေတ္တာတရား၌ ကျင်လည်ကြလော့။
၃ မတရားသောမေထုံ၌မှီဝဲခြင်း၊ အမျိုးမျိုးသောကိလေသာ ညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်းအမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း၊ စကားဖြင့်မျှ မဆက်ဆံကြနှင့်။
၎ မတော်မလျော်သော ညစ်ညူး ပြက်ပြယ်ပြက်ယယ်သော စကားများကိုလည်း ပယ်၍ ကျေးဇူးတော်ချီးမွမ်းခြင်းစကားကို သုံးကြလော့။
၅ မတရား သောမေထုန်၌ မှီဝဲသောသူ၊ ညစ်ညူးစွာပြုသောသူ၊ ရုပ်တုကို ကိုးကွယ်သောသူဖြစ်သော လောဘလွန်ကျူးသော သူတစုံတယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံ၌ အမွေမခံရသည်ကို သင်တို့သိကြ၏။
၆ လျှပ်ပေါ်သော စကားဖြင့် အဘယ်သူမျှ သင်တို့ကိုမလှည့်ဖြားစေနှင့်။ ထိုအမှုကြောင့် ဘုရားသခင်၏အမျက်တော်သည် ငြင်းဆန် တတ်သော သူတို့အပေါ်သို့ သင့်ရောက်ပေ၏။
၇ ထိုကြောင့် သူတို့နှင့်ဆက်ဆံ၍ မကျင့်ကြနှင့်။
၈ အထက်ကာလ၌ သင်တို့သည် မှောင်မိုက်အတိဖြစ်ကြ၏။ ယခုမူကား၊ သခင်ဘုရား၌ အလင်းဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏သား ကဲ့သို့ ကျင့်နေကြလော့။
ဆာလံကျမ်း အခန်းကြီး ၁ (Ps 1:1-6);
၁ မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊၊
၂ လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင် ပြုသောသူတို့၏ အစည်းအဝေး၌ မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဥ့်မပြတ်ဆင်ခြင် အောက်မေ့သောသူသည် မင်္ဂလာရှိ၏၊၊
၃ အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏၊၊ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း၊၊
၎ မတရားသောသူတို့မူကား ထိုကဲ့သို့မဟုတ်၊၊ လေတိုက်၍ လွင့်သောဖွဲနှင့်တူကြ၏၊၊
၅ ထို့ကြောင့် တရားဆုံး ဖြတ်တော်မူရာကာလ၌ မတရားသောသူတို့သည် မတည်မနေရကြ၊၊ ဖြောင့်မတ်သောသူတို့၏ အပေါင်းအသင်းထဲသို့ လူဆိုးတို့သည် မဝင်ရကြ၊၊
၆ အကြောင်းမူကား ဖြောင့်မတ်သောသူတို့၏ လမ်းကို ထာဝရဘုရားသိကျွမ်းတော်မူ၏။ မတရားသော သူတို့၏လမ်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်သတည်း၊၊
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၇ (John 17:17, 17);
၁၇ ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၃ (Luke 13:10-17);
၁၀ တနေ့သောဥပုသ်နေ့၌ ယေရှုသည် တရားစရပ်တွင် ဆုံးမသြဝါဒပေးတော်မူသောအခါ၊
၁၁ တဆယ်ရှစ် နှစ်ပတ်လုံး နတ်စွဲ၍ ရောဂါနှိပ်စက်ခြင်းကို ခံရသောမိန်းမတယောက်ရှိ၏။ ထိုမိန်းမသည် ကျောကုန်း၍ ကိုယ်ကို အလျှင်းမဆန့်နိုင်။
၁၂ ယေရှုသည် ထိုမိန်းမကိုမြင်တော်မူလျှင် အထံတော်သို့ခေါ်၍၊ အချင်းမိန်းမ၊ သင်သည်အနာ ရောဂါနှင့် လွတ်၏ဟု မိန့်တော်မူလျက်၊
၁၃ သူ့အပေါ်မှာလက်တော်ကို တင်တော်မူသဖြင့်၊ သူသည်ချက်ခြင်း တည့်မတ်ခြင်းသို့ရောက်၍ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းလေ၏။
၁၄ ထိုသို့ဥပုသ်နေ့၌ ယေရှုသည် အနာရောဂါကို ငြိမ်းစေတော်မူသောကြောင့် တရားစရပ်မှူးသည် အမျက်ထွက်၍၊ အလုပ်လုပ်ရသောနေ့ရက် ခြောက်ရက်ရှိ၏ ထိုနေ့ရက်တွင်လာ၍ အနာရောဂါငြိမ်းစေခြင်း ကျေးဇူးကို ခံကြလော့။ ဥပုသ်နေ့၌ မလာမခံကြနှင့်ဟု ပရိသတ်တို့အား ဆို၏။
၁၅ သခင်ဘုရားကလည်း၊ လျှို့ဝှက်သောသူ၊ သင်တို့ရှိသမျှသည် ဥပုသ်နေ့၌မြင်း၊ နွားကို တင်းကုပ်မှ လွှတ်၍ ရေတိုက်ခြင်းငှါ ဆောင်သွားတတ်သည်မဟုတ်လော။
၁၆ တဆယ်ရှစ်နှစ်ပတ်လုံး စာတန်ချည်နှောင်သော အာဗြဟံ၏ သမီးဖြစ်သော ဤမိန်းမကို ဤချည်နှောင်ခြင်းမှ ဥပုသ်နေ့၌ မလွှတ်ရသလောဟု မိန့်တော်မူ၏။
၁၇ ထိုသို့မိန့်တော်မူပြီးမှ ရန်ဘက်နေသောသူအပေါင်းတို့သည် ရှက်ကြောက်ခြင်းရှိ၍၊ ပြုတော်မူသော အံ့သြဘွယ် အမှုများတို့ကို လူအပေါင်းတို့သည် နှစ်သက်ဝမ်းမြောက်ကြ၏။