Sat the 4th: Memorial of Francis of Assisi.
Job 42:1-17; Ps 119:66-130; Matt 11:25; Luke 10:17-24
ယောဘဝတ္တု အခန်းကြီး ၄၂(Job 42:1-17);
၁ ယောဘသည် ထာဝရဘုရားအား ပြန်လျှောက်သည်ကား၊
၂ ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင် တော်မူကြောင်းကိုင်း၊ အကြံအစည်တော်ကို အဘယ်သူမျှ မတားဆီးနိုင်ကြောင်းကိုင်း၊ အကျွန်ုပ်သိပါ၏၊၊
၃ ပညာ မရှိဘဲ အကြံအစည်တော်ကို မိုက်စေသောသူကား အဘယ်သူနည်း၊၊ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သော အရာတို့ကိုင်း၊ ကိုယ်တိုင်မသိ ၊ အံသြ၍ မကုန်နိုင်သောအရာတို့ကိုင်း ပြောမိပါပြီ၊၊
၎ နားထောင် တော်မူပါ၊၊ အကျွန်ုပ်လျှောက်ပါမည်၊၊ အကျွန်ုပ်မေးလျှောက်သောအရာတို့ကို သွန်သင်တော်မူပါ၊၊
၅ သီတင်းတော်ကို အကျွန်ုပ် သည် နားနှင့်ကြားဘူးပါပြီ၊၊ ယခုမူကား ကိုယ်တော်ကို မျက်စိနှင့် မြင်ရပါ၏၊၊
၆ ထိုကြောင့် အကျွန်ုပ်သည် ကိုယ်ကို ရွံ့ရှာပါ၏၊၊ မြေမှုန့်နှင့် မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ ဟု လျှောက်တင်လေ၏၊၊
၇ ထိုသို့သော ထာဝရဘုရားသည် ယောဘအား မိန့်တော်မူပြီးမှ တေမန်အမျိုးသား ဧလိဖတ်အားလည်း သင်နှင့် သင်၏ အဆွေခင်ပွန်းနှစ်ယောက်ကို ငါအမျက်ထွက်၏၊၊ အကြောင်းမူကား ငါကျွန်ယောဘသည် ငါ့အကြောင်း အရာတို့ကို ဟုတ်မှန်စွာ ပြောသကဲ့သို့ သင်တို့သည် မပြော၊၊
၈ သို့ဖြစ်၍ နွားထီး ခုနှစ်ကောင်နှင့် သိုးထီးခုနှစ်ကောင် တို့ကိုယူပြီးလျှင် ငါ့ကျွန်ယောဘထံသို့ သွား၍ မိမိတို့အဘို့ မီးရှို့ရာယဇ်ကို ပူဇော်ကြလော့၊၊ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ဆုတောင်းရမည်၊၊ သူ၏ မျက်နှာကို ငါထောက်မည်၊၊ သို့မဟုတ် ငါ့ကျွန်ယောဘသည် ငါ့အကြောင်းအရာ ကို ဟုတ်မှန်စွာ ပြောသကဲ့သို့ သင်တို့သည် မပြောသောအပြစ်နှင့်အလျောက် ငါစီရင်မည်ဟု မိန့်တော်မူ၏၊၊
၉ ထိုသို့ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း တေမန်အမျိုးသား ဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုး သား ဇောဖာတို့သည်လည်း သွား၍ ပြုကြ၏၊၊ ထာဝရဘုရားသည် လည်း ယောဘ၏ မျက်နှာကို ထောက်တော်မူ၏။
၁၀ ယောဘသည် အဆွေခင်ပွန်းတို့အဘို့ ဆုတောင်းပြီးမှ သူခံရသော ဒုက္ခအကြောင်းကို ထာဝရဘုရားသည် ပယ်ရှင်း ၍ အရင်ထက် နှစ်ဆသော ဥစ္စာကို ပေးတော်မူ၏၊၊
၁၁ ထိုအခါ သူ၏ ညီအစ်ကိုနှမများ၊ အရင် သိကျွမ်းသော သူများအ ပေါင်းတို့သည် သူထံသို့လာ၍ သူ၏ အိမ်၌ သူနှင့်အတူ စားသောက်ကြ၏၊၊ သူ့အပေါ်မှာ ထာဝရဘုရား ရောက်စေ တော်မူသော ဒုက္ခဆင်းရဲရှိသမျှကို အောက်မေ့၍ သူနှင့်အတူ ညည်းတွားခြင်းနှင့် နှစ်သိမ့်စေခြင်းကို ပြုကြ၏၊၊ ထိုသူအပေါင်းတို့သည်လည်း ငွေတပြားစီနှင့် ရွှေနားထောင်းတဘက်စီ ပေးကြ၏၊၊
၁၂ ထိုသို့ ထာဝရဘုရားသည် ယောဘ၏ ရှေ့ဖြစ်ဟန်ကို ကောင်းကြီးပေးတော်မူသည်ထက် နောက်ဖြစ်ဟန် ကိုသာ၍ ကောင်းကြီးပေးတော်မူသဖြင့် သူသည် သိုးတသောင်း လေးထောင် ၊ ကုလားအုပ်ခြောက်ထောင် ၊ နွားယှဉ် တထောင်၊ မြည်းမတထောင်ကို ရတတ်၏၊၊
၁၃ သားခုနှစ်ယောက်နှင့် သမီးသုံးယောက်လည်း ရပြန်၏၊၊
၁၄ သမီးကြီးကား ယေမိမ၊ သမီးလပ်ကား ကေဇိ၊ သမီးငယ်ကား ကေရင်္ဟပ္ပုတ်အမည်ရှိသတည်း၊၊
၁၅ တပြည်လုံး၌ ယောဘ၏ သမီးကဲ့ သို့ လှသောမိန်းမတစ်စုံတစ်ယောက် မျှမရှိ၊၊ သူတို့၏ အဘသည် သူတို့ မောင်များနှင့်အညီအမျှ သူတို့အား အမွေ ဥစ္စာကို ဝေပေးလေ၏၊၊
၁၆ ထိုနောက် ယောဘသည် အနှစ်တရာလေးဆယ် အသက်ရှင်၍ မိမိသားမြေး၊ မြစ်တို့ကိုပင် မြင်ရပြီးမှ
၁၇ အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော် အနိစ္စ ရောက်လေ၏၊၊
ဆာလံကျမ်း အခန်းကြီး ၁၁၉ (Ps 119:66-130);
၆၆ ပညတ်တော် တို့ကို အကျွန်ုပ် ယုံကြည်သည်ဖြစ်၍၊ ကောင်းသောဥာဏ်နှင့် ပညာတော်အတတ်ကို သွင်းပေးတော်မူပါ။
၆၇ အကျွန်ုပ် သည် ဆင်းရဲမခံမီ လမ်းလွှဲပါ၏။ ယခုမူကား ဗျာဒိတ်တော်အတိုင်း ကျင့်စောင့်ပါ၏။
၆၈ ကိုယ်တော်သည် ကောင်းသောသဘော ကျေးဇူးပြုတက်သောသဘော ရှိတော်မူ၏။အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။
၆၉ မာနကြီးသော သူတို့သည် အကျွန်ုပ်တဘက် ၌မုသာ စကားကို ကြံစည်သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို စိတ်နှလုံးအကြွင်းမဲ့ ကျင့်ပါ၏။
၇၀ သူတို့နှလုံးသည် ဆီဥကဲ့သို့ ခဲလျက်ရှိ၏။ အကျွန်ုပ်မူကား၊ ကိုယ်တော်၏တရား၌ မွေ့လျော်ပါ၏။
၇၁ အထုံးအ ဖွဲ့တော်တို့ကို သွန်သင်စေခြင်းငှာ၊ အကျွန်ုပ် ဆင်းရဲခံရသော ကျေးဇူးသည် ကြီးမားပါ၏။
၇၂ နှုတ်တော်ထွက် တရားတော်သည် ရွှေငွေအထောင်၊အသောင်း ထက်မက၊ အကျွန်ုပ်၌သာ၍ကောင်းပါ၏။
၇၃ ကိုယ်တော်၏ လက်တို့သည် အကျွန်ုပ်ကို ဖန်ဆင်း၍၊ ပုံသဏာန်ကို ပေးတော်မူပြီ။ ပညတ်တော်တို့ကို အကျွန်ုပ် သင်နိုင်သော ဥာဏ်နှင့် ပြည့်စုံစေတော်မူပါ။
၇၄ နှုတ်ကပတ်တော်ကို အကျွန်ုပ် မြော်လင့်သောကြောင့်၊ ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့သည် အကျွန်ုပ်ကို မြင်၍ ဝမ်းမြောက်ကြပါ လိမ့်မည်။
၇၅ အိုထာဝရဘုရား၊ စီရင်တော်မူချက်တို့သည် ဟုတ်မှန်ကြောင်းကို၎င်း၊ သစ္စာတော်နှင့်အညီ အကျွန်ုပ်ကို ဆင်းရဲတော်မူစေကြောင်းကို၎င်း၊ အကျွန်ုပ်သိပါသည်။
၇၆ ကိုယ်တော်၏ကျွန်၌ မိန့်တော်မူချက် အတိုင်း၊ ကရုဏာတော်သည် အကျွန်ုပ်ကိုချမ်းသာပေးပါ စေသောဟု ဆုတောင်းပါ၏။
၇၇ ကိုယ်တော်၏ တရားသည် အကျွန်ုပ်မွေ့လျော်ရာဖြစ်ပါ၏။ ထို့ကြောင့် အကျွန်ုပ် အသက်ရှင်မည်အကြောင်း သနားစုံမက် တော်မူခြင်းသည် သက်ရောက်ပါစေသော။
၇၈ မာနကြီးသော သူတို့သည် ရှက်ကြောက်ကြပါစေသော။ အကြောင်းမရှိဘဲ အကျွန်ုပ်၌ မတရားသဖြင့် ပြုကြပါပြီ။ အကျွန်ုပ်မူကား ကိုယ်တော်၏ ဥပဒေသများကို ဆင်ခြင် အောက်မေ့ပါသည်။
၇၉ ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ သက်သေခံတော်မူချက်တို့ကို သိသောသူတို့သည် အကျွန်ုပ်ထံသို့ လှည့်ကြပါစေသော။
၈၀ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ အကျွန်ုပ်နှလုံးသည် အထုံးအဖွဲ့တော်တို့၌ စုံလင်ပါစေသော၊၊
၈၁ အကျွန်ုပ်ဝိညာဉ်သည် ကယ်တင်တော်မူခြင်းကျေးဇူးကို တောင့်တလျက်နှင့် ခွန်အားလျော့ပါ၏။ သို့သော်လည်း၊ နှုတ်ကပတ်တော်ကို မြော်လင့်ပါ၏။
၈၂ အကျွန်ုပ်ကို အဘယ်ကာလမှ ချမ်းသာပေးတော်မူ မည်နည်း ဟူ၍၊ အကျွန်ုပ် မျက်စိတို့သည် ဗျာဒိတ်တော်ကို မြော်လင့်လျက်အား ကုန်ပါ၏။
၈၃ မီးခိုး၌ရှိသော သားရေဘူးကဲ့သို့ အကျွန်ုပ်ဖြစ်ပါ၏။ သို့သော်လည်း အထုံးအဖွဲ့တော်တို့ကို မမေ့မလျော့ပါ။
၈၄ ကိုယ်တော်၏ ကျွန်နေရသော နေ့ရက် ကာလအဘယ်မျှလောက်ကြာရပါမည်နည်း။ အကျွန်ုပ်ကိုညှင်းဆဲသောသူတို့အား၊ အဘယ်ကာလမှ တရားဆုံးဖြတ် တော်မူမည်နည်း။
၈၅ မာနကြီးသောသူ၊ ကိုယ်တော်၏ တရားကို လွန်ကျူးသော သူတို့သည် အကျွန်ုပ်အဘို့ တွင်းများကို တူးကြပါပြီ။
၈၆ အလုံးစုံးသော ပညတ်တော်တို့သည် သစ္စာနှင့်ပြည့်စုံကြပါ၏။ သူတပါးတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကို ညှဉ်းဆဲကြသည်ဖြစ်၍၊မစတော်မူပါ။
၈၇ သူတို့သည် အကျွန်ုပ်ကို မြေကြီးပေါ် ကသုတ်သင် ပယ်ရှင်းလုပါပြီ။ သို့သော်လည်း ကိုယ်တော်၏ ဥပဒေသများကို အကျွန်ုပ် မစွန့်ပါ။
၈၈ ဂရုဏာ တော်ရှိသည့်အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ နှုတ်တော်ထွက် ဗျာဒိတ်တော်ကို စောင့်ပါမည်။
၈၉ အိုထာဝရဘုရား၊ နှုတ်ကပတ်တော်သည်ကောင်းကင်ဘုံ၌အစဉ်အမြဲတည်ပါ၏။
၉၀ သစ္စာတော်သည် လူမျိုးအဆက်ဆက် မြဲမြံပါ၏။ မြေကြီးကိုတည်စေတော်မူသဖြင့်၊ သူသည် အမြဲနေပါ၏။
၉၁ ခပ်သိမ်းသော အရာတို့ သည် ကိုယ်တော်၏ ကျွန်ဖြစ်၍ စီရင်တော်မူသည်နှင့်အညီ၊ ယနေ့တိုင်အောင် အမြဲနေကြပါ၏။
၉၂ အကျွန်ုပ်သည် ကိုယ်တော်၏ တရား၌ မွေ့လျော်ခြင်းမရှိလျှင် အထက်က ဆင်းရဲခံစဉ်ပျက်စီးပါပြီ။
၉၃ ကိုယ်တော်၏ ဥပဒေများကို အစဉ်မမေ့လျော့နိုင်ပါ။ အကြောင်းမူကား၊ ထိုဥပဒေသများအားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူ၏။
၉၄ အကျွန်ုပ်သည်ကိုယ်တော်၏ ကျွန်ဖြစ်ပါ၏။ ကိုယ်တော်၏ ဥပဒေများကို ရှာဖွေလိုက်စစ်သောကြောင့်အကျွန်ုပ်ကို ကယ်တင်တော်မူပါ။
၉၅ အကျွန်ုပ်ကို ဖျက်ဆီးခြင်းငှါ၊ မတရားသော သူတို့သည် စောင့်လျက်နေကြပါ၏။ သို့သော်လည်း၊ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဆင်ခြင်အောက်မေ့ပါမည်။
၉၆ ခပ်သိမ်းသော စုံလင်ခြင်း၏ အဆုံးကို အကျွန်ုပ်မြင်ပါပြီ၊၊ ပညတ်တရား တော်မူ ကား အလွန်ကျယ်ဝန်းပါ၏၊၊
၉၇ ကိုယ်တော်၏ တရားကို အကျွန်ုပ်သည် အလွန်နှစ်သက်ပါ၏၊၊ တနေ့လုံး ဆင်ခြင်အောက်မ့ လျက်နေပါ၏၊
၉၈ ပညတ်တရားတော်သည် အကျွန်ုပ်ရန်သူတို့ထက် အကျွန်ုပ်ကိုသာ၍ ပညာရှိစေပါ၏၊၊ ပညတ်တရားတော်သည် အကျွန်ုပ်၌ အစဉ်တည်ပါ၏၊၊
၉၉ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်သည် ဆင်ခြင်အောက်မေ့သောကြောင့် အကျွန်ုပ်၏ ဆရာအပေါင်းတို့ ထက်သာ၍ နားလည်ပါ၏၊၊
၁၀၀ ဝကိုယ်တော်၏ ဥပဒေသများကို စောင့်သောကြောင့် အသက် ကြီးသူတို့ထက် သာ၍ ဥာဏ်ကောင်းပါ၏၊၊
၁၀၁ နှုတ်ကပတ်တော်ကို စောင့်လိုသောငှါ မကောင်းသောလမ်း ရှိသမျှတို့ကို လွှဲရှောင်ပါ၏၊၊
၁၀၂ ကိုယ်တော်သည် သွန်သင်တော်မူသောကြောင့် စီရင်တော်မူချက်တို့မှ အကျွန်ုပ်လွှဲ၍ မသွားပါ၊၊
၁၀၃ မိန့်တော်မူချက်တို့သည် အကျွန်ုပ်အာခေါင်၌ အလွန်ချိုကြပါ၏၊၊ ခံတွင်းထဲမှာ ပျားရည်ထက် သာ၍ ချိုကြပါ၏၊၊
၁၀၄ ကိုယ်တော်၏ ဥပဒေသများအားဖြင့် အကျွန်ုပ် သည် ဥာဏ်တိုးပွား၍ မိစ္ဆြွာလမ်းရှိသမျှ တို့ကို မုန်းပါ၏၊၊
၁၀၅ နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ် ၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏၊၊
၁၀၆ ဖြောင့်မတ်စွာ စီရင်တော်မူချက်တို့ကို စောင့်ပါမည်ဟု အကျွန်ုပ်ကျိန်ဆိုသည်အတိုင်း ပြုပါမည်၊၊
၁၀၇ အိုထာဝရဘုရား အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းကို ခံရပါ၏၊၊ နှုတ်ကပတ်တော်အတိုင်း အသက် ရှင်စေတော်မူပါ၊၊
၁၀၈ အိုထာဝရဘုရား အကျွန်ုပ်သည် စေတနာစိတ်ရှိ၍ ကိုယ်နှုတ်နှင့်ဆက်သော ပူဇော်သက္ကာတို့ကို နှစ်သက်တော်မူပါ၊၊ စီရင်တော် မူချက်တို့ကိုလည်း အကျွန်ုပ်၌ သွန်သင်တော်မူပါဟု တောင်းပန်ပါ၏၊၊
၁၀၉ အကျွန်ုပ်အသက်သည် ကိုယ်လက်၌ အစဉ်ရှိပါ၏၊၊ သို့သော်လည်း တရားတော်ကို မမေ့မလျော့ပါ၊၊
၁၁၀ မတရားသောသူတို့သည် အကျွန်ုပ်ဘို့ ကျော့ကွင်းကို ထောင်ထားကြပါ၏၊ သို့ သော်လည်း ကိုယ်တော်၏ ဥပဒေသများမှလွဲ၍ မသွားပါ၊၊
၁၁၁ သက်သေခံ တော်မူချက်တို့သည် အကျွန်ုပ်နှလုံး ရွှင်လန်းရာဖြစ်၍ ကိုယ်အမွေဥစ္စာဘို့ အစဉ်အမြဲခံယူပါ၏၊၊
၁၁၂ အထုံးအဖွဲ့ တော်တို့ကို အဆုံးတိုင်အောင် အစဉ်လိုက်ခြင်းအလိုငှါ ကိုယ်စိတ်နှလုံးကို တိုက်တွန်းပါ၏၊၊
၁၁၃ အကျွန်ုပ်သည် အဓမ္မလူတိုကိုမုန်း၍ ကိုယ်တော်၏တရားကိုနှစ်သက်ပါ၏။
၁၁၄ ကိုယ်တော်သည် အကျွန်ုပ်၏ အကွယ်အကာ၊ အကျွန်ုပ်၏ ဒိုင်းလွှားဖြစ်တော်မူ၏၊၊ နှုတ်ကပတ်တော်ကို မြော်လင့်လျက် နေပါ၏၊၊
၁၁၅ ဒုစရိုက်ကိုပြုသော သူတို့ ငါ့ထံမှ ဖယ်သွားကြ၊၊ ငါသည် ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်စောင့်မည်၊၊
၁၁၆ အကျွန်ုပ်သည် အသက်ရှင်ပါမည်အကြောင်း၊ မိန့်တော်မူချက်အတိုင်း ထောက်မ တော်မူပါ။ အကျွန်ုပ်မြော်လင့်ခြင်း အကြောင်းမှ မရှက်မကြောက်ပါစေနှင့်။
၁၁၇ အကျွန်ုပ်သည် ချမ်းသာရပါမည်အကြောင်း မစတော်မူပါ။ အထုံးအဖွဲ့ တော်တို့ကို အစဉ်အမြဲ ထောက်ရှုပါမည်။
၁၁၈ အထုံးအဖွဲ့တော်တို့မှ လွှဲသွားသမျှသော သူတို့ကို ပယ်တော် မူ၏။သူတို့ပရိယာယ်သည် မုသာ ဖြစ်ပါ၏။
၁၁၉ မတရားသော မြေသားအပေါင်းတို့ကိုချော်ကဲ့သို့ မှတ်တော်မူ၏။ ထို့ကြောင့် သက်သေခံတော်မူချက် တို့ကို အကျွန်ုပ်နှစ်သက်ပါ၏။
၁၂၀ ကိုယ်တော်ကို ထိန့်လန့်သဖြင့် အကျွန်ုပ်သည် ကြက်သီးမွေးညှင်းထ၍၊ စီရင်တော်မူချက်တို့မှ ကြောက်ပါ၏။
၁၂၁ အကျွန်ုပ်သည် တရားဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာစီရင်ခြင်းကို ပြုပါပြီ၊၊ ညှဉ်းဆဲသော သူတို့လက်၌ အကျွန်ုပ်ကို ပစ်ထားတော်မမူပါနှင့်၊၊
၁၂၂ ကိုယ်တော်၏ ကျွန်အဖို့ငှါ အာမခံတော်မူပါ၊၊ မာနကြီးသောသူတို့သည် အကျွန်ုပ်ကို မနှိပ်စက်ကြပါစေနှင့်၊၊
၁၂၃ ကယ်တင်တော်မူခြင်းကျေးဇူးကို၎င်း၊ ဖြောင့်မတ်ခြင်းတရားတော်နှင့်ယှဉ်သော ဗျာဒိတ်တော်ကို၎င်း၊ အကျွန်ုပ်မျက်စိသည် မျှော်၍ အားကုန်ပါပြီ၊၊
၁၂၄ ကရုဏာတော်ရှိသည်အတိုင်း ကိုယ်တော်၏ ကျွန်၌ ပြု၍ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ၊၊
၁၂၅ အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်ဖြစ်ပါ၏၊၊ သက်သေခံ တော်မူချက် တို့ကို နားလည်နိုင်သော ဥာဏ်ကို ပေးသနားတော်မူပါ၊၊
၁၂၆ အို ထာဝရဘုရား စီရင်တော်မူချိန်ရောက်ပါ ပြီ။ သူတပါး များတို့သည် တရားတော်ကို ပယ်ကြပါ၏၊၊
၁၂၇ အကျွန်ုပ်မူကား၊ ပညတ်တော်တို့ကို ရွှေထက်မက ရွှေစင်ထက်သာ၍ နှစ်သက်ပါ၏၊၊
၁၂၈ သို့ဖြစ်လျှင် ကိုယ်တော်၏ ဥပဒေသအလုံးစုံတို့သည် ဖြောင့်ကြသည်ဟု ထင်မှတ် လျက် မိစ္ဆြွာလမ်း ရှိသမျှ တို့ကို မုန်းပါ၏၊
၁၂၉ သက်သေခံတော်မူချက်တို့သည် အံ့သြဘွယ် ဖြစ်၍ အကျွန်ုပ်ဝိညာဉ်သည် စောင့်ရှောက်တတ် ပါ၏၊
၁၃၀ နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကို ပေး၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်ပါ၏၊၊
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:25);
၂၅ ထိုအခါယေရှုက၊ ကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောအဘ၊ ကိုယ်တော်သည်ပညာ အလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကိုထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အားဘော်ပြတော် မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၀ (Luke 10:17-24);
၁၇ ထိုခုနစ်ကျိပ်သောတပည့်တော်တို့သည် ဝမ်းမြောက်သောစိတ်နှင့်ပြန်လာ၍၊ သခင်၊ ကိုယ်တော် ၏နာမ အားဖြင့် အကျွန်ုပ်တို့သည် နတ်ဆိုးကိုပင်နိုင်ပါသည်ဟုလျှောက်ကြ၏၊
၁၈ ယေရှုကလည်း၊ စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကိုငါမြင်ပြီ။
၁၉ သင်တို့သည်မြွေ၊ ကင်းမြီးကောက်တို့ကို နိုင်ရသောအခွင့်နှင့် ရန်သူများကို နိုင်ရသောအခွင့်တန်ခိုးကိုငါပေးမည်။ သင်တို့ကို အဘယ်ဘေးမျှမညှင်းဆဲရ။
၂၀ သို့သော်လည်း နတ်ဆိုးကိုနိုင်ရသော ကြောင့်သာ ဝမ်းမြောက်ခြင်းမရှိကြနှင့်။ သင်တို့၏နာမည်များသည် ကောင်းကင်စာရင်း၌ဝင်သည်ကို ဝမ်းမြောက်ခြင်း ရှိကြလော့ဟု မိန့်တော်မူ၏။
၂၁ ထိုအခါယေရှုသည် ဝမ်းမြောက်တော်မူခြင်းစိတ်ရှိသဖြင့်၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော် မူသော အဘ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့်ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ် ထားလျက် သူငယ်တို့အားဘော်ပြတော်မူသည်ဖြစ်၍၊ ကျေးဇူးတော်ကိုအကျွန်ုပ်ချီးမွမ်းပါ၏။ ထိုသို့အလို တော်ရှိသောကြောင့် မှန်ပါ၏၊ အဘ။
၂၂ ငါ့ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌အပ်တော်မူပြီ။ သားတော်ကား အဘယ်သူ ဖြစ်သည်ကို ခမည်းတော်ထံမှတပါး အဘယ်သူမျှမသိ။ ခမည်းတော်ကား အဘယ်သူဖြစ်တော်မူသည်ကို သားတော်နှင့်သားတော်သည် လင်းစေလိုသောသူမှတပါး အဘယ်သူမျှ မသိဟု မိန့်တော်မူ၏။
၂၃ ထိုအခါ တပည့်တော်တို့ကိုလှည့်ကြည့်၍၊ ယခုမြင်သမျှသောအရာတို့ကို သင်တို့မြင်သောကြောင့် သင်တို့မျက်စိသည် မင်္ဂလာရှိ၏။
၂၄ ငါဆိုသည်ကား၊ သင်တို့မြင်ရသောအရာတို့ကို ပရောဖက်များနှင့် ရှင်ဘုရင်များတို့သည် မြင်ခြင်းငှါ အလိုတော်ရှိသော်လည်း မမြင်ရကြ။ သင်တို့ကြားရသောအရာတို့ကို ကြားခြင်းငှါအလိုရှိသော်လည်း မကြားရကြဟု တပည့်တော်တို့အားသာ မိန့်တော်မူ၏။