Monday, 6 October 2014

6-OCTOBER-2014-(READING)

Mon the 6th:        Optional memorial of Bruno, priest.
Gal 1:6-12; Ps 111:1-10; John 13:34; Luke 10:25-37

ဂလာတိသြဝါဒစာ အခန်းကြီး ၁ ( Gal 1:6-12);

၆ ခရစ်တော်၏ ကျေးဇူးအားဖြင့် သင်တို့ကိုခေါ်တော်မူသောသူနှင့် ဤမျှလောက် မြန်မြန်ခွာ၍ သင်တို့သည် အခြားသော ဧဝံဂေလိတရားကို ခံယူကြသောကြောင့် ငါသည် အံ့သြခြင်းရှိ၏။
၇ ထိုဧဝံဂေလိတရားသည် ဧဝံဂေလိ တရားမဟုတ်။ သင်တို့ကိုနှောင့်ရှက်၍ ခရစ်တော်၏ ဧဝံဂေလိတရားကို မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။
၈ သို့သော်လည်း သင်တို့အား ငါဟောပြောသော ဧဝံဂေလိတရားမှတပါး အခြားသောဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန်ပြောသော်၎င်း၊ ဟောပြောသောသူသည် ကျိန်တော်မူခြင်းကိုခံစေ။
၉ တဖန်တုံ၊ သင်တို့ခံယူပြီးသော ဧဝံဂေလိတရားမှတပါး အခြားသောဧဝံဂေလတရားကို တစုံတယောက်သောသူ ဟောပြောလျှင်၊ ထိုသူသည် ကျိန်တော်မူခြင်းကိုခံစေဟု ငါတို့ဆိုခဲ့ပြီးသည်အတိုင်း ယခု ငါထပ်၍ဆိုသေး၏။
၁၀ အကြောင်းမူကား၊ ယခုတွင်ငါသည် လူ၏အလိုသို့လိုက်သလော။ ဘုရားသခင်၏အလိုတော်သို့ လိုက်သလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှါ ရှာကြံသလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှါ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံကျွန်မဟုတ်ပြီ။
၁၁ ညီအစ်ကိုတို့၊ ငါဟောပြောသော ဧဝံဂေလိတရားသည် လူတို့၏တရားမဟုတ်။
၁၂ လူထံမှာ ငါခံရသည် မဟုတ်။ ယေရှုခရစ်၏ ဗျာဒိတ်တော်မှတပါး အခြားသောဥပဒေသကို ငါမခံသည်အကြောင်းကို သင်တို့အား ငါကြားလိုက်၏။

ဆာလံကျမ်း အခန်းကြီး ၁၁၁ (Ps 111:1-10);

၁ ငါသည်ဖြောင့်မတ်သော သူတို့၏ အစည်းအဝေး၌၎င်း၊ ပရိတ်သတ်၌၎င်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ချီးမွမ်းမည်။
၂ ထာဝရဘုရား၏ အမှုတော်တို့သည် ကြီးမြတ်ကြ၏။ ကြည်ညိုသောသူတို့သည် ထိုအမှုတော်တို့ကို ရှာဖွေလိုက်စစ်တတ်ကြ၏။
၃ စီရင်တော်မူသောအရာသည် ဘုန်းအသရေနှင့် ပြည့်စုံ၍၊ ဖြောင့်မတ် တော်မူခြင်းတရားလည်း အစဉ်အမြဲတည်၏။
၎ အံ့ဘွယ်သော အမှုတော်တို့ကို အောက်မေ့ဘို့ရာ စီရင်တော်မူပြီ။ ထာဝရဘုရားသည် ကျေးဇူးပြုတက်သော သဘော၊ သနားစုံမက်တတ်သောသဘောနှင့် ပြည့်စုံတော်မူ၏။
၅ ကြောက်ရွံ့ရို သေသောသူတို့ကို ကျွေးမွေးတော်မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အောက်မေ့တော်မူ၏။
၆ အမှုတော်တို့၌ ရှိသော တန်ခိုးကို မိမိလူတို့အားပြ၍၊ တပါးအမျိုးသားတို့၏ အမွေကို ပေးတော်မူ၏။
၇ လက်တော်နှင့် ပြုသောအမှုတို့သည် သစ္စာနှင့်၎င်း၊ တရားနှင့်၎င်းယှဉ်ကြ၏။ ပညတ်တော်အလုံးစုံ တို့သည် ဖေါက်ပြန်ခြင်း သဘောနှင့် ကင်းလွတ်ကြ၏။
၈ သစ္စာစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ယှဉ်သောကြောင့် အစဉ်အမြဲတည်ကြ၏။
၉ မိမိလူတို့၌ ရွေးတော်မူခြင်း ကျေးဇူးကို ပြုတော်မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အမြဲ ထားတော်မူ၏။ နာမတော်သည် သန့်ရှင်၏။ ကြောက်ရွံ့ရိုသေဘွယ်  ဖြစ်၏။
၁၀ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည် ပညာ၏ အချုပ်အခြာ ဖြစ်၏။  ပညတ်တော်တို့ကို စောင့်ရှောက်သမျှသောသူတို့သည် ကောင်းသောညာဏ်ရှိကြ၏။ ဂုဏ်အသရေတော်သည်အစဉ်အမြဲတည်သတည်း။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၃ (John 13:34);

၃၄ သင်တို့သည် အချင်းချင်း တယောက်ကိုတယောက်ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည် နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၀ (Luke 10:25-37);

၂၅ တရံရောအခါ ကျမ်းတတ်တယောက်သည် ထ၍၊ အရှင်ဘုရား၊ ထာဝရအသက်ကို အမွေခံအံ့ သောငှါ အကျွန်ုပ်သည် အဘယ်အမှုကိုပြုရပါမည်နည်းဟု ကိုယ်တော်ကိုစုံစမ်းနှောင့်ရှက်ခြင်းငှါ မေးလျှောက်သော်၊
၂၆ ကိုယ်တော်က၊ ပညတ္တိကျမ်း၌ အဘယ်သို့လာသနည်း။ သင်သည်အဘယ်သို့ ဘတ်သနည်းဟု မေးတော်မူလျှင်၊
၂၇ ထိုသူက၊ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဥာဏ်ရှိသမျှနှင့်ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ပြန်လျှောက်လေ၏။
၂၈ ကိုယ်တော်ကလည်း၊ သင်၏စကားသည် မှန်ပေ၏။ ထိုသို့ပြုလျှင် အသက်ကိုရမည်ဟု မိန့်တော်မူ၏။
၂၉ ထိုသူကလည်း၊ အဘယ်သူသည် အကျွန်ုပ်နှင့်စပ်ဆိုင် သောသူဖြစ်ပါသနည်းဟု မိမိအပြစ်မရှိဟန် ပြုလိုသောစိတ်နှင့် ယေရှုကိုလျှောက်ပြန်သော်၊
၃၀ ယေရှုက၊ လူတယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့သွားရာတွင် ထားပြနှင့်တွေ့ကြုံလေ၏။ ထားပြတို့သည် ထိုသူ၏အဝတ် ကိုချွတ်၍ နာကျင်စွာရိုက်နှက်ပြီးမှ သေလုမတတ်ဖြစ်သောအခါ ပစ်ထား၍သွားကြ၏။
၃၁ ထိုလမ်းသို့ ယဇ်ပုရောဟိတ်တယောက်သည် အမှတ်တမဲ့သွား၍ ထိုလူနာကိုမြင်လျှင် လွှဲရှောင်၍သွားလေ၏။
၃၂ ထိုနည်းတူ လေဝိလူတယောက်သည် ထိုအရပ်သို့ရောက်သောအခါ လာ၍ကြည့်မြင်လျှင် လွှဲရှောင်၍သွား လေ၏။
၃၃ ရှမာရိ လူတယောက်သည် ခရီးသွားရာတွင် ထိုလူနာရှိရာသို့ရောက်၍ မြင်သောအခါ ဂရုဏာစိတ်ရှိသည်နှင့်၊
၃၄ ချဉ်းကပ်၍ သူ၏အနာများကို ဆီနှင့်စပျစ်ရည်ထည့်လျက် အဝတ်နှင့်စည်းပြီးလျှင်၊ မိမိတိရစ္ဆာန်ပေါ်မှာတင်၍ စရပ်တခုသို့ ဆောင်သွားပြုစုလေ၏။
၃၅ နက်ဖြန်နေ့၌ ထွက်သွားသောအခါ၊ ဒေနာရိနှစ်ပြားကိုထုတ်၍ စရပ်ရှင်အားပေးလျက်၊ ဤသူကို ကြည့်ရှုပြုစုပါ။ ကုန်သမျှကို ငါပြန်လာသောအခါ ဆပ်ပေးမည်ဟု ဆို၏။ သင်သည် အဘယ်သို့ထင်သနည်း။
၃၆ ထိုသူသုံးယောက်တို့တွင် အဘယ်သူသည် ထားပြလက်သို့ရောက်သောသူနှင့်စပ်ဆိုင်သောသူ ဖြစ်သနည်းဟု ပြန်၍မေးတော်မူလျှင်၊
၃၇ ကျမ်းတတ်က လည်း၊ လူနာကိုသနားသောသူသည် စပ်ဆိုင်သောသူဖြစ်ပါ၏ဟု လျှောက်သော် ယေရှုက၊ သင်သည်သွား၍ ထိုနည်းတူပြုလော့ဟု မိန့်တော်မူ၏။