Thu the 30th: Eph 6:10-20; Ps 144:1-10; Luke 19:38, 2:14; Luke 13:31-35
ဧဖက်သြဝါဒစာ အခန်းကြီး ၆ (Eph 6:10-20);
၁၀ ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရားအားဖြင့်၎င်း၊ တန်ခိုးတော်အရှိန်အား ဖြင့်၎င်း၊ ခိုင်ခန့်ခြင်းရှိကြလော့။
၁၁ မာရ်နတ်၏ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း၊ ဘုရားသခင်ပြင်ဆင် တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။
၁၂ အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီ မှောင်မိုက်၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန် ရကြ၏။
၁၃ ထိုကြောင့်၊ ခဲယဉ်းဆိုးယုတ်သော နေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကို ပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ယူဆောင်ကြလော့။
၁၄ သစ္စာတည်းဟူသော ခါးပန်းကိုစည်းလျက်၊ ဖြောင့်မတ်ခြင်းပါရမီတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊
၁၅ ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂေလိတရား ကို ဟောပြောအံ့သောငှါ ပြင်ဆင်သော အဖြစ်တည်းဟူသော ခြေစွပ်ကိုစွပ်လျက် ခံရပ်ကြလော့။
၁၆ မာရ်နတ်ပစ်ခတ် သော မီးစက် လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကိုလည်း ခပ်သိမ်းသော လက်နက် တို့အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်ကြလော့။
၁၇ ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊ ဘုရား သခင်၏ နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ထားကို၎င်း ယူကြလော့။
၁၈ ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်း ပဌနာပြုခြင်းအမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့။ ထိုဆုတောင်းခြင်းငှါ အားမလျော့ဘဲလျက်၊ ငါမှစ၍ သန့်ရှင်းသူ အပေါင်းတို့အဘို့ ဆုတောင်းလျက် စောင့်ရှောက်ကြလော့။
၁၉-၂၀ ငါသည် ဧဝံဂေလိတရားကြောင့် သံကြိုးနှင့် ချည်နှောင်ခြင်းကိုခံလျက်၊ သံတမန်အမှုကိုပြုရသည်ဖြစ်၍၊ ထိုတရား၏ နက်နဲသောအရာကို ဘော်ပြခြင်းငှါ ငါသည် နှုတ်ကို ရဲရင့်စွာ ဖွင့်လှစ်ခြင်းအခွင့် ရှိမည်အကြောင်းကို၎င်း၊ ထိုတရားကို ဟောပြောအပ်သည်နှင့်အညီ၊ ရဲရင့်စွာ ဟောပြောမည်အကြောင်းကို၎င်း၊ ငါ့အဘို့လည်း ဆုတောင်းကြလော့။
ဆာလံကျမ်း အခန်းကြီး ၁၄၄ (Ps 144:1-10);
၁ ငါ၏ကျောက်တည်းဟူသော ထာဝရဘုရားသည် မင်္ဂလာရှိစေတော်မူစေသတည်း၊၊ ငါ့လက်သည် စစ်တိုက်၍ လက်ချောင်းတို့သည်လည်း စစ်မှုကိုလေ့ကျက်မည်အကြောင်း သွန်သင်တော်မူ၏၊၊
၂ ငါ့ကိုသနားသောသူ ငါ့၏မြို့ရိုး ငါ့၏ရဲတိုက် ငါ့ကိုကယ်လွှတ်သောသခင် ငါ့၏အကွယ်အကာဖြစ်တော်မူ၏၊၊ ထိုဘုရားသခင်ကို ငါကိုးစား၏၊၊ ငါ၏လူမျိုး ကို ငါ့အောက်သို့ နှိမ့်ချတော်မူ၏၊၊
၃ အိုထာဝရဘုရား၊ လူသည်အဘယ်သို့သောသူ ဖြစ်၍ ကိုယ်တော်သည်မှတ်တော် မူရသနည်း၊၊ လူသားသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည်မှတ်တော်မူရသနည်း၊၊
၎ လူသည်အငွေ့နှင့် တူပါ၏၊၊ သူ၏နေ့ရက်တို့သည် လွန်သွားတတ်သော အရိပ်ကဲ့သို့ဖြစ်တတ်၏၊၊
၅ အိုထာဝရဘုရား ကိုယ်တော်၏ မိုဃ်းကောင်းကင်ကို ညွှတ်၍ဆင်းသက်တော်မူပါ၊၊ တောင်တို့ကို တို့တော်မူပါ၊၊ သူတို့သည်မီးခိုး ထွက်ကြပါ လိမ့်မည်။
၆ လျှပ်စစ်ပြက်စေ၍ လေးမြားတော်တို့ကို ပစ်သဖြင့်ရန်သူတို့ကို အရပ်ရပ်သို့ကွဲပြားစေ၍ နှိမ်စက်တော်မူပါ။
၇ အထက်အရပ်က လက်တော်ကိုဆန့်၍ အကျွန်ုပ်ကိုနှုတ်တော်မူပါ၊၊ တခဲနက်သော ရေထဲက၎င်း၊ တကျွန်းတနိုင်ငံ သား တို့၏လက်ထဲက၎င်း ဆယ်ယူကယ်တင်တော်မူပါ၊၊
၈ သူတို့၏ နှုတ်သည် မုသားစကားကိုပြောတတ်၏၊၊ သူတို့၏ လက်ျာလက်သည်လည်း လှည့်စားတတ်သောလက်ဖြစ်၏၊၊
၉ အိုဘုရားသခင်ရှေ့တော်၌ အသစ်သောသီချင်းကို ဆိုပါမည်၊၊ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့်ထောမနာ သီချင်းဆိုပါမည်၊၊
၁၀ အောင်မြင်ရသောအခွင့်ကို ရှင်ဘုရင်တို့အား ပေးတော်မူ၏၊၊ ကိုယ်တော်၏ ကျွန်ဒါဝိဒ်ကိုဆိုးသော ထားဘေးနှင့် ကင်းလွတ်စေတော်မူ၏၊၊
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၉ (Luke 19:38, 2:14);
၃၈ ထာဝရဘုရား၏အခွင့်နှင့် ကြွလာ တော်မူသောရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေသတည်း။ ကောင်းကင် ဘဝဂ်ဝယ် ဘုန်းကြီးပါစေသတည်း ဟုကြွေးကြော်ကြ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၂
၁၄ ကောင်းကင်ဘဝဂ်ဝယ်ဘုရားသခင်သည် ဘုန်းကြီး တော်မူစေသတည်း။ မြေကြီးပေါ်၌ လည်းငြိမ်သက်ခြင်းရှိစေသတည်း။ လူတို့အားမေတ္တာကရုဏာရှိစေသတည်းဟု ဘုရားသခင်ကိုချီးမွမ်း ၍ မြွက်ဆိုကြ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၃ (Luke 13:31-35);
၃၁ ထိုအခါ ဖာရိရှဲအချို့တို့သည် အထံတော်သို့လာ၍၊ ဤအရပ်မှထွက်သွားပါ။ ဟေရုဒ်မင်းသည် ကိုယ်တော်ကို သတ်မည်အကြံရှိပါသည်ဟု လျှောက်ကြလျှင်၊ ကိုယ်တော်က သင်တို့သွားကြလော့။
၃၂ ယခုနေ့နှင့် နက်ဖြန်နေ့၌ နတ်ဆိုးတို့ကိုနှင်ထုတ်၍ အနာရောဂါကို ငြိမ်းစေ၏။ သုံးရက်မြောက်သောနေ့၌ စုံလင်ခြင်းသို့ ရောက်မည်အရာကို ထိုမြေခွေးအား ပြောကြလော့။
၃၃ သို့သော်လည်း ယခုနေ့၊ နက်ဖြန်နေ့၊ သန်ဘက်နေ့၌ ငါသွားရသေး၏။ အကြောင်းမူကား ယေရုရှလင်မြို့မှတပါး အခြားသောအရပ်၌ အဘယ်ပရောဖက်မျှမဆုံးရာ။
၃၄ အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည် ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သောသူ တို့ကိုလည်း ကျောက်ခဲနှင့်ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့သို့ သင်၏ သားတို့ကို စုရုံးစေခြင်းငှါ ကြိမ်ဖန်များစွာငါအလိုရှိ၏။ သင်မူကား အလိုမရှိ။
၃၅ သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက် ကျန်ရစ်ရ၏။ ငါဆိုသည်ကား၊ ထာဝရဘုရား၏ အခွင့်နှင့်ကြွလာသောသူသည် မင်္ဂလာရှိစေသော ဟု သင်တို့မပြောမှီတိုင်အောင် ယခုမှစ၍ သင်တို့သည် ငါ့မျက်နှာကို မမြင်ရကြဟု မိန့်တော်မူ၏။