Tuesday, 10 March 2015

10-MARCH-2015-(READING)

Tue the 10th:    Dan 3:25-43; Ps 25:4-9; Matt 18:21-35

ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၃ (Dan 3:25-43);

၂၅ ရှင်ဘုရင်က၊ လူလေးယောက်တို့သည် မတုပ်မနှောင်ဘဲ မီးထဲ၌သွားလာ၍ ဘေးဥပဒ်နှင့်ကင်းလွတ်သည်ကို ငါမြင်သည် တကား။ စတုတ္ထသူသည် ဘုရားသား၏ အဆင်းသဏ္ဌာန် ရှိသည်ဟု မိန့်တော်မူ၍၊
၂၆ မီးလောင်လျက်ရှိသော မီးဖိုဝနားသို့ ချဉ်းကပ်ပြီးလျှင်၊ အမြင့်ဆုံးသောဘုရားသခင်၏ကျွန်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ ထွက်၍လာကြ လော့ဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် မီးထဲကထွက်လာကြ၏။
၂၇ စော်ဘွား၊ မြို့ဝန်၊ စစ်ကဲ၊ အတွင်းဝန်တို့သည် ဝိုင်း၍ မီးမလောင်နိုင်သော ထိုသူတို့ကို ကြည့်ရှုကြ၏။ သူတို့ဆံခြည် တပင်မျှမမြိုက်၊ ဝတ်လုံလည်းခြားနားခြင်းမရှိ၊ မီးလောင်သောအနံ့လည်း ကင်းလွတ်၏။
၂၈ နေဗုခဒ်နေဇာမင်းကြီးကလည်း၊ ရှဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ဘုရားသခင်သည် မင်္ဂလာရှိ တော်မူစေသတည်း။ မိမိတို့ဘုရားမှတပါး အခြားသောဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းနှင့် ကင်းလွတ်မည် အကြောင်း၊ ဘုရားသခင်ကို ယုံကြည်ကိုးစား၍ မင်းကြီးအမိန့်တော်ကို ဆန်လျက် မိမိတို့ကိုယ်ကိုပင် အပ်နှံသောကျွန်တော်  ရင်းတို့ရှိရာသို့ ဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍ ကယ်တင်တော် မူပြီ။
၂၉ ထိုကြောင့်၊ အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကိုပြောသော လူအမျိုးမျိုးတို့တွင် တစုံတယောက်သောသူတို့သည်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ဘုရားသခင်အား ပြစ်မှားသောစကားကို ပြောလျှင်၊ ထိုသူကို အပိုင်းပိုင်းစဉ်းစေ။ သူ၏အိမ်ကိုလည်း နောက်ချေးပုံဖြစ်စေဟု ငါအမိန့်တော်ရှိ၏။ အကြောင်းမူကား၊ ထိုမျှလောက်သော ကယ်တင်ခြင်းကို ထိုဘုရားသခင်မှတပါး အဘယ်ဘုရားမျှမပြုနိုင်ဟု မိန့်တော်မူပြီးမှ၊
၃၀ ဗာဗုလုန်နိုင်ငံတွင်၊ ရှဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို မြှောက်တော်မူ၏။

ဆာလံကျမ်း အခန်းကြီး ၂၅ (Ps 25:4-9);

၎ အိုထာဝရဘုရား၊ ကိုယ်တော်၏ လမ်းတို့ကို အကျွန်ုပ်အားပြညွှန်၍၊ ခရီးတော်တို့ကို သွန်သင်တော်မူပါ။
၅ ကိုယ်တော်၏ သမ္မာ တရားကိုပြ၍၊ အကျွန်ုပ်ကိုသွန်သင်တော်မူပါ၊၊  အကြောင်းမူကားကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်သော ဘုရားသခင် ဖြစ်တော်မူ၏၊၊  ကိုယ်တော်ကို အစဉ်မြော်လင့်လျက်နေပါ၏၊၊
၆ အိုထာဝရဘုရားရှေးကာလ မှစ၍ ပြတော် မူသော ကရုဏာ နှင့် မေတ္တာသဘောကိုအောက်မေ့တော်မူပါ၊၊
၇ အကျွန်ုပ်သည်အသက်ငယ်ရွယ်စဉ် ပြစ်မှားမိသော အပြစ်တို့ကိုအောက်မေ့ တော်မမူနှင့်၊၊ ကောင်းမြတ်တော်မူသည်ဖြစ်၍ ကရုဏာတော်ရှိသည် အတိုင်း အကျွန်ုပ်ကိုအောက်မေ့ တော်မူပါ ထာဝရဘုရား။
၈ ထာဝရဘုရားသည် ကောင်းသောသဘော ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ အပြစ်ရှိသောသူတို့ကိုလမ်းပြတော်မူ၏၊၊
၉ နှိမ့်ချလျက်ရှိသောသူတို့ကို တရားလမ်း၌ သွေးဆောင်တော်မူ၏၊၊ နှိမ့်ချလျက်ရှိသော သူတို့အား ခရီးတော်တို့ကို သွန်သင်တော်မူ၏၊၊

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၈ (Matt 18:21-35);

၂၁ ထိုအခါ ပေတရုသည် ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏အပြစ် ကိုဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနှစ်ကြိမ်မြောက်အောင်လွှတ်ရပါအံ့လောဟု မေးလျှောက်သော်၊ ယေရှုက၊ ခုနှစ်ကြိမ်မြောက်အောင်လွှတ်ရမည်ငါမဆို။
၂၂ အကြိမ်ခုနစ်ဆယ်ခုနစ်လီ မြောက်အောင်လွှတ်ရမည် ငါဆို၏။
၂၃ ထိုကြောင့် ကောင်းကင်နိုင်ငံတော်သည်၊ မိမိကျွန်များတို့ကို စာရင်းယူခြင်းငှါ အလိုရှိသောမင်းကြီးတဦး နှင့်တူ၏။
၂၄ စာရင်းယူစဉ်တွင်၊ ငွေအခွက် တသိန်းကြွေးတင်သော သူတယောက်ကိုရှေ့တော်သို့ ဆောင်ခဲ့ကြ၏။
၂၅ ထိုသူသည် ကြွေးဆပ်ရန် မရှိသောကြောင့်၊ ကိုယ်မှစ၍သားမယားဥစ္စာရှိသမျှတို့ကိုရောင်း၍ ကြွေးကိုဆပ်စေဟု သူ၏သခင်စီရင်၏။
၂၆ ထိုကျွန်သည် ညွတ်ပြပ်ဝပ်တွားလျက်၊ သခင်၊ ကျွန်တော်ကို သည်းခံတော်မူပါ။ ကြွေးရှိသမျှကိုဆပ်ပါမည် ဟု လျှောက်လျှင်၊
၂၇ သူ၏သခင်သည် သနားခြင်းရှိသဖြင့် ကြွေးရှိသမျှကိုလွှတ်၍ ချမ်းသာပေးလေ၏။
၂၈ ထိုကျွန်သည် ထွက်သွားရာတွင် မိမိငွေဒေနာရိတရာ ကြွေးတင်သော ကျွန်ချင်းတယောက်ကို တွေ့လျှင်၊ လည်ပင်းကိုကိုင် ညှစ်၍ ငါ့ငွေကိုဆပ်ပေးလော့ဟု ဆို၏။
၂၉ ထိုကျွန်ချင်းသည် ကြွေးရှင်၏ ခြေရင်း၌ ပြပ်ဝပ်လျက် ကျွန်တော်ကို သည်းခံတော်မူပါ။ ကြွေးရှိသမျှကိုဆပ်ပါမည်ဟု တောင်းပန်သော်လည်း၊
၃၀ ငွေရှင်သည် နားမထောင်ဘဲ သွား၍ ကြွေးကိုမဆပ်မှီတိုင်အောင်သူ့ကိုထောင်ထဲမှာ လှောင်ထား၏။
၃၁ အခြားသော ကျွန်ချင်း တို့သည် မြင်လျှင် အလွန်နာကြည်းသောစိတ်နှင့်သွား၍၊ ပြုလေသမျှတို့ကို မိမိတို့သခင်၌ ကြားလျှောက်ကြ၏။
၃၂ ထိုအခါသခင်သည် ထိုကျွန်ကိုခေါ်၍၊ ဟယ်ဆိုးညစ်သောကျွန်၊သင်သည်ငါ့ကိုတောင်းပန်သောကြောင့်သင်၌တင် သမျှသော ကြွေးကိုငါ ရှင်းလင်း စေ၏။
၃၃ ငါသည်သင့်ကို သနားသကဲ့သို့ သင်သည်လည်း ကျွန်ချင်းကို မသနားအပ် သလောဟုဆိုလျက်၊
၃၄ အမျက်ထွက်၍ ကြွေးရှိသမျှကို မဆပ်မှီ တိုင်အောင်အာဏာသားတို့လက်ကို အပ်လေ၏။
၃၅ သင်တို့သည်လည်း ညီအစ်ကို အချင်းချင်းတို့ကို စိတ်နှလုံးပါလျက် အပြစ်မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသောငါ၏ အဘသည် ထိုနည်းတူသင်တို့ကို စီရင်တော်မူလတံ့ဟုမိန့်တော်မူ၏။