Sun the 29th: Psalter II, Holy Week (Lent).
Palm Sunday.
Mark 11:1-10 or John 12:12-16; Isa 50:4-7; Ps 22:8-24; Phil 2:6-11; Phil 2:8-9; Mark 14:1-15:47
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၁(Mark 11:1-10);
၁ ယေရုရှလင်မြို့နှင့်အနီး သံလွင်တောင်ခြေရင်း၌ ဗက်ဖာဂေရွာနှင့် ဗေသနိရွာသို့ရောက်ကြသောအခါ တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်တော်မူ၍၊
၂ သင်တို့ရှေ့၌ရှိသောရွာသို့သွားကြ။ ထိုရွာသို့ရောက်လျှင် အဘယ်သူမျှမစီးဘူးသော မြည်းကလေးချည်နှောင်လျက်ရှိသည်ကို သင်တို့သည်ချက်ခြင်းတွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ဆောင်ခဲ့ကြ။
၃ သူတပါးက၊ အဘယ်ကြောင့်ဤသို့ပြုသနည်းဟု သင်တို့အားဆိုလျှင်၊ သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့။ ထိုသို့ပြောလျှင် ထိုသူသည်ချက်ခြင်းပေးလိုက်မည်ဟု မှာထားတော် မူ၏။
၎ တပည့်တော်တို့သည် သွား၍ လမ်း၌တံခါးပြင်မှာချည်ထားသော မြည်းကလေးကိုတွေ့ပြီးလျှင် မြည်းကြိုး ကိုဖြည်ကြ၏။
၅ ထိုအရပ်၌ရပ်နေသောသူအချို့တို့က၊ အဘယ်ကြောင့်မြည်းကြိုးကိုဖြည်သနည်း ဟုဆိုလျှင်၊
၆ ယေရှုမှာထားတော်မူသည်အတိုင်း တပည့်တော်တို့သည် ပြန်ပြောပြီးမှ ထိုသူတို့သည် အခွင့်ပေးကြ၏။
၇ ယေရှုထံ တော်သို့ မြည်းကလေးကိုဆောင်ခဲ့၍ မိမိတို့အဝတ်ကို မြည်းကျောပေါ်မှာ တင်ကြ ပြီးလျှင် ကိုယ်တော် သည်စီးတော်မူ၏။
၈ လူများတို့သည် မိမိတို့အဝတ်ကို လမ်း၌ခင်းကြ၏။ အချို့တို့သည် သစ်ကိုင်း သစ်ခက်များကို ခုတ်၍လမ်း၌ခင်းကြ၏။
၉ ရှေ့နောက်လိုက်သွားသောသူတို့က၊ ဟောရှဏ ဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။
၁၀ ထာဝရ ဘုရား၏ အခွင့်နှင့်ယခု တည်လုသော ငါတို့အဘ ဒါဝိဒ်၏ နိုင်ငံတော်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင် ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။
or
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၂ (John 12:12-16);
၁၂ နက်ဖြန်နေ့၌ ယေရှုသည် ယေရုရှလင်မြို့သို့ကြွလာတော်မူသည်ကို၊ ထိုပွဲသို့လာသော သူအစု အဝေး အပေါင်းတို့သည် ကြားရလျှင်၊
၁၃ စွန်ပလွံခက်များကိုကိုင်လျက်၊ ကိုယ်တော်ကိုခရီးဦးကြိုပြုအံ့သောငှါ ထွက်သွားကြ၍၊ ဟောရှဏဖြစ်စေသတည်း။ ထာဝရဘုရား၏ အခွင့်နှင့် ကြွလာတော်မူသော ဣသရေလ ရှင်ဘုရင်သည် မင်္ဂလာ ရှိစေသတည်း ဟုကြွေးကြော်ကြ၏။
၁၄ ကျမ်းစာ၌လာသည်ကား၊
၁၅ အိုဇိအုန်သတို့ သမီး၊ မစိုးရိမ်နှင့်။ သင်၏အရှင်မင်း ကြီးသည် မြည်းကလေးကိုစီး၍ သင်ရှိရာသို့ကြွလာတော်မူသည်ကို ကြည့်ရှုလော့ဟု ရေးထားသည်နှင့် အညီ၊ ယေရှုသည်မြည်းကလေးကိုတွေ့၍စီးတော်မူ၏။
၁၆ ထိုအကြောင်း အရာကိုတပည့်တော်တို့သည် အစအဦး၌ နားမလည်သော်လည်း၊ ကိုယ်တော်ကိုရည်မှတ်၍ ထိုသို့ရေးထား သည်ကို၎င်း၊ ကိုယ်တော်အား ထိုသို့ပြုကြသည် ကို၎င်း၊ ဘုန်းပွင့်တော်မူသည်နောက် သတိရ၍မှတ်မိကြ၏။
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၀ (Isa 50:4-7);
၎ ငါသည် ပင်ပန်းသော သူအား မစခြင်းငှာ စကားပြောတတ်မည်အကြောင်း၊ အရှင်ထာဝရဘုရားသည် လူတတ်၏နှုတ်သတ္တိကို ငါ့အား ပေးတော်မူပြီ။ နံနက်အစဉ်အတိုင်း ငါ့ကို နှိုးတော်မူပြီ။ စာသင်သောသူကဲ့သို့ နားထောင်စေမည့်အကြောင်း ငါ့နားကို နှိုးဆော်တော်မူပြီ။
၅ အရှင်ထာဝရ ဘုရားသည် ငါ့နားကို ဖွင့်တော်မူ၍၊ ငါလည်း မငြင်းမဆန်၊ နောက်သို့မဆုတ်၊
၆ ရိုက်သောသူတို့အား ငါ့ကျောကိုင်း၊ နားပန်ဆံကို နှုတ်သော သူတို့အား ငါ့ပါးကိုင်း၊ ငါအပ်၏၊၊ အရှက်ခွဲခြင်းနှင့် တံတွေးထွေးခြင်းမှ ငါသည် ကိုယ်မျက်နှာကို မလွှဲ။
၇ အရှင်ထာဝရဘုရား သည် ငါ့ကို စောင့်မတော်မူလိမ့်မည်၊၊ ထို့ကြောင့်၊ ငါမရှုံးရသည်ဖြစ်၍၊ ကိုယ်မျက်နှာကို မီးကျောက်ကဲ့သို့ထားလျက်၊ ရှက်ကြောက်ခြင်းသို့ မရောက်ရဟု ငါသိ၏၊၊
ဆာလံကျမ်း အခန်းကြီး ၂၂ (Ps 22:8-24);
၈ သူသည် ထာဝရဘုရားကို ကိုးစားပြီ သူ့ကို နှုတ်တော်မူပါလေစေ၊၊ သူ၌ အလိုတော်ရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ဆိုကြပါ၏၊၊
၉ သို့သော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကို အမိဝမ်းထဲက ဆွဲယူ၍ ၊နို့စို့သည်ကာလ၌ စိုးရိမ်ခြင်း အကြောင်း ကို ပယ်ရှင်းတော်မူ၏၊၊
၁၀ အကျွန်ုပ်သည် ဘွားကတည်းကပင် လက်တော်သို့ ရောက်ပါ၏၊၊ အမိဝမ်းထဲမှ စ၍ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် ဖြစ်တော်မူပါပြီ၊၊
၁၁ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်၊၊ ဘေးအန္တ ရာယ် ရောက်လုနီးပါပြီ၊၊ မစသောသူမရှိပါ၊၊
၁၂ နွားလား ဥသဘတို့သည် အကျွန်ုပ်ကို ဝိုင်း၍ အားကြီးသော ဗာရှန် ဥသဘတို့သည် ဝန်းရံလျက်နေကြပါ၏၊၊
၁၃ ကိုက်ဖြတ်၍ ဟောက်တတ်သော ခြင်္သေ့ကဲ့သို့ အကျွန်ုပ်ကို ပစပ်ဟကြပါ၏၊
၁၄ အကျွန်ုပ်သည် ရေကဲ့သို့ သွန်ခြင်းကိုခံရ၍ အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကြပါ၏၊၊ အကျွန်ုပ်နှလုံးသည် ဘယောင်းကဲ့သို့ ဖြစ်၍ ရင်ထဲမှာ အရည်ကျိုလျက် ရှိပါ၏၊၊
၁၅ အကျွန်ုပ်ခွန်အားသည် အိုးခြမ်းကဲ့သို့ ခန်းခြောက်၍ လျှာလည်း ပါးရိုး၌ ကပ်လျက်ရှိပါ၏၊၊ အကျွန်ုပ်ကို သေမြေတိုင်အောင် ချတော်မူပါပြီ၊၊
၁၆ ခွေးတို့သည် အကျွန်ုပ်ကို ဝိုင်းလျက် စုဝေးသောလူဆိုးတို့သည် ဝန်းရံလျက်နေ၍ အကျွန်ုပ်၏ လက်ခြေတို့ကိုထိုးဖောက်ကြပါပြီ၊၊
၁၇ ကိုယ်အရိုးရှိ သမျှတို့ကို အကျွန်ုပ်ရေတွက်နိုင်ပါ၏၊၊သူတို့သည် အကျွန်ုပ်ကို ကြည့်မြင်၍ အားရလျက် နေကြပါ၏၊၊
၁၈ အကျွန်ုပ် အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏၊၊
၁၉ အို ထာဝရဘုရား ၊ အကျွန်ုပ်နှင့် ဝေးဝေးနေ တော်မမူပါနှင့်၊၊ အကျွန်ုပ်၏ ခွန်အားဗလ အကျွန်ုပ်ကို မစခြင်းငှါ အလျင်အမြန် ကြွလာတော်မူပါ၊၊
၂၀ အကျွန်ုပ်အသက်ကို ထားဘေးမှ၎င်း အကျွန်ုပ်အချစ်ဆုံးကို ခွေးလက်မှ၎င်း ကယ်လွှတ်တော်မူပါ၊၊
၂၁ ခြင်္သေ့ခံတွင်းမှ အကျွန်ုပ်ကို ကယ်တင်၍ ကြံ့ဦးချိုထဲမှာ အကျွန်ုပ်ခေါ်သောအသံကို နားထောင်တော်မူပါ၊၊
၂၂ အကျွန်ုပ်သည် သိတင်းတော်ကို ညီအစ်ကိုတို့အား ကြား ပြောပါမည်၊၊ ပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊
၂၃ ထာဝရဘုရားကို ကြောက်ရွံ့သော အချင်းတို့ ချီးမွမ်းခြင်းကို ပြုကြလော့၊၊ ယာကုပ်အမျိုး အပေါင်းတို့ ဂုဏ်ကျေးဇူးတော်ကို ဘော်ပြကြလော့၊၊ ဣသရေလ အမျိုးအပေါင်းတို့ ကိုယ်တော်ကို ကြောက်ရွံ့ကြလော့၊၊
၂၄ အကြောင်းမူကား နှိမ့်ချလျက်ရှိသောသူ၏နှိမ့်ချသောအဖြစ်ကို မထီမဲ့မြင် ပြုတော်မူသည်မဟုတ်၊၊ မျက်နှာတော်ကို မလွှဲ အော်ဟစ်သောအခါ နားထောင်တော်မူပြီ၊၊
ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၂ (Phil 2:6-11);
၆ ထိုသခင်သည် ဘုရားသခင်၏သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်း အမှုဟူ၍ မထင်မမှတ်လျက်ပင်၊
၇ မိမိအသရေကိုစွန့်၍ အစေခံကျွန်၏ သဏ္ဌာန်ကိုယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။
၈ ထိုသို့လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။
၉ ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကိုအလွန်မြှောက်၍ ဘွဲ့နာမတကာ တို့ထက် ကြီးမြတ်သော ဘွဲ့နာမတော်ကို ပေးသနားတော်မူ၏။
၁၀ အကြောင်းမူကား၊ ကောင်းကင် သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါတည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ ဘွဲ့နာမတော်ကို ဒူးထောက်၍၊
၁၁ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ ဟုနှုတ်နှင့် ဝန်ခံသဖြင့်၊ ခမည်းတော် ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည်အကြောင်းတည်း။
ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၂ (Phil 2:8-9);
၈ ထိုသို့လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။
၉ ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကိုအလွန်မြှောက်၍ ဘွဲ့နာမတကာ တို့ထက် ကြီးမြတ်သော ဘွဲ့နာမတော်ကို ပေးသနားတော်မူ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၄ (Mark 14:1-15:47);
၁ ထိုနောက်နှစ်ရက်လွန်လျှင် ပသခါအဇုမပွဲရှိ၏။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော်ကို အဘယ်သို့ပရိယာယ်အားဖြင့် ဘမ်းဆီး၍သတ်ရအံ့နည်းဟု ရှာကြံကြ၏။
၂ သို့သော်လည်း လူများတို့သည် ရုန်းရင်းခတ်ဖြစ်မည်ကို စိုးရိမ်၍ပွဲနေ့တွင် မပြုနှင့်ဦးဟုပြောဆိုကြ၏။
၃ ဗေသနိရွာတွင် ရှိမုန်အမည်ရှိသော လူနူ၏အိမ်၌ ကိုယ်တော်ရှိတော်မူသည်ဖြစ်၍၊ မိန်းမ တယောက်သည် အဘိုးများစွာထိုက်သော နာဒုဆီမွှေးစစ်နှင့်ပြည့်သော ကျောက်ဖြူခွက်တလုံးကို ယူခဲ့၍ ကိုယ်တော်သည် စားပွဲနားမှာလျောင်းတော်မူစဉ်၊ ကျောက်ဖြူခွက်ကိုခွဲပြီးမှ ခေါင်းတော်ပေါ်၌ သွန်းလောင်း လေ၏။
၎ အချို့တို့သည် ဒေါသစိတ်ရှိသည်ဖြစ်၍၊ ထိုဆီမွှေးကိုအဘယ်ကြောင့် အကျိုးမဲ့ဆုံးစေသနည်း။
၅ ဒေနာရိအပြားသုံးရာ မကသောအဘိုးနှင့်ရောင်း၍ ဆင်းရဲသောသူတို့အား ပေးစရာကောင်းသည်ဟုဆို၍ ထိုမိန်းမကို အပြစ်တင်ကြ၏။
၆ ယေရှုကလည်း၊ ထိုမိန်းမကိုရှိစေတော့။ အဘယ်ကြောင့် နှောင့်ရှက်ကြသနည်း။ သူသည်ငါ၌ကောင်း သောအမှုကိုပြုပြီ။
၇ ဆင်းရဲသောသူတို့သည် သင်တို့၌အစဉ်ရှိကြ၏ သင်တို့အလိုရှိသည် အတိုင်း သူတို့အား ကျေးဇူးပြုနိုင်၏။ ငါမူကား သင်တို့၌ အစဉ်ရှိသည်မဟုတ်။
၈ ဤမိန်းမသည် တတ်နိုင်သမျှ ပြုပြီ။ ငါ့အလောင်းကို သင်္ဂြိုလ်မည်ဟုပြင်ဆင်ခြင်းငှါ၊ ငါ့ကိုယ်ကိုဆီမွှေးနှင့်လူးနှင့်သတည်း။
၉ ငါအမှန်ဆိုသည်ကား၊ ဧဝံဂေလိတရားကို မြေတပြင်လုံးတွင်ဟောသော အရပ်ရပ်တို့၌ဤမိန်းမကို အောက်မေ့စရာဘို့ သူပြုသော ဤအမှုကို ကြားပြောရ ကြလတံ့ဟု မိန့်တော်မူ၏။
၁၀ ထိုအခါ တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် ကိုယ်တော်ကိုအပ်ခြင်းငှါ ယဇ်ပုရောဟိတ်အကြီးတို့ထံသို့သွားလေ၏။
၁၁ ထိုသူတို့သည်ကြားလျှင် ဝမ်းမြောက်သောစိတ်ရှိ၍ ငွေပေးမည် ဟုဝန်ခံကြ၏။ ထိုနောက် အဆင်သင့်သောအချိန်ကာလ၌ ကိုယ်တော်ကိုအဘယ်သို့အပ်ရမည်နည်းဟု ရှာကြံလျက် နေ၏။
၁၂ ပသခါသိုးသငယ်ကို သတ်သောနေ့တည်းဟူသော အဇုမပွဲပဌမနေ့၌ တပည့်တော်တို့သည် အထံ တော်သို့ ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲကိုစားတော်မူဘို့ရာ အဘယ်အရပ်၌အကျွန်ုပ်တို့သည် သွား၍ ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော်။
၁၃ ကိုယ်တော်သည်၊ တပည့်တော်နှစ် ယောက်တို့ကိုစေလွှတ်၍၊ သင်တို့သည်မြို့ထဲသို့သွားကြ။ ရေအိုးဆောင်သောသူကိုတွေ့လိမ့်မည်။ ထိုသူ နောက်သို့လိုက်၍၊
၁၄ သူဝင်သော အိမ်သို့ဝင်ပြီးမှ၊ ငါသည်ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကိုစားရသော ဧည့်သည်အခန်းကား၊ အဘယ်မှာရှိသနည်း၊ ဆရာကမေးသည်ဟု အိမ်ရှင်ကိုပြောကြလော့။
၁၅ ထိုသူသည် အသင့်ပြင်ဆင်လျက်ရှိသော အထက်အခန်း ကြီးကိုပြလိမ့်မည်။ ထိုအခန်း၌ ငါတို့ဘို့ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။
၁၆ တပည့်တော်တို့သည် သွား၍မြို့ထဲ သို့ဝင်လျှင်၊ စကားတော်အတိုင်းတွေ့၍ ပသခါပွဲကို ပြင်ဆင်ကြ၏။
၁၇ ညဦးယံအချိန်ရောက်မှ တပည့်တော်တကျိပ်နှစ်ပါးတို့နှင့်အတူ ကြွလာတော်မူ၏။
၁၈ စားပွဲ၌ လျောင်း၍စား နေကြစဉ်တွင်၊ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့အဝင်ဖြစ်၍ ငါနှင့်အတူစားသောသူ တစုံတယောက်သည် ငါ့ကိုအပ်နှံလိမ့်မည်ဟု မိန့်တော်မူလျှင်၊
၁၉ တပည့်တော်တို့သည် ဝမ်းနည်း၍၊ အကျွန်ုလော၊ အကျွန်ုပ်လောဟု တယောက်နောက်တယောက်အသီးသီး မေးလျှောက်ကြ၏။
၂၀ ကိုယ်တော်ကလည်း၊ တကျိပ်နှစ်ပါးအဝင်ဖြစ်၍ ငါနှင့်အတူပုကန်တွင်နှိုက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်။
၂၁ ကျမ်းစာလာ သည်အတိုင်း လူသားသည်သွားရမည်။ သို့သော်လည်းလူသားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည်ဘွား မြင်ခြင်းကိုမခံရလျှင် အနေသာ၍ ကောင်းသည်ဟု မိန့်တော်မူ၏။
၂၂ ထိုအခါ စားလျက်နေကြစဉ်တွင် ယေရှုသည်မုန့်ကိုယူ၍၊ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက်တပည့်တော်တို့အား ပေးတော်မူ၏။
၂၃ ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူလျှင်၊ ထိုသူရှိသမျှတို့သည် သောက်ကြ၏။
၂၄ ကိုယ်တော်ကလည်း၊ ဤခွက်ကား၊ ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍၊ လူများအဘို့အလိုငှါ သွန်းသောငါ၏ အသွေးဖြစ်၏။
၂၅ ငါအမှန်ဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို ဘုရားသခင်၏နိုင်ငံတော်၌ ငါမသောက်မှီနေ့ တိုင်အောင် ယခုမှစ၍တဖန် ငါမသောက်ရဟုမိန့်တော်မူ၏။
၂၆ ထိုနောက် သီချင်းဆိုပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ၏။
၂၇ ထိုအခါ ယေရှုကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်းကို ငါရိုက်သတ်၍ သိုးတို့သည်ကွဲလွင့်ရကြ လိမ့်မည်ဟု ရေးထားသည်နှင့်အညီ၊ ယနေ့ညဥ့်တွင် သင်တို့ရှိသမျှသည် ငါ့ကြောင့်စိတ်ပျက်ကြလိမ့်မည်။
၂၈ သို့သော်လည်းငါသည် ထမြောက်ပြီးမှသင်တို့ရှေ့၊ ဂါလိလဲပြည်သို့သွားမည်ဟု မိန့်တော်မူသော်၊
၂၉ ပေတရုက၊ ဤသူရှိသမျှတို့သည် စိတ်ပျက်ကြသော်လည်း အကျွန်ုပ်သည်စိတ်မပျက်ပါဟု လျှောက်လေ၏။
၃၀ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညဥ့်တွင်ပင် ကြက်သည်နှစ်ကြိမ်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ် လိမ့်မည်ဟု မိန့်တော်မူလျှင်၊
၃၁ ပေတရုက၊ ကိုယ်တော်နှင့်တကွသေရသော်လည်း အကျွန်ုပ်သည် ကိုယ်တော်ကို မငြင်းမပယ်ပါဟု သာ၍ခိုင်ခံ့သောစကားနှင့် လျှောက်ပြန်၏။ ထိုသူအပေါင်းတို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။
၃၂ ထိုအခါ ဂေသရှေမန်အရပ်သို့ရောက်ကြလျှင် ကိုယ်တော်က၊ ငါဆုတောင်းစဉ်တွင် သင်တို့သည် ဤအရပ်၌ ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊
၃၃ ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကို ခေါ်သွား၍ မိန်းမောတွေဝေခြင်း၊ စိတ်ပူပန်ခြင်းသို့ရောက်တော်မူ၏။
၃၄ ထိုအခါ ငါသည်သေလောက်အောင် စိတ်နှလုံးအလွန် ညှိုးခြင်းရှိ၏။ ဤအရပ်၌စောင့်နေကြဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ၍၊
၃၅ ထိုမှ အနည်းငယ် လွန်ပြန်လျှင်၊ မြေပေါ်မှာပြပ်ဝပ်၍၊ အိုအဘခမည်းတော်၊
၃၆ ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ၏။ ဤခွက်ကို အကျွန်ုပ်မှလွှဲတော်မူပါ၊ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟူ၍ ထိုအချိန်နာရီသည် မိမိနှင့်လွန်သွားနိုင်လျှင် လွန်သွားပါမည်အကြောင်း ဆုတောင်းတော်မူပြီးမှ၊
၃၇ ပြန်လာ၍ တပည့်တော်တို့သည် အိပ်ပျော်လျက်နေကြ သည်ကို တွေ့တော်မူလျှင်၊ ရှိမုန်၊ သင်သည်အိပ်ပျော်သလော။ တနာရီခန့်မျှစောင့်နေခြင်းငှါ မစွမ်းနိုင်သလော။
၃၈ စုံစမ်းနှောင့်ရှက်ခြင်းနှင့်ကင်း လွတ်မည်အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကား အားနည်းသူဟု ပေတရုအားမိန့်တော်မူပြီးမှ၊
၃၉ တဖန် သွား၍ ရှေ့မြွက်ဆိုသည်နည်းတူ ဆုတောင်းတော်မူ၏။
၄၀ ထိုနောက် တပည့်တော်တို့ရှိရာသို့ပြန်၍ သူတို့သည် မျက်စိလေးလံသဖြင့် တဖန်အိပ်ပျော်လျက်နေကြသည်ကို တွေ့တော်မူ၏။ သူတို့သည် အဘယ်သို့လျှောက်ရ မည်ကိုမသိကြ။
၄၁ သုံးကြိမ်မြောက်အောင်သူတို့ရှိရာ သို့ပြန်လာလျှင်၊ ယခုအိပ်ပျော်၍ ငြိမ်ဝပ်စွာနေကြလော့။ အမှုလွန်ပြီ။ လူသားကို ဆိုးသောသူတို့လက်သို့ အပ်နှံရသောအချိန်ရောက်လာပြီ။
၄၂ ထကြ။ ငါတို့သည် သွားကြကုန်အံ့။ ငါ့ကိုအပ်နှံသောသူသည် ရောက်လာပြီဟု မိန့်တော်မူ၏။
၄၃ ထိုသို့မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်နှင့်အတူ ယဇ်ပုရော ဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲများစေလွှတ်သော လူအစုအဝေးအပေါင်းတို့သည် ထားနှင့်ဒုတ်များ ကိုကိုင်လျက် ချက်ခြင်းလာကြ၏။
၄၄ ကိုယ်တော်ကိုအပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဘမ်း၍လုံခြုံစွာဆောင်သွားကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း၊
၄၅ သူသည် ရောက်လျှင် ကိုယ်တော်ရင်းသို့ချက်ခြင်းချဉ်းကပ်၍ အရှင်ဘုရား၊ အရှင်ဘုရားဟုဆိုလျက် နမ်းလေ၏။
၄၆ ထိုသူတို့သည် လာ၍ကိုယ်တော်ကို ဆွဲကိုင်ဘမ်းဆီးကြ၏။
၄၇ အနား၌ရပ်နေသောသူတယောက်သည် ထားကိုဆွဲထုတ်ပြီးလျှင်၊ ယဇ်ပုရောဟိတ်မင်း၏ ကျွန်တယောက်ကိုခုတ်သဖြင့် နားရွက်ပြတ်လေ၏။
၄၈ ယေရှုကလည်း သင်တို့သည် ထားပြကိုဘမ်းသကဲ့သို့ ငါ့ကိုဘမ်းအံ့သောငှါ ထားနှင့်ဒုတ်များကိုလက်စွဲလျက် လာကြသည်တကား။
၄၉ ငါသည် ဗိမာန်တော်၌နေ့တိုင်းဆုံးမသြဝါဒပေးလျက် သင်တို့အလယ်၌ရှိနေစဉ်အခါ သင်တို့သည် ငါ့ကိုမဘမ်းမဆီးကြ။ ဤအကြောင်းအရာကား၊
၅၀ ကျမ်းစာပြည့်စုံမည်အကြောင်းတည်းဟု ထိုလူများကိုမိန့်တော်မူ၏။
၅၁ ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကိုစွန့်ပစ်၍ပြေးကြ၏။ လုလင်တယောက်သည် စောင်တထည်ကို သာဝတ်လျက် နောက်တော်သို့လိုက်သည်ဖြစ်၍၊ မင်းလုလင်တို့သည် ထိုသူကိုဘမ်းဆီးကြ၏။
၅၂ သူသည်လည်း စောင်ကိုစွန့်ပစ်၍အဝတ်မရှိဘဲ လုလင်တို့လက်မှထွက်ပြေးလေ၏။
၅၃ ထိုသူတို့သည် ယေရှုကိုယဇ်ပုရောဟိတ်မင်းထံသို့ဆောင်သွားကြ၏။ ထိုမင်းထံ၌ ယဇ်ပုရောဟိတ် အကြီး၊ လူအကြီးအကဲ၊ ကျမ်းပြုဆရာအပေါင်းတို့သည် စည်းဝေးကြ၏။
၅၄ ပေတရုသည်လည်း ယဇ်ပုရောဟိတ် မင်း၏ အိမ်ဦးအတွင်းသို့တိုင်အောင် ကိုယ်တော်နှင့်ဝေးစွာလိုက်ပြီးလျှင်၊ မင်းလုလင်တို့နှင့်အတူထိုင်၍ မီးလှုံလေ၏။
၅၅ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကိုသတ်ရမည်အကြောင်း သက်သေကိုရှာ သော်လည်း မတွေ့ကြ။
၅၆ လူများတို့သည် မမှန်သောသက်သေကိုခံကြသော်လည်း သူတို့၏ သက်သေခံချက် သည်မညီ။
၅၇ အချို့တို့သည်ထ၍၊ ဤသူက၊ လူတို့လက်ဖြင့်လုပ်သော၊
၅၈ ဤဗိမာန်တော်ကို ငါဖြိုဖျက်၍ လူတို့လက်ဖြင့်မလုပ်သော ဗိမာန်တော်တဆူကို တည်ဆောက်မည်ဟုပြောဆိုသည်ကို အကျွန်ုပ်တို့ ကြားရပါပြီဟု သက်သေခံကြ၏။
၅၉ သို့သော်လည်း သူတို့၏သက်သေခံချက်သည်မညီ။
၆၀ ယဇ်ပုရောဟိတ် မင်းသည် အလယ်၌ မတ်တတ်ထ၍၊ သင်သည် တခွန်းမျှပြန်၍မပြောသလော။ ဤသူတို့သည် အဘယ်သို့ သက်သေခံသနည်းဟု ယေရှုကိုမေးလျှင်၊
၆၁ ကိုယ်တော်သည် တခွန်းမျှပြန်ပြောတော်မမူဘဲ တိတ်ဆိတ်စွာနေ၏။ တဖန် ယဇ်ပုရော ဟိတ်မင်းက၊ သင်သည် ခရစ်တော်တည်းဟူသော မင်္ဂလာရှိသောဘုရားသခင်၏ သားတော် မှန်သလောဟု မေးပြန်လျှင်၊
၆၂ ယေရှုက၊ မှန်၏။ နောင်ကာလ၌လူသားသည် တန်ခိုးတော်၏ လက်ျာဘက်၌ ထိုင်လျက်၊ မိုးတိမ်ကိုစီး၍ကြွလာသည်ကို သင်တို့မြင်ရကြလတံ့ဟု မိန့်တော်မူ၏။
၆၃ ထိုအခါ ယဇ်ပုရောဟိတ် မင်းသည် မိမိအဝတ်ကိုဆုတ်လျက် အဘယ်သက်သေကိုလိုသေးသနည်း။
၆၄ ဘုရားကိုလွန်ကျူး၍ပြောသော စကားကို သင်တို့ကြားရပြီ။ အဘယ်သို့ ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင်၊ ကိုယ်တော်သည် သက်သေ ခံထိုက်ကြောင်းကို ထိုသူအပေါင်းတို့သည် စီရင်ကြ၏။
၆၅ ထိုအခါ အချို့တို့သည် ကိုယ်တော်ကို တံထွေးနှင့် ထွေးကြ၏။ မျက်နှာတော်ကို ဖုံးပြီးလျှင် လက်သီးနှင့်ထိုးလျက်၊ ပရောဖက်ပြု၍ဟောတော်မူပါဟု ဆိုကြ၏။ မင်းလုလင်တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်ကြ၏။
၆၆ ပေတရုသည် အောက်မှာအိမ်ဦး၌ရှိစဉ်၊ ယဇ်ပုရောဟိတ်မင်း၏ အစေအပါမိန်းမတယောက်သည် လာ၍၊
၆၇ ပေတရုသည် မီးလှုံလျက်နေသည်ကိုမြင်သောအခါ သူ့ကိုစေ့စေ့ကြည့်၍၊ သင်သည်လည်း နာဇရက် မြို့သားယေရှုနှင့် ပေါင်းဘော်သောသူဖြစ်သည်ဟုဆိုလျှင်၊
၆၈ ပေတရုက၊ သင်ပြောသောအရာကို ငါမသိ၊ နားမလည်ဟု ငြင်းခုန်ပြီးမှ အိမ်ဦးရှေ့သို့ထွက်သော် ကြက်တွန်လေ၏။
၆၉ နောက်တဖန် အစေအပါမိန်းမသည် ပေတရုကိုမြင်လျှင်၊ အနား၌ရပ်နေသောသူတို့အား၊ ဤသူသည် ထိုသူတို့အဝင်ဖြစ်သည်ဟုဆိုသော်၊
၇၀ ပေတရုသည် တဖန်ငြင်းခုန်ပြန်၏။ ထိုနောက် များမကြာအနား၌ရပ်နေသောသူတို့က၊ အကယ်စင်စစ်သင်သည် ထိုသူတို့အဝင်ဖြစ်၏။ သင်သည်ဂါလိလဲလူဖြစ်၏။ သင့်စကားလည်းတူ၏ဟု ပေတရုကိုဆိုကြလျှင်၊
၇၁ ပေတရုက၊ သင်တို့ပြောသောသူကို ငါမသိဟုဓိဋ္ဌာန်ပြု၍ ကြိမ်ဆိုသည်နောက်၊
၇၂ တဖန်ကြက်တွန်လေ၏။ ယေရှုက၊ ကြက်သည်နှစ်ကြိမ်မတွန်မှီသင်သည် သုံးကြိမ်မြောက်အောင်ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသောစကားကို၊ ပေတရုသည် သတိရသဖြင့် ခေါင်းကိုခြုံ၍ငိုကြွေးလေ၏။
၁ နံနက်အချိန်တွင် ယဇ်ပုရောဟိတ်အကြီးတို့သည် မဆိုင်းမလင့်ဘဲ လူအကြီးအကဲ၊ ကျမ်းပြုဆရာ၊ လွှတ်အရာရှိအပေါင်းတို့နှင့် တိုင်ပင်ခြင်းကိုပြု၍၊ ယေရှုကို ချည်နှောင်ပြီးလျှင် ပိလတ်မင်းထံသို့ ဆောင်သွား၍ အပ်လိုက်ကြ၏။
၂ ပိလတ်မင်းက၊ သင်သည်ယုဒရှင်ဘုရင်မှန်သလောဟု ကိုယ်တော်ကိုမေးလျှင်၊ မင်းကြီးမေး သည်အတိုင်းမှန်သည်ဟု မိန့်တော်မူ၏။
၃ ယဇ်ပုရောဟိတ်အကြီးတို့သည် များစွာသောအပြစ်ကိုတင်ကြ၏။
၎ တဖန် ပိလတ်မင်းက၊ သင်သည်တခွန်းကိုမျှပြန်၍မပြောသလော။ သင့်တဘက်၌အဘယ်မျှလောက်သက်သေ ခံကြသည် ကိုကြည့်ပါဟု မေးမြန်းပြောဆိုသော်လည်း၊
၅ စကားတခွန်းကိုမျှပြန်တော်မမူသည်ကို ပိလတ်မင်းသည် အံ့သြလေ၏။
၆ ထိုပွဲ၌ မြို့ဝန်မင်းသည် အကျဉ်းချထားသောသူတို့တွင်၊ လူများတောင်းသောသူတယောက်ယောက် ကိုလွှတ်တတ်၏။
၇ ထိုအခါ ပုန်ကန်၍ လူအသက်ကိုသတ်သောအပြစ်သင့်သော ဗာရဗ္ဗအမည်ရှိသော သူတ ယောက်သည် ပုန်ကန်သောအပေါင်းအဘော်တို့နှင့်တကွ အကျဉ်းခံလျက်ရှိ၏။
၈ လူအပေါင်းတို့သည် မိမိတို့အား ပြုမြဲပြုပါမည်အကြောင်း အော်ဟစ်၍တောင်းပန်သောအခါ၊
၉ ပိလတ်မင်းက၊ သင်တို့သည် ယုဒရှင်ဘုရင်ကို လွှတ်စေချင်သလောဟု ပြန်မေး၏။
၁၀ အဘယ်ကြောင့်ဤသို့မေးသနည်းဟူမူကား၊ ယဇ်ပုရောဟိတ်အကြီးတို့သည် မနာလိုသောစိတ်နှင့် ယေရှုကိုအပ်နှံကြောင်းကိုသိ၏။
၁၁ ပိလတ်မင်းသည် ယေရှုကိုမလွှတ်၊ ဗာရဗ္ဗကိုလွှတ်စေခြင်းငှါ ယဇ်ပုရောဟိတ်အကြီးတို့သည် လူအစုအဝေးကို နှိုးဆော်ကြ၏။
၁၂ တဖန် ပိလတ်မင်းက၊ ယုဒရှင်ဘုရင်ဟု သင်တို့ခေါ်ဝေါ်သောသူကို အဘယ်သို့ပြုရမည်နည်းဟု မေးပြန်သော်၊
၁၃ ထိုသူအပေါင်းတို့က၊ သူ့ကိုလက်ဝါး ကပ်တိုင်မှာ ရိုက်ထားပါဟုဟစ်ကြ၏။
၁၄ ပိလတ်မင်းကလည်း၊ အဘယ်ကြောင့်နည်း၊ အဘယ်အပြစ်ကိုပြုဘိသနည်း ဟုမေးလျှင်၊ ထိုသူကို လက်ဝါးကပ်တိုင်မှာရိုက်ထားပါဟု လူများတို့သည် သာ၍ဟစ်ကြ၏။
၁၅ ပိလတ်မင်းသည်လည်း လူများတို့၏စိတ်ကို ပြေစေခြင်းငှါအလိုရှိ၍၊ ဗာရဗ္ဗကိုသူတို့အား လွှတ်လေ၏။ ယေရှုကိုကား၊ ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာသတ်စေခြင်းငှါ အပ်လိုက် လေ၏။
၁၆ ထိုအခါ စစ်သူရဲတို့သည် ကိုယ်တော်ကို ပြဲတောရိရုံးတည်းဟူသော အိမ်တော်ဦးအတွင်းသို့ ဆောင်သွား၍၊ စစ်သူရဲတတပ်လုံးကို စုရုံးစေပြီးမှ၊ ကိုယ်တော်အား နီမောင်းသောအဝတ်ကို ဝတ်စေ၍၊
၁၇ ဆူးပင်နှင့်ရက်သောဦးရစ်ကို တင်ပြီးလျှင်၊
၁၈ ယုဒရှင်ဘုရင်၊ ကိုယ်တော်သည်မင်္ဂလာရှိစေသတည်းဟု ကောင်းချီး စကားကိုပြောကြ၏။
၁၉ ခေါင်းတော်ကို ကျူလုံးနှင့်ရိုက်ခြင်း၊ တံထွေးနှင့်ထွေးခြင်း၊ ရှေ့တော်မှာဒူးထောက်၍ ပြပ်ဝပ်ခြင်းကိုလည်း ပြုကြ၏။
၂၀ ထိုသို့ကိုယ်တော်ကို ပြက်ယယ်ပြုသည်နောက်၊ နီမောင်းသောအဝတ်ကို ချွတ်၍ အဝတ်တော်ကို ဝတ်ပြန်စေပြီးလျှင်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှါ ထုတ်သွားကြ၏။
၂၁ အာလေ ဇန္ဒြုနှင့် ရုဖု၏အဘ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတယောက်သည်၊ တောရွာမှ လာ၍ လမ်း၌သွားသည်ကို သူတို့သည်တွေ့လျှင်၊ အနိုင်ပြု၍ လက်ဝါးကပ်တိုင်တော်ကိုထမ်းစေကြ၏။
၂၂ ဦးခေါင်း ခွံအရပ်ဟု ဆိုလိုသော ဂေါလဂေါသအရပ်သို့ ကိုယ်တော်ကိုဆောင်သွားပြီးမှ၊
၂၃ မုရန်နှင့်ရောသော စပျစ်ရည်ကို ကိုယ်တော်အား သောက်စိမ့်သောငှါ ပေးလျှင် မခံဘဲနေတော်မူ၏။
၂၄ လက်ဝါးကပ်တိုင်မှာရိုက်ထားပြီးလျှင် အဝတ်တော်ကို စာရေးတံချ၍ အသီးသီးတို့အား ဝေဖန်ကြ၏။
၂၅ ကိုယ်တော်ကိုလက်ဝါးကပ်တိုင်မှာ ရိုက်ကြသောအချိန်ကား၊ နံနက်တချက်တီးအချိန်ဖြစ်သတည်း။
၂၆ အပြစ်ဘော်ပြသော ကမ္ဗည်းလိပ်စာ ချက်ဟူမူကား၊ ယုဒရှင်ဘုရင် ဟုရေးထား သတည်း။
၂၇ ကိုယ်တော်နှင့်တကွ ထားပြနှစ်ယောက်တို့ကို လက်ျာ တော်ဘက်၌တယောက်၊ လက်ဝဲတော်ဘက်တော်၌ တယောက်၊ လက်ဝါးကပ်တိုင်မှာရိုက်ထားကြ၏။
၂၈ ထိုသို့ မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ရောက်သည် ဟုဆိုသော ကျမ်းစာချက်သည်ပြည့်စုံခြင်းသို့ ရောက်သတည်း။
၂၉ လမ်းမှာသွားလာသောသူတို့ကလည်း၊ ဟဲ့၊ ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက် ပြန်သောသူ၊
၃၀ ကိုယ်ကိုကိုယ်ကယ်တင်လော့။ လက်ဝါးကပ်တိုင်မှဆင်းလော့ဟု မိမိတို့ခေါင်းကိုညှိတ်၍ ကဲ့ရဲ့သော စကားနှင့်ပြောဆိုကြ၏။
၃၁ ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့က၊ ဤသူသည် သူတပါးတို့ကို ကယ်တင်တတ်၏။ ကိုယ်ကိုမကယ်တင်နိုင်ပါတကား။
၃၂ ငါတို့မြင်၍ ယုံကြည်စေခြင်းငှါ၊ ဣသရေလရှင် ဘုရင်တည်းဟူသော ခရစ်တော်သည် လက်ဝါးကပ်တိုင်မှ ယခုဆင်းပါလေစေဟု အချင်းချင်းပြက်ယယ် ပြုပြောဆိုကြ၏။ ကိုယ်တော်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူတို့သည်လည်း ကဲ့ရဲ့ပြစ်တင်ကြ၏။
၃၃ မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။
၃၄ သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်းဟု ဆိုလို သတည်း။
၃၅ အနား၌ရပ်သောသူအချို့တို့သည် ကြားလျှင် သူသည်ဧလိယကိုခေါ်သည်ဟု ဆိုကြ၏။
၃၆ လူတယောက်သည် ပြေး၍ ရေမှိုတထွေးကို ပုံးရည်နှင့်ပြည့်စေပြီးလျှင်၊ ကျူလုံးဖျား၌ တတ်၍ ကိုယ်တော်အား သောက်စိမ့်သောငှါ ပေးလျက်၊ ရှိစေတော့။ ဧလိယသည် သူ့ကိုချယူခြင်းငှါ လာမည်မလာမည်ကို ကြည့်ကြ ကုန်အံ့ဟု ဆို၏။
၃၇ ယေရှုသည် ကြီးသောအသံနှင့်ကြွေးကြော်၍ အသက်ချုပ်တော်မူ၏။
၃၈ ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက်စွန်းမှအောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။
၃၉ ထိုသို့ကြွေးကြော်၍ အသက်ချုပ်တော်မူကြောင်းကို ရှေ့တော်၌ရပ်နေသောတပ်မှူးသည်မြင်လျှင်၊ စင်စစ်ဤ သူသည် ဘုရားသခင်၏သားတော်မှန်ပေ၏ဟု ဆို၏။
၄၀ မိန်းမအချို့တို့သည်လည်း ထိုအရပ်၌အဝေးကကြည့်ရှု၍ နေကြ၏။
၄၁ ထိုမိန်းမတို့တွင် ကိုယ်တော်သည် ဂါလိလဲပြည်မှာရှိတော်မူစဉ်၊ နောက်တော်သို့အလုပ်အကျွေး လိုက်သော မာဂဒလမာရိ၊ ယာကုပ်ငယ်နှင့် ယောသေ၏ အမိဖြစ်သောမာရိနှင့် ရှာလုံတို့မှစ၍ နောက်တော်၌ ယေရုရှလင်မြို့သို့ လိုက်လာသောအခြားမိန်းမများလည်း ပါကြသတည်း။
၄၂ ထိုနေ့ကား အဘိတ်နေ့တည်းဟူသော ပရက္ကုနေ့ဖြစ်သောကြောင့် ညအချိန်ရောက်မှ၊
၄၃ အသရေ ရှိသောလွှတ်အရာရှိ၊ အရိမသဲမြို့သား ယောသပ်သည်၊ ဘုရားသခင်၏ နိုင်ငံတော်ကို မြော်လင့်သောသူ ဖြစ်သည်နှင့်၊ ပိလတ်မင်းထံသို့ ရဲရင့်စွာဝင်၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။
၄၄ ယေရှုသည် ယခုပင်သေသည်ကို ပိလတ်မင်းသည် အံ့သြခြင်းရှိသဖြင့် တပ်မှူးကိုခေါ်၍၊ သေသည်ကားကြာပြီလောဟု မေး၏။
၄၅ သေကြောင်းကို တပ်မှူးစကားဖြင့်သိလျှင်၊ အလောင်းတော်ကို ယောသပ်အားပေး၏။
၄၆ ယောသပ်သည် ကိုယ်တော်ကိုချ၍၊ မိမိဝယ်ခဲ့သောပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင်၊ ကျောက်၌ထွင်းသောသင်္ချိုင်းတွင်းထဲမှာထား၍ တွင်း၌ ကျောက်ကို လှိမ့်ထားလေ၏။
၄၇ မာဂဒလမာရိ၊ ယောသေ၏အမိဖြစ်သော မာရိတို့သည် အလောင်းတော် ထားရာအရပ်ကို ကြည့်ရှုကြ၏။