Sunday, 8 November 2015

8-NOVEMBER-2015 (READING)

Sun the 8th:    Psalter IV, Ordinary Time Week 32.
1 Kgs 17:10-16; Ps 146:6-10; Heb 9:24-28; Matt 5:3; Mark 12:38-44

ဓမ္မရာဇဝင် တတိယစောင် အခန်းကြီး ၁၇ (1 Kgs 17:10-16);

၁၀ ဧလိယသည်ထ၍ဇရတ္တမြို့သို့ သွား၏။ မြို့တံခါးသို့ရောက်သောအခါ၊ မုတ်ဆိုးမသည်ထင်းခွေလျက်ရှိ၏။ ဧလိယက၊ ငါသောက်စရာ ရေအနည်းငယ်ကိုခွက်နှင့်ယူခဲ့ပါလော့ဟုဟစ်၍ဆို၏။
၁၁ မိန်းမသည်ရေကိုယူခြင်းငှါသွားစဉ်တွင်၊ တဖန်ဟစ်၍မုန့်တဖဲ့ကိုလည်း သင့်လက်၌ယူခဲ့ပါလော့ဟု ဆိုပြန်လျှင်၊
၁၂ မိန်းမက၊ သင်၏ဘုရားသခင် ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ မုန့်ပြားတပြားမျှမရှိ။ အိုးထဲမှာ မုန့်ညက်တလက်ဆုပ်၊ ဘူး၌ဆီအနည်းငယ်သာရှိ၏။ ကျွန်မနှင့်သားငယ်အဘို့ဖုတ်၍စားလိုသောငှါင်း၊ စား ပြီးမှ သေလိုသောငှါင်း၊ ထင်းစနှစ်ခုကို ယခုခွေပါ၏ဟု ပြန်ပြော၏။
၁၃ ဧလိယကလည်းမစိုးရိမ်နှင့်။ သင်ဆိုသည်အတိုင်း သွား၍ပြုလော့။ သို့ရာတွင် ငါ့အဘို့ မုန့်ပြားငယ်တပြားကို အရင်လုပ်၍ယူခဲ့လော့။ နောက်မှသင်နှင့်သင်၏ သားငယ် အဘို့လုပ်လော့။
၁၄ ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထာဝရဘုရားသည် မြေပေါ် မှာ မိုဃ်းရွာစေတော်မမူမှီတိုင်အောင်၊ အိုး၌ရှိသော မုန့်ညက်မကုန်။ ဘူး၌ရှိသောဆီမလျော့ရဟုမိန့်တော်မူကြောင်းကို ဆင့်ဆို၏။
၁၅ ထိုမုတ်ဆိုးမသည်သွား၍ ဧလိယစကား အတိုင်း ပြုသဖြင့်၊ ဧလိယနှင့်တကွကိုယ်တိုင်မှစ၍၊ အိမ်သားတို့ သည် အင်တန်ကာလပတ်လုံးစားရကြ၏။
၁၆ ထာဝရဘုရားသည် ဧလိယအားဖြင့် မိန့်တော်မူသောစကားအတိုင်း၊ အိုး၌ရှိသောမုန့်ညက်မကုန်၊ ဘူး၌ရှိသောဆီမလျော့။

ဆာလံကျမ်း အခန်းကြီး ၁၄၆ (Ps 146:6-10);

၆ ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် တကွ အရပ်ရပ်၌ ရှိသမျှတို့ကို ဖန်ဆင်းတော် မူ၏၊၊ သစ္စာတော်ကို အစဉ်အမြဲ စောင့်တော်မူ၏၊၊
၇ ညှဉ်းဆဲခြင်းကို ခံရသော သူတို့အား တရားပြတော်မူ၏၊၊ ငတ်မွတ် သောသူတို့ကို ကျွေးမွေးတော်မူ၏၊၊ ထာဝရဘုရားသည် ချုပ်ထားခြင်းကို ခံရသောသူတို့ကို လွှတ်တော်မူ၏၊၊
၈ ထာဝရ ဘုရားသည် မျက်စိကန်းသောသူတို့ကို မြင်စေတော်မူ၏၊၊ ထာဝရဘုရားသည် နှိမ့်ချသောသူတို့ကို ကြွပင့်တော် မူ၏၊ ထာဝရဘုရားသည် ဖြောင့်မတ်သော သူတို့ကို ချစ်တော်မူ၏၊
၉ ထာဝရဘုရားသည် ဧည့်သည်တို့ကို စောင့်မ တော်မူ၍ မုတ်ဆိုးမနှင့် မိဘမရှိသော သူတို့ကို ထောက်မတော်မူ၏၊၊ မတရားသောသူတို့၏ လမ်းကိုကား ကွေ့ကောက်စေတော်မူ၏၊၊
၁၀ အိုဇိအုန်မြို့ သင်၏ ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ကာလအစဉ်အမြဲ ကမ္ဘာအဆက်ဆက် စိုးစံတော်မူလတံ့သတည်း၊၊ ဟာလေလုယ၊၊

ဟေဗြဲသြဝါဒစာ အခန်းကြီး ၉ (Heb 9:24-28);

 ၂၄ ထိုသို့နှင့်အညီ၊ မှန်သောသန့်ရှင်းရာဌာနတို့၏ ပုံဖြစ်သော၊ လူတို့လက်ဖြင့်လုပ်သော သန့်ရှင်းရာဌာန ထဲသို့ ခရစ်တော်သည် မဝင်ဘဲ၊ ငါတို့အတွက်ကြောင့် ယခုဘုရားသခင်၏ ရှေ့တော်၌ ကိုယ်ကိုပြခြင်းငှါ၊ ကောင်ကင် ကိုယ်ထဲသို့ ဝင်တော်မူပြီ။
၂၅ သို့သော်လည်း၊ ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းရာဌာနထဲသို့ သူတပါးအသွေးနှင့် နှစ်တိုင်း အစဉ်ဝင်ရသကဲ့သို့ ခရစ်တော်သည် အဖန်များစွာ ကိုယ်ကို ပူဇော်ရသည်မဟုတ်။
၂၆ ထိုသို့ ပူဇော်ရသည် မှန်လျှင်၊ ကမ္ဘာဦးမှစ၍ အဖန်များစွာ အသေခံတော်မူရ၏။ ယခုမူကား၊ ဤကပ်ကာလ အဆုံး၌ တခါတည်းကိုယ်ကို ပူဇော်သောအားဖြင့် အပြစ်များကိုသုတ်သင်ပယ်ရှင်းခြင်းငှါ ပေါ်ထွန်းတော်မူ၏။
၂၇ လူသည်တခါတည်းသေ၍ ထိုနောက်မှတရားစီရင်တော်မူခြင်းကိုခံရသကဲ့သို့၊
၂၈ ထိုနည်းတူ၊ ခရစ်တော်သည် လူများ အပြစ်တို့ကို ခံခြင်းငှါ တခါ တည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန်ထိုသခင်ကို မြော်လင့်လျက်နေသော သူတို့ကိုကယ်တင်ခြင်းအလိုငှါ၊ အပြစ်နှင့် မဆိုင်ဘဲပေါ်ထွန်းတော်မူလတံ့။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:3);

၃ စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံတော်ဖြစ်၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၂ (Mark 12:38-44);

၃၈ ထိုသို့ဆုံးမသြဝါဒပေးစဉ်တွင် တဖန်မိန့်တော်မူသည်ကား၊ ကျမ်းပြုဆရာတို့ကိုရှောင်ကြလော့။ သူတို့သည် ရှည်သောအင်္ကျီကိုဝတ်လျက် လည်ခြင်းငှါအလိုရှိကြ၏။ ဈေး၌ရိုသေစွာနှုတ်ဆက်ခြင်းကို၎င်း၊
၃၉ ပွဲသဘင်၊ တရား စရပ်တို့၌ မြင့်မြတ်သောနေရာထိုင်ရာကို၎င်း နှစ်သက်ကြ၏။
၄၀ သူတို့သည် မုဆိုးမအိမ်ကို လုယူသိမ်းစား၍ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသောပဌနာစကားကို ရွတ်တတ်ကြ၏။ သူတို့သည် သာ၍ကြီး စွာသောဒဏ်ကို ခံရကြမည်ဟု မိန့်တော်မူ၏။
၄၁ ထိုနောက်ယေရှုသည် ဘဏ္ဍာတိုက်ရှေ့မှာ ထိုင်တော်မူစဉ်တွင်၊ လူများတို့သည် ကြေးငွေကို ဘဏ္ဍာတိုက်ထဲသို့သွင်းချသည်ကို ကြည့်ရှုတော်မူ၏။ ငွေရတတ်သောသူများတို့သည် များစွာသွင်းချကြ၏။
၄၂ ဆင်းရဲသောမုဆိုးမတယောက်သည်လာ၍ တပဲလောက်တန်သောကြေးနီဒင်္ဂါးနှစ်ပြားကိုသွင်းချ၏။
၄၃ ကိုယ်တော် သည် တပည့်တော်တို့ကိုခေါ်၍ ငါအမှန်ဆိုသည်ကား၊ ဘဏ္ဍာတော်တိုက်ထဲသို့သွင်းချသော သူအပေါင်းတို့ထက် ထိုဆင်းရဲသောမုဆိုးမသည် သာ၍သွင်းချေခဲ့ပြီ။
၄၄ အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝ သောစည်းစိမ်ထဲက နှုတ်၍သွင်းချကြ၏။ ထိုမိန်းမမူကား အလွန်ဆင်းရဲလျက်ပင်၊ မိမိအသက် မွေးစရာ ဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ၏။