Tue the 2nd: Feast of Presentation of the Lord.
Presentation of the Lord Readings: Mal 3:1-4; Ps 24:7-10; Heb 2:14-18; Luke 2:22-40
2 Sam 18:9-19:3; Ps 86:1-6; Matt 8:17; Mark 5:21-43
ဓမ္မရာဇဝင်ဒုတိယစောင် အခန်းကြီး ၁၈ (2 Sam 18:9-19:3);
၉ ဒါဝိဒ်၏ ကျွန်တို့သည် အဗရှလုံကိုတွေ့ကြ၏။ သူသည်မြည်းကို စီးလျက်ပင် မြည်းသည် ကြီးသော သပိတ်ပင်အကိုင်းအခက် အောက်သို့ဝင်၍၊ အဗရှလုံ၏ခေါင်းသည် သပိတ်ပင်၌ငြိသဖြင့် မိုဃ်းနှင့်မြေကြီးစပ်ကြားမှာ တွဲလွဲဆွဲလျက် နေ၍၊မြည်းသည် အလိုအလျောက် သွားလေ၏၊
၁၀ မြင်သောသူတစ်ယောက်သည် ယွာဘထံသို့သွား၍၊ သပိတ်ပင်၌ အဗရှလုံဆွဲနေသည်ကို ကျွန်တော်မြင်ခဲ့သည်ဟု ကြားပြောလျှင်၊
၁၁ ယွာဘက၊ သင်သည် မြင်ခဲ့သည်မှန်လျှင် အဘယ်ကြောင့် သူ့ကို ထိုး၍ မြေကြီးပေါ်သို့ မချခဲ့သနည်း၊ ထိုသို့ပြုလျှင် ငွေအကျပ်တစ်ဆယ်နှင့် ခါးစည်းကို ငါပေးပြီဟုပြောဆိုသော်၊
၁၂ ထိုသူက ကျွန်တော်သည် ကိုယ်လက်၌ ငွေအခွက် တင်္စဆယ်ကိုပင် ခံရသော်လည်း ရှင်ဘုရင်၏သားကို မပြုနိုင်ပါ။ အကြောင်းမူကား၊ ကျွန်တော်တို့ကြားသည့်အတိုင်း ရှင်ဘုရင်က၊ ငါ့မျက်နှာကိုထောက်၍ ငါ့သားအဗရှလုံကို စောင်မကြလော့ဟု ကိုယ်တော်နှင့်အဘိရှဲ၊ အိဘ္တဲတို့ကို မှာထားတော်မူပြီ။
၁၃ ကျွန်တော်ပြုမိလျှင် ကိုယ်ကိုလှည့်စား၍ ကိုယ်အသက်ရှုံးပါပြီ။ ရှင်ဘုရင်မသိသော အမှုတစုံတခုမျှမရှိ။ ကိုယ်တော်သည်လည်း ကျွန်တော် တဘက်၌ နေပါလိမ့်မည်ဟုပြောဆိုသော်၊
၁၄ ယွာဘက၊ သင်နှင့်အ တူငါမနေအားဟုဆိုလျက်လှံယဉ်သုံးစင်းကိုကိုင်ယူ၍ သပိတ်ပင်အလယ်၌ အသက်ရှင်လျက်ရှိသော အဗရှလုံး၏နှလုံးကို ထုတ်ချင်းခပ် ထိုးလေ၏။
၁၅ လက်နက်ဆောင် လုလင်တကျိပ် တို့သည်လည်းဝိုင်း၍ အဗရှလုံကို အသေသတ်ကြ၏။
၁၆ ယွာဘသည်လည်း တံပိုးမှုတ်၍ လူတို့ကိုဆီးတားသဖြင့် ဣသရေလလူတို့ကို လိုက်ရာမှ ပြန်လာကြ၏။
၁၇ အဗရှလုံကိုလည်းယူ၍ တော၌နက်သော မြေတွင်းထဲသို့ချပြီးမှ ကျောက်ပုံကြီးကိုပုံထားကြ၏။ ဣသရေလလူအပေါင်းတို့သည် အသီးသီးမိမိတို့အိမ်သို့ ပြေးကြ၏။
၁၈ အဗရှလုံသည် အသက်ရှင်စဉ်အခါ၊ ငါ၏နာမသည်မပျောက်အမြဲတည်မည်အကြောင်း၊ သားမရှိဟုဆိုလျက် ရှင်ဘုရင် ချိုင့်တွင်ကိုယ်အဘို့ ကျောက်တိုင်ကိုစိုက်၍ မိမိနာမဖြင့်သမုတ်သောကြောင့်၊ ယနေ့တိုင်အောင် အဗရှလုံ၏ အောင်တိုင်ဟူ၍ တွင်သတည်း။
၁၉ ထိုအခါ ဇာဒုတ်၏သားအဟိမတ်က၊ ထာဝရဘုရားသည် ရှင်ဘုရင်၏ ရန်သူတို့ကို အပြစ်အလျောက် စီရင်တော်မူကြောင်းကို ကျွန်တော်ပြေး၍သိတင်းကြားလျှောက်ပါရစေဟု အခွင့် တောင်းလျှင်၊
၂၀ ယွာဘက၊ ယနေ့သင်သည်သိတင်းမကြားမလျှောက်ရ။ အခြားသောနေ့၌ ကြားလျှောက် ရမည်။ ရှင်ဘုရင်၏သားတော် သေသောကြောင့်ယနေ့သင်သည်သိတင်းမကြားမလျှောက်ရဟုဆိုပြီးမှ၊
၂၁ ကုရှိအား သင်မြင်သမျှကိုသွား၍ ရှင်ဘုရင်အားကြားလျှောက်လော့ဟုဆိုသည်အတိုင်း၊ ကုရှိသည်ယွာဘ အားဦးညွှတ်၍ ပြေးလေ၏။
၂၂ တဖန်ဇာဒုတ်သားအဟိမတ်က၊ သို့သော်လည်းကျွန်တော်သည် ကုရှိနောက်မှာပြေးပါရစေဟုအခွင့်တောင်း ပြန်လျှင်၊ ယွာဘကငါ့သားဝမ်းမြောက်စရာသိတင်း မဟုတ်သည် ဖြစ်၍ အဘယ်ကြောင့်ပြေးသွားချင်သနည်းဟုဆိုသော်လည်း၊
၂၃ ပြေးပါရစေဟု တဖန်အခွင့်တောင်း သောကြောင့်ပြေးလော့ဟုအခွင့်ပေး၏။ ထိုအခါ အဟိမတ်သည်လွင်ပြင် လမ်း၌ ပြေး၍ ကုရှိကိုလွန်လေ၏။
၂၄ ဒါဝိဒ်သည် မြို့တံခါးနှစ်ထပ်ကြားမှာ ထိုင်၍နေ၏။ ကင်းစောင့်တယောက်သည် မြို့ရိုးတံခါးပေါ်ပြအိုး မိုးအောက်သို့တက်၍ မြော်ကြည့်သဖြင့် လူတယောက်တည်းပြေးလာသည်ကို မြင်သောအခါ၊
၂၅ ရှင်ဘုရင်အား ဟစ်၍လျှောက်လေ၏။ ရှင်ဘုရင်ကလည်း၊ တယောက်တည်းဖြစ်လျှင်သိတင်းပါလိမ့်မည်ဟု အမိန့်ရှိ၏။ ထိုသူသည်ပြေးလာ၍ အနီးသို့ရောက်သောအခါ၊
၂၆ ကင်းစောင့်သည် လည်းအခြားသောသူ ပြေးလာသည် ကိုမြင်၍၊ အခြားသောသူတယောက်တည်းပြေးလာပါသည်ဟု တံခါးသို့လှည့်၍ဟစ်လျှင်၊ ရှင်ဘုရင်ကထိုသူ၌လည်း သိတင်းပါ လိမ့်မည်ဟု အမိန့်ရှိ၏။
၂၇ ကင်းစောင့်ကလည်း၊ ရှေ့လာသောသူ၏ ပြေးခြင်းသည် ဇာဒုတ်သားအဟိမတ် ပြေးခြင်းနှင့်တူသည်ကို ကျွန်တော်ထင်ပါသည်ဟု လျှောက်သော်၊ ရှင်ဘုရင်ကသူသည် လူကောင်းဖြစ်၏။ ကောင်းသောသိတင်းပါလိမ့်မည်ဟု အမိန့်တော်ရှိပြန်၏။
၂၈ အဟိမတ်ကလည်း၊ ချမ်းသာရပါ၏ဟု ဟစ်လျက်ရှင်ဘုရင်ရှေ့ မြေပေါ်မှာပြပ်ဝပ်လျက်၊ အရှင်မင်းကြီးကို ပုန်ကန်သောလူတို့ကို အပ်တော်မူသောကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်းဟု လျှောက်လေ၏။
၂၉ ရှင်ဘုရင်ကလည်း၊ ငါ့သား အဗရှလုံသည်ဘေးလွတ်၏လောဟု မေးတော်မူလျှင် အဟိမတ်က၊ အရှင်မင်းကြီး၏ ကျွန် ယွာဘသည် ကိုယ်တော်ကျွန်ကို စေလွှတ်သောအခါ ရုန်းရင်းခတ်ခြင်းအမှုကိုကျွန်တော်မြင်သော်လည်းသေချာစွာ မသိရပါဟုလျှောက်သော်၊
၃၀ ရှင်ဘုရင်က၊ ဤအနားမှာ ရွှေ့၍နေလော့ဟု မိန့်တော်မူသည်အတိုင်း သူသည်ရွှေ့၍နေ လေ၏။
၃၁ တဖန်ကုရှိရောက်လာ၍ အရှင်မင်းကြီး၊ သိတင်းပါပါ၏။ ကိုယ်တော်ကိုပုန်ကန်သော သူအပေါင်းတို့ကို ထာဝရဘုရားသည်ထိုသူတို့၏အပြစ် ယနေ့စီရင်တော်မူပြီဟုလျှောက်လျှင်၊
၃၂ ရှင်ဘုရင်က၊ ငါ့သားအဗရှလုံ သည် ဘေးလွတ်၏လောဟုမေးတော်မူသော်၊ ကုရှိက အရှင်မင်းကြီး၏ရန်သူများ၊ ကိုယ်တော်ကိုညှင်းဆဲခြင်းငှါ ပုန်ကန်သောသူများအပေါင်းတို့သည် ထိုလုလင်ကဲ့သို့ဖြစ်ကြပါစေသောဟု ပြန်လျှောက်လေ၏။
၃၃ ရှင်ဘုရင်သည် အလွန် ကြင်နာသော စိတ်ရှိသဖြင့် မြို့တံခါးအပေါ်၌ရှိသော တဲသို့တက်၍ တက်စဉ်တွင်၊ အိုငါ့သားအဗရှလုံ၊ ငါ့သား၊ ငါ့သားအဗရှလုံ၊ သင့်ကိုယ်စား ငါမသေပါလေတကား။ အိုအဗရှလုံ၊ ငါ့သား၊ငါ့သားဟုငိုကြွေးလေ၏။
၁ ရှင်ဘုရင်သည် အဗရှလုံကြောင့် ငိုကြွေးမြည်တမ်းတော်မူသည်ဟုယွာဘအားကြားပြောလေ၏။
၂ ထိုနေ့၌အောင်ပွဲသည် လူအပေါင်းတို့တွင် ဝမ်းနည်းစရာအကြောင်းဖြစ်ပြန်၏။ ရှင်ဘုရင်သည် သားတော်ကြောင့် စိတ်ကြင်နာတော်မူသည်ကို လူအပေါင်းတို့သည် ထိုနေ့၌ ကြား၍၊
၃ စစ်တိုက်ရာမှ ပြေးသော သူတို့သည်ရှက်၍ တိတ်ဆိတ်စွာ ပြေးတက်သကဲ့သို့ မြို့ထဲသို့ တိတ်ဆိတ်စွာ ပြေးဝင်ကြ၏။
ဆာလံကျမ်း အခန်းကြီး ၈၆(Ps 86:1-6);
၁ အိုထာဝရဘုရား၊ နားတော်ကိုလှည့်၍ အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ အကျွန်ုပ်သည် ဆင်းရဲငတ်မွတ်ပါ၏။
၂ အကျွန်ုပ်၏ဘုရားသခင်၊ သန့်ရှင်းသူတို့အဝင်ဖြစ်သော အကျွန်ုပ်၏ ဝိညာဉ်ကိုစောင့် မ၍၊ ကိုယ်တော်ကို ကိုးစားသော အကျွန်ုပ်၏ကျွန်ကို ကယ်တင်တော်မူပါ။
၃ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို အစဉ်အော်ဟစ်ပါသည်ဖြစ်၍၊ ကယ်မသနားတော်မူပါ။
၎ အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် တသပါသည် ဖြစ်၍၊ ကိုယ်တော်၏ ကျွန်သည် ဝမ်းမြောက်မည်အကြောင်း ပြုတော်မူပါ။
၅ အိုထာဝရဘုရား၊ ကိုယ်တော်သည် ကောင်းသောသဘော၊ သည်းခံတတ်သော သဘောနှင့် ပြည့်စုံ၍၊ ကိုယ်တော်ကို ပဌာနာပြုသော သူအပေါင်းတို့အား ကရုဏာတော်ကြွယ်ဝပါ၏။
၆ အိုထာဝရဘုရား၊ အကျွန်ုပ်၏ ပဌနာစကားကို နားထောင်တော်မူပါ။ အသနားတော်ခံသော စကားသံကို မှတ်တော်မူပါ။ ဘေးရောက်သည့်ကာလ ကိုယ်တော်ကို ခေါ်ပါမည်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၈ (Matt 8:17);
၁၇ ထိုအကြောင်း အရာမူကား၊ သူသည် အကျွန်ုပ်တို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေသည်ဟု ပရောဖက်ဟေရှာယဟောဘူးသော စကား ပြည့်စုံမည်အကြောင်းဖြစ်သတည်း။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၅ (Mark 5:21-43)
၂၁ ယေရှုသည် ကမ်းတဘက်သို့ကူးပြန်၍ အိုင်နားမှာရှိတော်မူစဉ်၊ များစွာသောလူအပေါင်းတို့သည် အထံတော်၌ စုဝေးကြ၏။
၂၂ ထိုအခါ ယာဣရု အမည်ရှိသော တရားစရပ်မှူးသည် လာ၍ ကိုယ်တော်ကိုမြင်လျှင်၊ ခြေတော်ရင်း၌ ပြပ်ဝပ်လျက်၊ အကျွန်ုပ်၏သမီးငယ်သေလုပါပြီ။
၂၃ သို့သော်လည်း ကိုယ်တော်သည် ကြွ၍ သူ့ကိုကယ်တင်ခြင်းငှါ သူ၏အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်ဟု များစွာတောင်းပန်၏။
၂၄ ကိုယ်တော်သည် သူနှင့်အတူသွား၍ များစွာသောလူအပေါင်းတို့သည် ကိုယ်တော်ကိုခြံရံလျက် ထိခိုက် တိုက်မိကြ၏။
၂၅ ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသောကြောင့်၊
၂၆ များစွာသောဆေးသမားတို့လက်၌ အလွန်ခံရ၍၊ ဥစ္စာရှိသမျှကုန်သော်လည်း သက်သာမရသည်သာမက၊ အနာတိုးသောမိန်းမတယောက်သည်၊
၂၇ ယေရှု၏သိတင်းတော်ကို ကြားသည်ရှိသော်၊
၂၈ ငါသည် အဝတ်တော်ကိုသာတို့လျှင် ချမ်းသာရမည်ဟု ဆိုသည်နှင့်၊ လူအစုအဝေးထဲ၌ နောက်တော်သို့လာ၍ အဝတ်တော်ကို တို့လေ၏။
၂၉ ထိုခဏခြင်းတွင် အသွေးစုဝေးရာ ခမ်းချောက်သည်ဖြစ်၍၊ ထိုရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်ပြီဟု မိမိကိုယ်၌ သိလေ၏။
၃၀ ယေရှုသည် မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ခြင်းသိတော်မူလျှင်၊ လူအစုအဝေး၌ နောက်သို့လှည့်၍၊ ငါ့အဝတ်ကို အဘယ်သူ တို့သနည်းဟု မေးတော်မူ၏။
၃၁ တပည့်တော်တို့က၊ လူအစုအဝေးသည် ကိုယ်တော်အားထိခိုက် ကြသည်ကို မြင်လျက်ပင်၊ ငါ့ကိုအဘယ်သူတို့သနည်းဟု မေးတော်မူပါသည်တကားဟု လျှောက်ကြ သော်လည်း၊
၃၂ ကိုယ်တော်သည် ထိုသို့ပြုသောသူကိုမြင်ခြင်းငှါ ပတ်လည်သို့ကြည်ရှုတော်မူ၏။
၃၃ ထိုမိန်းမသည် ကိုယ်၌ အဘယ်သို့ဖြစ်သည်ကို သိသောကြောင့် ကြောက်ရွံ့တုန်လှုပ်လျက် အထံတော်သို့လာပြီးလျှင်၊ ပြပ်ဝပ်၍ အထိုအကြောင်းရှိသမျှကို အဟုတ်အမှန် ကြားလျှောက်လေ၏။
၃၄ ကိုယ်တော်ကလည်း၊ ငါ့သမီး၊ သင်၏ ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ။ ငြိမ်ဝပ်စွာသွားလော့။ ရောဂါနှိပ်စက်ခြင်းနှင့်ကင်းလွတ်စေဟု မိန့်တော်မူ၏။
၃၅ ထိုသို့မိန့်တော်မူစဉ်တွင် တရားစရပ်မှူးအိမ်မှ လူလာ၍၊ ကိုယ်တော်၏သမီးသေပါပြီ။ အဘယ်ကြောင့် ဆရာကိုနှောင့်ရှက်သေးသနည်း ဟု ဆိုကြ၏။
၃၆ ထိုစကားကို ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တခုသာရှိစေလော့ဟု တရားစရပ်မှူးအား ချက်ခြင်းမိန့်တော်မူ၏။
၃၇ ပေတရု၊ ယာကုပ်၊ ယာကုပ်၏ညီ ယောဟန်မှတပါး အဘယ်သူကိုမျှမလိုက်စေဘဲ၊
၃၈ တရားစရပ်မှူးအိမ်သို့ရောက်၍ အုန်းအုန်း သဲသဲပြုကြသည်ကို၎င်း၊ အလွန်ငိုကြွေးမြည်တမ်းသောသူတို့ကို၎င်း၊ မြင်တော်မူလျှင်၊
၃၉ အတွင်းသို့ဝင်၍ သင်တို့သည် အဘယ်ကြောင့် အုန်းအုန်းသဲသဲပြု၍ ငိုကြွေးကြသနည်း။ သူငယ်သေသည်မဟုတ် အိပ်ပျော်သည် ဟု မိန့်တော်မူသော်၊
၄၀ ထိုသူတို့သည် ပြက်ယယ်ပြုကြ၏။ ထိုသူရှိသမျှတို့ကို ပြင်သို့ထွက်စေပြီးမှ သူငယ်၏ မိဘတို့ကို၎င်း၊ ကိုယ်တော်နှင့် ပါသောသူတို့ကို၎င်း ခေါ်ပြီးလျှင်၊ သူငယ်လျောင်းရာအရပ်သို့ဝင်၍၊
၄၁ သူငယ်၏ လက်ကို ကိုင်တော်မူလျက်၊ တလိသကုမိဟု မိန့်တော်မူ၏။ အနက်ကား၊ မိန်းမငယ် ထလော့ငါဆို၏ဟု ဆိုလိုသတည်း။
၄၂ ထိုခဏခြင်းတွင် မိန်းမငယ်သည်ထ၍လှမ်းသွား၏။ သူသည် တဆယ်နှစ်နှစ်အရွယ်ရှိ၏။ ထိုသူတို့သည် အလွန်မိန်းမောတွေဝေခြင်းသို့ ရောက်ကြ၏။
၄၃ ထိုအမှုအရာကို အဘယ်သူမျှ မသိစေမည် အကြောင်း၊ ထိုသူတို့ကို ကျပ်တည်းစွာပညတ်တော်မူ၍၊ သူ့အား စားစရာပေးလော့ဟု မိန့်တော်မူ၏။