Fri the 26th: Gen 37:3-28; Ps 105:16-21; Matt 21:33-46
ကမ္ဘာဦးကျမ်း အခန်းကြီး ၃၇ (Gen 37:3-28);
၃ ဣသရေလသည် အသက်ကြီးစဉ်အခါ သားယောသပ်ကိုရသောကြောင့်၊ အခြားသော သားပေါင်းတို့ကို ချစ်သည်ထက် ယောသပ်ကို သာ၍ချစ်၏။ အဆင်းအရောင် ထူးခြားသော အင်္ကျီကိုချုပ်၍ပေး၏။
၎ အဘသည် မိမိသားအပေါင်းတို့တွင်၊ ယောသပ်ကိုသာ၍ ချစ်ကြောင်းကို၊ အစ်ကိုတို့သည် သိမြင်သောအခါ၊ သူ့ကိုမုန်း၍၊ မေတ္တာစကားကို သူ့အား မပြော နိုင်ကြ။
၅ ယောသပ်သည် အိပ်မက်ကိုမြင်၍၊ အစ်ကိုတို့အား ပြန်ပြောသဖြင့်၊ သူတို့သည် သာ၍မုန်းကြ၏။
၆ အိပ်မက်ကို အဘယ်သို့ ပြန်ပြောသနည်း ဟူမူကား၊ ကျွန်ုပ်မြင်ရသော အိပ်မက်ကို နားထောင်ကြပါလော့။
၇ ကျွန်ုပ်တို့သည် လယ်၌ကောက်လှိုင်းကိုစည်း၍ နေကြစဉ်တွင်၊ ကျွန်ုပ်ကောက်လှိုင်းသည် ထ၍မတ်တပ်နေ သဖြင့်၊ သင်တို့၏ကောက်လှိုင်းတို့သည် ဝိုင်း၍ရပ်လျက်၊ ကျွန်ုပ်ကောက်လှိုင်းကို ရှိခိုးကြသည်ဟု ပြောဆိုလေ၏။
၈ အစ်ကို တို့ကလည်း၊ သင်သည် ငါတို့၌မင်းပြုရလိမ့်မည်လော၊ ငါတို့ကိုအစိုးရလိမ့်မည် လောဟု ပြန်ဆို၍၊ သူ၏အိပ်မက်နှင့် သူ၏စကားအကြောင်းကြောင့် သာ၍မုန်းကြ၏။
၉ တဖန် အိပ်မက်ကိုမြင်ပြန်၍ အစ်ကိုတို့အား၊ အခြားသောအိပ်မက်ကို ကျွန်ုပ်မြင်ရပြီ။ နေ၊ လနှင့်တကွ၊ ကြယ်ဆယ်တလုံးတို့သည်၊ ကျွန်ုပ်ကို ရှိခိုးကြ၏ဟု ကြားပြောလေ၏။
၁၀ ထိုသို့ အဘနှင့်အစ်ကို တို့အား ကြားပြော သောအခါ အဘက၊ သင်မြင်သောအိပ်မက်သည် အဘယ်သို့နည်း။ ငါနှင့်သင်၏အမိ၊ သင်၏အစ်ကိုတို့သည် သင့်ထံသို့ စင်စစ်လာ၍ ဦးညွှတ်ချရမည်လောဟူ၍၊ သူ့ကိုဆုံးမလေ၏။
၁၁ အစ်ကိုတို့ သည် သူ့ကိုငြူစူကြ၏။ အဘ သည် ထိုအရာကိုမှတ်လေ၏။
၁၂ အစ်ကိုတို့သည် အဘ၏သိုးဆိတ်များကို ရှေခင်မြို့မှာထိန်းခြင်းငှါ သွားကြ၏။
၁၃ ဣသရေလသည် ယောသပ်ကိုခေါ်၍၊ သင်၏အစ်ကိုတို့သည် သိုးဆိတ်များကို ရှေခင်မြို့မှာထိန်းကြသည် မဟုတ်လော။ လာပါ။ သင့်ကိုသူတို့ရှိရာသို့ ငါစေလွှတ်မည်ဟုခေါ်လျှင်၊ ကျွန်ုပ်ရှိပါသည်ဟုဆိုသော်၊
၁၄ အဘက သွားပါ၊ အစ်ကိုတို့သည် ချမ်းသာသလော၊ သိုးဆိတ်တို့လည်း ကောင်းမွန်စွာရှိသလောဟူ၍ ကြည့်ရှုပြီးလျှင် ငါ့အားသိတင်းကြားပြောပါဟု မှာလိုက်လျက်၊ ဟေဗြုန်ချိုင့်မှစေလွှတ်သဖြင့်၊ သူသည် ရှေခင်မြို့သို့ရောက် လေ၏။
၁၅ တော၌လှည့်လည်စဉ်တွင်၊ တစုံတယောက်သောသူနှင့် တွေ့၍၊ ထိုသူက၊ သင်သည် ဘာကိုရှာသနည်းဟု မေးလျှင်၊
၁၆ အစ်ကိုများကိုရှာ၏။ အဘယ်မှာထိန်းကြသည်ကို ပြောပါဟုဆိုသော်၊
၁၇ ထိုသူက၊ ဤအရပ်မှထွက်သွားပြီး။ ဒေါသန်မြို့သို့ သွားကြစို့ဟု သူတို့ပြောသံကို ကျွန်ုပ်ကြားခဲ့ပြီဟုဆို၏။ ယောသပ်သည်လည်း၊ အစ်ကိုတို့ကို လိုက်ရှာ၍ ဒေါသန်မြို့မှာတွေ့လေ၏။
၁၈ အနီးသို့မရောက်မှီ အဝေး၌ရှိစဉ်တွင်၊ အစ်ကိုတို့သည်မြင်လျှင်၊ သတ်ခြင်းငှါတိုင်ပင်လျက်၊
၁၉ ကြည့်လော့။ အိပ်မက်ဆရာလာပြီ။
၂၀ ကိုင်ကြ။ သူ့ကိုသတ်၍ တစုံတခုသောတွင်းထဲသို့ ချပစ်ကြစို့။ ဆိုးသောသားရဲ တစုံတခု ကိုက်စားပြီဟု ပြောကြစို့။ ထိုသို့ပြုလျှင်၊ သူ၏အိပ်မက်တို့သည် အဘယ်သို့ နေရာကျမည်ကို ကြည့်ကြစို့ဟု အချင်း ချင်းပြောဆိုကြ၏။
၂၁ ထိုစကားကို ရုဗင်ကြားလျှင်၊ သူ့ကိုမသတ်ဘဲ နေကြစို့ဟု ဆိုလျက်၊ သူတို့လက်မှ ယောသပ်ကို နှုတ်လေ၏။
၂၂ တဖန် ရုဗင်က၊ သူ၏အသွေးကို မသွန်းကြနှင့်။ ကိုယ်လက်နှင့်မပြုဘဲ၊ တော၌ဤမည်သော တွင်းထဲ သို့ ချကြစို့ဟု သူတို့လက်မှ ယောသပ်ကို နှုတ်ယူ၍၊ အဘ၌တဖန် အပ်မည်အကြံရှိသည်နှင့် ဆိုလေ၏။
၂၃ ယောသပ်သည် အစ်ကိုတို့ထံသို့ ရောက်သောအခါ၊ သူဝတ်သောအင်္ကျီ၊ အဆင်းထူးခြားသော အင်္ကျီကို ချွတ်ပြီးမှ၊
၂၄ သူ့ကို ကိုင်ယူ၍ တွင်းထဲသို့ချကြ၏။ ထိုတွင်း၌ ရေမရှိ၊ သွေ့ခြောက်သော တွင်းဖြစ် သတည်း။
၂၅ ထိုနောက် အစာစားခြင်းငှါ ထိုင်ကြစဉ် မြော်ကြည့်၍၊ ဣရှမေလအမျိုးသား အစုအဝေးသည် ဂိလဒ်ပြည်မှလာ၍ နံ့သာမျိုး၊ ဗာလစံစေး၊ မုရန်စေးများကို ကုလားအုပ်ပေါ်၌ တင်ဆောင်လျက်၊ အဲဂုတ္တုပြည်သို့ ခရီးသွားကြသည်ကို မြင်လျှင်၊
၂၆ ယုဒက ငါတို့သည် ညီကိုသတ်၍သေကြောင်းကို ဖွက်ထားလျှင် အဘယ်ကျေးဇူးရှိသနည်း။
၂၇ ကိုင်ကြ။ ကိုယ်တိုင် မည‡ဉ်းဆဲဘဲ၊ ဣရှမေလလူတို့အား ရောင်းလိုက်ကြစို့။ သူသည် တို့ညီ၊ တို့အမျိုးဖြစ်၏ဟု အစ်ကိုတို့အား ဆိုသည်ရှိသော်၊ ညီအစ်ကိုတို့သည် ဝန်ခံကြ၏။
၂၈ ထိုအခါ မိဒျန်အမျိုးသား ကုန်သည်တို့သည် ခရီးသွားကြစဉ်တွင်၊ အစ်ကိုတို့သည် ယောသပ်ကို တွင်းထဲကဆွဲတင်ပြီးလျင်၊ ငွေအကျပ်နှစ်ဆယ် အဘိုးနှင့် ဣရှမေလလူတို့အား ရောင်း၍၊ ထိုသူတို့သည် ယောသပ်ကို အဲဂုတ္တုပြည်သို့ ဆောင်သွားကြ၏။
ဆာလံကျမ်း အခန်းကြီး ၁၀၅ (Ps 105:16-21);
၁၆ တဖန်တုံ၊ ထိုပြည်၌ မွတ်သိပ်ခြင်းဘေးကို ခေါ်၍၊ အစာအဟာရတည်းဟူသော အထောက်အပင့်ရှိသမျှကို ချိုးဖြတ်တော်မူသောအခါ၊
၁၇ ကျွန်ဖြစ်စေဘို့ အရောင်းခံရသောယောသပ်ကို သူတို့ရှေ့မှာစေလွှတ်တော်မူ၏။
၁၈ သူ့ ကိုခြေချင်းခတ်၍ သံနှင့်ညှင်းဆဲကြသည်။
၁၉ သူ၏စကားမပြည့်စုံမီ တိုင်အောင်၊ ထာဝရဘုရား၏ အမိန့်တော်အတိုင်း စုံစမ်းခြင်းကို ခံရ၏။
၂၀ လူတို့ကိုအစိုးရသော အရှင်တည်းဟူသော ရှင်ဘုရင်သည် စေလွှတ်၍ သူ့ကိုနှုတ်ပြီးမှ ချမ်းသာ ပေးတော်မူ၏။
၂၁ သူသည် မိမိအလိုရှိသည့် အတိုင်းမင်းအရာရှိတို့ကို ချည်နှောင်၍၊ မှူးတော်မတ်တော်တို့ကို ဆုံးမ ပိုင်သော
၂၂ အခွင့်နှင့်နန်းတော်အုပ် ၊ နိုင်ငံတော်အုပ်အရာ၌ ထိုသူကို ခန့်ထားတော်မူ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၁ (Matt 21:33-46)
၃၃ အခြားသောဥပမာကိုနားထောင်ကြလော့။ အိမ်ရှင်တဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုး၍၊ စောင်ရန်းကို လုပ်ပြီးမှ စပျစ်သီးနယ်ရာကျင်းကိုတူးလေ၏။ မှီခိုရာလင့်စင်ကိုလည်း ဆောက်လေ၏။ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှါး၍အခြားသောပြည်သို့သွားလေ၏။
၃၄ အသီးသီးချိန်ရောက်သော အခါ၊ အသီးကိုခံစေခြင်းငှါငယ်သား တို့ကိုဥယျာဉ်စောင့်တို့ရှိရာသို့စေလွှတ်လေ၏။
၃၅ ထိုသူတို့သည် ငယ်သားများကိုဘမ်းပြီးလျှင်တဦးကိုရိုက်၍၊ တဦးကိုသတ်၍၊ တဦးကိုခဲနှင့်ပစ်ကြ၏။
၃၆ နောက်တဖန် အရင်ထက်များသောအခြားငယ်သားတို့ကိုစေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းအတူပြုကြ၏။
၃၇ နောက်ဆုံးဥယျာဉ်ရှင်က၊ ထိုသူတို့သည် ငါ့သားကိုအားနာကြ လိမ့်မည် ဟုဆို၍မိမိသားကို စေလွှတ်လေ၏။
၃၈ ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင်၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ၊ သူကိုသတ်၍သူ၏ အမွေဥစ္စာကို ယူကြကုန်အံ့ဟု အချင်းချင်း တိုင်ပင်၍၊
၃၉ ဥယျာဉ်၏ သားကိုဘမ်းယူပြီးမှ ဥယျာဉ်ပြင်သို့ထုတ်၍ သတ်ပစ်ကြ၏။
၄၀ သို့ဖြစ်လျှင်၊ ဥယျာဉ်ရှင်သည် လာသောအခါ၊ ဥယျာဉ်စောင့်တို့ကို အဘယ် သို့ပြုမည်နည်းဟု မေးတော်မူ၏။
၄၁ ပရိသတ်တို့ကလည်း၊ ထိုလူဆိုးတို့အား ဆိုးသောဖျက်ဆီးခြင်းကို စီရင်ပါလိမ့် မည်။ အသီးသီးချိန်တွင် အသီးကို ဆက်အံ့သောအခြားလူတို့အားထို ဥယျာဉ်ကို ငှါးပါလိမ့်မည်ဟုလျှောက်ကြ၏။
၄၂ ယေရှုကလည်း၊ တိုက်ကိုတည်လုပ်သောသူများပယ်ထားသော ကျောက်သည် နောက်တဖန် တိုက်ထောင့် အထွဋ်ဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည်ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏ ငါတို့မျက်မှောက်၌လည်း အံ့သြဘွယ်ဖြစ်၏ ဟူသောစကားကိုကျမ်း စာ၌သင်တို့သည်တရံတခါမျှ မဘတ်ဘူးသလော။
၄၃ ထိုကြောင့် ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို သင်တို့မှ နှုတ်၍နိုင်ငံတော်၏အသီးကိုသီးအံ့သောလူမျိုးအား ပေးရလတံ့။
၄၄ အကြင်သူသည်ထိုကျောက်အပေါ်သို့ကျ၏၊ ထိုသူသည်ကျိုးလတံ့၊ အကြင်သူ၏ အပေါ်သို့ ထိုကျောက်သည်ကျ၏၊ ထိုသူသည်ညက်ညက်ကြေလတံ့ ဟုမိန့်တော်မူ၏။
၄၅ ထိုဥပမာစကားကို ယဇ်ပုရောဟိတ် အကြီးနှင့် ဖာရိရှဲတို့သည် ကြားရလျှင်၊ မိမိတို့ကိုရည်ဆောင်၍ ဟောပြောတော် မူသည်ကိုသိကြ၏။
၄၆ ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါရှာ ကြံသော်လည်း၊ စုဝေးသောသူများကိုကြောက်ကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ကိုယ်တော်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏။